ဟားမက်အဖွဲ့က အစ္စရေးနိုင်ငံသား ၁၀ ဦးကို လွှတ်ပေးမည်ဟု ကြေညာ

News Image

  • ဟားမက်အဖွဲ့က အစ္စရေးနိုင်ငံသား ၁၀ ဦးကို လွှတ်ပေးမည်ဟု ကြေညာ

ပါလက်စတိုင်းလက်နက်ကိုင် အဖွဲ့ဖြစ်သော ဟားမက်အဖွဲ့သည် အစ္စရေး နှင့် ပဋိပက္ခရပ်စဲရန် ကျယ်ကျယ်ပြန့်ပြန့် သဘောတူညီမှုရရှိရေး လုပ်ငန်းစဉ်ကို အရှိန်မြှင့်တင်ရန်နှင့် မိမိတို့၏ ကောင်းမွန်သော ရည်ရွယ်ချက်ကို ပြသရန်အတွက် အစ္စရေးနိုင်ငံသား ဓားစာခံ ၁၀ ဦးကို လွှတ်ပေးမည်ဟု ဗုဒ္ဓဟူးနေ့ (ဇူလိုင် ၉) တွင် ကြေညာခဲ့သည်။

ဟားမက်အဖွဲ့က ထုတ်ပြန်ချက်တွင် “လက်ရှိ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းမှုများ အောင်မြင်စေရန် အလေးအနက်ထားပြီး တာဝန်ယူမှုရှိစွာ ဆောင်ရွက်မှု၏ အစိတ်အပိုင်းတစ်ခု” အဖြစ် အဆိုပါလုပ်ဆောင်မှုကို ပြုလုပ်ခြင်းဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့ပြင် ဟားမက်အဖွဲ့က “အဓိက ဆွေးနွေးစရာများ ကျန်ရှိနေဆဲဖြစ်ပြီး၊ အထူးသဖြင့် အထောက်အပံ့များ စီးဆင်းရေး၊ ဂါဇာမှ အစ္စရေးတပ်များ ရုပ်သိမ်းရေးနှင့် အပစ်အခတ်အမြဲတမ်းရပ်စဲရေး အာမခံချက်များ ပေးရေး” တို့ကို ထပ်လောင်း တောင်းဆိုခဲ့သည်။ အဆိုပါ တောင်းဆိုချက်များကို အစ္စရေးက ယခင်က ငြင်းဆိုခဲ့ဖူးသည်။

တနင်္ဂနွေနေ့ (ဇူလိုင် ၆) က ကာတာတွင် ပြုလုပ်ခဲ့သော နောက်ဆုံးအဆင့် ညှိနှိုင်းမှုများတွင် အစ္စရေးသည် ဟားမက်အဖွဲ့က တင်ပြခဲ့သည့် မရှင်းလင်းသော အဆိုပြုချက်များကို ပယ်ချခဲ့သည်။ မီဒီယာများ၏ ဖော်ပြချက်အရ ဟားမက်အဖွဲ့သည် အပစ်အခတ်ရပ်စဲမှုသည် အမြဲတမ်း အပစ်အခတ်ရပ်စဲရေးနှင့် ဂါဇာမှ အစ္စရေးတပ်များ ရုပ်သိမ်းရေးကို အာမခံပေးရန် တောင်းဆိုခဲ့သည်။

အစောပိုင်းကာလများက ဟားမက်အဖွဲ့သည် အပစ်အခတ် ယာယီရပ်စဲမှု ၏ အစိတ်အပိုင်းအဖြစ် အစ္စရေးနှင့် အကျဉ်းသားဖလှယ်မှုများ ပြုလုပ်ကာ ဓားစာခံ ၃၀ ခန့်ကို လွှတ်ပေးခဲ့သည်။ သို့သော် မတ်လကုန်ပိုင်းတွင် အစ္စရေးက ဂါဇာတွင် စစ်ဆင်ရေးများ ပြန်လည်စတင်ခဲ့သည့်အခါ ထို သဘောတူညီမှု ပျက်ပြားသွားခဲ့သည်။ လွတ်မြောက်လာသော အကျဉ်းသားများ၏ အခြေအနေနှင့် အကျဉ်းချထားစဉ်က ကြုံတွေ့ခဲ့ရသည်ဟု စွပ်စွဲထားသော ညှဉ်းပန်းနှိပ်စက်မှုများနှင့်ပတ်သက်၍ နှစ်ဖက်စလုံးက တိုင်ကြားမှုများ ရှိခဲ့သည်။

ဟားမက်၏ ထုတ်ပြန်ချက်သည် အစ္စရေးကာကွယ်ရေးဝန်ကြီး အစ္စရေး ကတ်ဇ်က ဂါဇာတစ်ခုလုံးရှိ ပြည်သူများကို ဂါဇာ၏တောင်ပိုင်းရှိ ရာဖာ မြို့ အပျက်အစီးများပေါ်တွင် တည်ဆောက်မည့် “လူသားချင်းစာနာ ထောက်ထားမှုမြို့တော်” (humanitarian city) သို့ ရွှေ့ပြောင်းရန် အစီအစဉ်ကို ကြေညာပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုမြို့ကို အစ္စရေးစစ်တပ်က အဝေးမှ လုံခြုံရေးပေးထားမည်ဖြစ်ပြီး မည်သည့်အဖွဲ့အစည်းများက အုပ်ချုပ်မည်ကို ရှင်းလင်းသည့်ပြောကြားမှု မရှိသော်လည်း နိုင်ငံတကာအဖွဲ့အစည်းများက လုပ်ဆောင်သွားမည်ဟု ဝန်ကြီးက ဆိုသည်။

ကတ်ဇ်က ထိုနေရာတွင် နေထိုင်ရန် စီစဉ်ပေးထားသော ပါလက်စတိုင်း ပြည်သူများအား အခြားနိုင်ငံများသို့ ဆန္ဒအလျောက် ပြောင်းရွှေ့မှု မပြုလျှင် ထွက်ခွာခွင့်မပေးဟု ပြောကြားခဲ့သည်။ လူ့အခွင့်အရေး လှုပ်ရှားသူများက ယင်းအဆိုပြုချက်ကို အကျဉ်းစခန်းတစ်ခုအဖြစ် သတ်မှတ်ဝေဖန် ကာ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇဝတ်မှုအတွက် လမ်းညွှန် စီမံကိန်းတစ်ခုဟု ရှုတ်ချခဲ့ကြသည်။

ကိုးကာ- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂