တိုက်လေယာဉ်များအတွက် အဆင့်မြင့်နည်းပညာဖြစ်မယ့် ပုံသဏ္ဌာန်မှတ်သားသတ္တုစပ်များ
သိပ္ပံပညာရှင်များက ဉာဏ်ရည်တု(AI)ရဲ့ အကူအညီနဲ့ ပုံသဏ္ဌာန်မှတ်သားသတ္တု စပ်များအကြောင်းကို လေ့လာမှုတွေပြုနေပါတယ်။ တကယ်လို့များ ဒီနည်းပညာကိုလက် တွေ့အသုံးပြုနိုင်မယ်ဆိုရင် တိုက် လေယာဉ်များက စွမ်းဆောင်နိုင်စွမ်းနဲ့အတူ စွမ်းဆောင်ရည်လည်းမြင့်မားလာမှာအမှန်ပါပဲ။ ဒီနည်းပညာ ကိုလေ့လာနေတဲ့သူတွေကတော့ အမေရိကန်နိုင်ငံမှပညာရှင်များဖြစ်ပါတယ်။
ပုံသဏ္ဌာန်မှတ်သားသတ္တုစပ်များနည်းပညာကို အသုံးပြုလိုက်ပါက တိုက်လေယာဉ်များရဲ့တောင်ပံများကို ခေါက်ခြင်း၊ ဖြန့်ခြင်းတို့ အလွယ်တကူလုပ်ဆောင်နိုင်စေမှာဖြစ်ပါတယ်။ အီလက်ထရွန် နစ်နည်းအရ အပူပေးခြင်းနဲ့အအေးပေးခြင်းနည်းနဲ့ပါ။
ဒါဆိုရင် အမေရိကန်အနေနဲ့ သူတို့ရဲ့ F/A-18 လိုမျိုးတိုက်လေယာဉ်တွေကို ပြည့်ကျပ်နေတဲ့ လေယာဉ်တင် သင်္ဘောပေါ်တင်ပြီး စစ်ဆင်ရေးလုပ်ငန်းများကိုထမ်းဆောင်နိုင်စေမှာဖြစ်ပါတယ်။
ဒီကနေ့အချိန်အထိ ပုံသဏ္ဌာန်မှတ်သားသတ္တု စပ်များနည်းပညာအတွက် ရင်ဆိုင်နေရတဲ့ပြဿနာကြီး တစ်ခုရှိပါတယ်။ အဲဒီပြဿနာကတော့ ကုန်ကျစရိတ်အလွန်ကြီးမားခြင်းပါပဲ။ ဒါကြောင့် ပညာရှင်များ က AI နဲ့အတူ မြင့်မားတဲ့စမ်းသပ်လေ့လာမှုရလဒ်များကိုပေါင်းစပ်လိုက်ခြင်းအားဖြင့် လိုအပ်တဲ့ ကုန်ကြမ်းပစ္စည်းများကို ရှာဖွေတွေ့ရှိမှု၊ ထုတ်လုပ်မှု စရိတ်ကိုလျှော့ချမှုတို့အတွက် အဆင်ပြေစေမယ်လို့ ဆိုထားပါတယ်။
လက်ရှိအချိန်မှာတော့ ပညာရှင်များအနေနဲ့ အခု ပြောတဲ့နည်းပညာကို အပြည့်အဝအသုံးချနိုင်စွမ်းမရှိသေးပါဘူး။ အဓိကကတော့ ကုန်ကြမ်းပစ္စည်းရွေးချယ်မှုကြောင့်ပါ။ မှန်ကန်တဲ့ကုန်ကြမ်းပစ္စည်းကိုရွေးချယ်နိုင်တယ်ဆိုမှပဲသတ္တုစပ်များကလိုအပ်တဲ့ပုံပန်းသဏ္ဌာန်ကိုအလွယ်တကူပြောင်းလဲနိုင်မှာ ဖြစ်တယ်လို့ ပညာရှင်များကပြောထားပါတယ်။
Ref: IE
ကိုထက်
MWD Web Portal