ယူကရိန်း ထောက်လှမ်းရေးအရာရှိကြီးတစ်ဦးကို လုပ်ကြံ သတ်ဖြတ် ခဲ့သည်ဟု သံသယရှိသူ ရုရှားအေးဂျင့်များကို သတ်ဖြတ်ခဲ့သည်ဟု SBU ပြောကြား

News Image

  • ယူကရိန်း ထောက်လှမ်းရေးအရာရှိကြီးတစ်ဦးကို လုပ်ကြံ သတ်ဖြတ် ခဲ့သည်ဟု သံသယရှိသူ ရုရှားအေးဂျင့်များကို သတ်ဖြတ်ခဲ့သည်ဟု SBU ပြောကြား

ယူကရိန်းလုံခြုံရေးအဖွဲ့အစည်း (SBU) က တနင်္ဂနွေနေ့ (ဇူလိုင် ၁၃) တွင် လွန်ခဲ့သောရက်အနည်းငယ်က မြို့တော် Kyiv တွင် SBU အရာရှိကြီး တစ်ဦးကို ပစ်သတ်ခဲ့သည်ဟု သံသယရှိသူ ရုရှားအထူးအေးဂျင့်များကို သတ်ဖြတ်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အဆိုပါလုပ်ရပ်အတွက် ရုရှား၏ ဖက်ဒရယ်လုံခြုံရေးအဖွဲ့အစည်း (FSB) က တာဝန်ရှိသည်ဟု SBU က ယုံကြည်နေသည်။

SBU အရာရှိ Ivan Voronych သည် ကြာသပတေးနေ့ (ဇူလိုင် ၁၀) နံနက်ပိုင်းတွင် Kyiv ၌ လုပ်ကြံသတ်ဖြတ်ခံခဲ့ရသည်ဟု အာဏာပိုင် များက CNN သို့ ဖော်ပြခဲ့သည်။ SBU ၏ ထုတ်ပြန်ချက်အရ သံသယရှိသူ အမျိုးသားနှင့် အမျိုးသမီးတို့သည် ပစ်ခတ်သတ်ဖြတ်ပြီးနောက် ပုန်းအောင်းနေခဲ့ကြကာ နောက်ပိုင်းတွင် SBU နှင့် အမျိုးသား ရဲတပ်ဖွဲ့ တို့က Kyiv တွင် ၎င်းတို့၏နေရာကို ရှာဖွေတွေ့ရှိခဲ့သည်။ ဝင်ရောက် စီးနင်း ဖမ်းဆီးစဉ် အပြန်အလှန်ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး သံသယရှိသူ နှစ်ဦးစလုံး သေဆုံးခဲ့ကြောင်း ဖော်ပြခဲ့သည်။

SBU သည် ယူကရိန်း၏ အဓိကလုံခြုံရေးဝန်ဆောင်မှုဖြစ်ပြီး ပြည်တွင်း လုံခြုံရေးနှင့် ရုရှားရှိပစ်မှတ်များကို တိုက်ခိုက်ရေးလုပ်ငန်းများအတွက် တာဝန်ယူဆောင်ရွက်လျက်ရှိသည်။ လွန်ခဲ့သောလက ရုရှားလေတပ်အခြေစိုက်စခန်းများကို ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုများကိုလည်း ယင်းအဖွဲ့အစည်းက အဓိကတာဝန်ယူဆောင်ရွက်ခဲ့သည်။

Voronych လုပ်ကြံခံရခြင်းသည် ရုရှားက ယူကရိန်းကို တိုက်ခိုက်မှုများ တိုးမြှင့်လုပ်ဆောင်နေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး လွန်ခဲ့သော သီတင်း ပတ်အတွင်း ပဋိပက္ခ၏ စတုတ္ထနှစ်တွင် အကြီးမားဆုံးနှင့် ဒုတိယ အကြီးမားဆုံး ဒရုန်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်။

ကိုးကား- CNN

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂