ဂါဇာဒေသ၌ အကူအညီရယူရန် ကြိုးပမ်းစဉ် သေဆုံးသူ လူဦးရေ ၈၀၀ နီးပါး ရှိလာဟု ကုလသမဂ္ဂဆို
လွန်ခဲ့သည့် ရက်သတ္တပတ် ၆ ပတ်အတွင်း ပါလက်စတိုင်း ဂါဇာကမ်းမြောင်ဒေသ၌ အကူအညီပစ္စည်း ရယူရန် ကြိုးပမ်းစဉ် သေဆုံးသူ လူဦးရေ ၈၀၀ နီးပါးရှိလာကြောင်း၊ ၎င်းအနက် အများစုသည် အမေရိကန်နှင့် အစ္စရေးပံ့ပိုးပေးသည့် “ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” အကူအညီပစ္စည်း ခွဲဝေပေးရာနေရာ အနီးတစ်ဝိုက်၌ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး (OHCHR) က ဇူလိုင် ၁၁ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဇူလိုင် ၇ ရက်အထိ OHCHR က မှတ်တမ်းတင်မှုအရ လူ ၇၉၈ ဦး သတ်ဖြတ်ခံရပြီး ၎င်းအနက် ၆၁၅ ဦး သည် “ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” အကူအညီပစ္စည်း ခွဲဝေပေးရာနေရာ အနီးတစ်ဝိုက်၌ သေဆုံးခဲ့ခြင်းဖြစ်ကာ အခြား ၁၈၃ ဦးကမူ ကူညီရေးပစ္စည်း ပို့ဆောင်သည့် ကားအဖွဲ့ မောင်းနှင်ရာ လမ်းကြောင်းတစ်လျှောက်၌ သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု သံသယရှိကြောင်း OHCHR ပြောခွင့်ရ ပုဂ္ဂိုလ် Ravina Shamdasani က ထိုနေ့တွင် ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ကျင်းပသည့် သတင်းစာ ရှင်းလင်းပွဲတစ်ခု၌ ပြောကြားခဲ့သည်။ သေဆုံးမှုအများစုသည် သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ဖြစ်သည်ဟု ၎င်းကဆိုသည်။
ဂါဇာဒေသပြည်သူအများစုသည် “သေနတ်အပစ်ခံရင်ခံ၊ မဟုတ်ရင်အငတ်ခံ” ဟူသော ရက်စက်သည့် ရွေးချယ်မှုနှင့် ရင်ဆိုင်နေရကြောင်း၊ အဆိုပါအခြေအနေသည် လက်ခံနိုင်ဖွယ်မရှိသော်လည်း အဆက်မပြတ် ဖြစ်ပွားလျက်ရှိကြောင်း Ravina Shamdasani က အလေးထားပြောကြားခဲ့သည်။
မေ ၂၇ ရက်မှစ၍ “ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” သည် ကုလသမဂ္ဂအဖွဲ့အစည်းကို ဖယ်ရှောင်ကာ ဂါဇာကမ်းမြောင်ဒေသ အကူအညီပစ္စည်းများ ခွဲဝေမှုကို တစ်ဖက်သတ် “လက်လွှဲရယူ” ခဲ့သည်။ အဆိုပါ ပုဂ္ဂလိကအဖွဲ့အစည်း သတ်မှတ်ထားသည့်ပစ္စည်းများ ခွဲဝေရာနေရာ အနီးတစ်ဝိုက်၌ အစ္စရေးစစ်သားများက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် အကူအညီပစ္စည်းရယူသူများ သေဆုံးသည့် ဖြစ်ရပ်များ မကြာခဏ ဖြစ်ပွားခဲ့သည်ဟု မျက်မြင်သက်သေများ ပြောကြားချက်နှင့် ဘက်ပေါင်းစုံ၏ သတင်းများအရ သိရသည်။
အရပ်သားများသည် အစ္စရေးစစ်တပ်အပေါ် ခြိမ်းခြောက်မှုမရှိသည့်တိုင် အစ္စရေးစစ်သားများသည် အမိန့်ကိုလက်ခံရရှိပြီးနောက် အကူအညီပစ္စည်းများရယူရန် စောင့်ဆိုင်းနေသည့် လူအုပ်ထံသို့ အကြိမ်များစွာ “တမင်” သေနတ်ဖြင့်ပစ်ခဲ့ကြောင်း အစ္စရေး “Haaretz” သတင်းစာက ဇွန် ၂၇ ရက်တွင် အမည်မဖော်ပြလိုသည့် အစ္စရေးစစ်သားများစွာ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းဖော်ပြခဲ့ သည်။ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၊ ကာကွယ်ရေးတပ်ဖွဲ့ စသည်တို့က သက်ဆိုင်ရာစွပ်စွဲချက် များကို ငြင်းဆိုခဲ့သည်။
“ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” သည် အကူအညီပစ္စည်းများ ခွဲဝေပေးရာနေရာကို အစ္စရေး စစ်တပ် လှုပ်ရှားသည့်ဒေသအတွင်း သတ်မှတ်ထားကြောင်း၊ ကုလသမဂ္ဂဘက်က အဆိုပါကူညီမှုပုံစံ သည် စီစဉ်ရေးဆွဲမှုအနေအထားကပင် လုံခြုံမှုမရှိသည့်အပြင် လူသားချင်းစာနာမှုအကူအညီ၏ ကြားနေသည့် အခြေခံမူကို ချိုးဖောက်နေကြောင်း အကြိမ်များစွာ ဝေဖန်ခဲ့ဖူးကြောင်း မီဒီယာများက သတင်းဖော်ပြကြသည်။
“ဂါဇာ လူသားချင်းစာနာမှု ဖောင်ဒေးရှင်း” လည်ပတ်မှု ချက်ချင်းရပ်တန့်ရန် နိုင်ငံတကာ ပရဟိတ အဖွဲ့အစည်းနှင့် လူသားချင်းစာနာမှုအဖွဲ့ပေါင်း ၁၆၅ ဖွဲ့ကျော်က ဇူလိုင် ၁ ရက်တွင် ပူးတွဲ ကြေညာချက် ထုတ်ပြန်၍ တောင်းဆိုခဲ့ပြီး အဆိုပါအဖွဲ့အစည်းသည် အကူအညီပေးသည့်ခေါင်းစဉ်ဖြင့် ရုန်းရင်း ဆန်ခတ်ဖြစ်မှုနှင့် အကြမ်းဖက်မှုများအား ပြုလုပ်နေသဖြင့် ရာနှင့်ချီသော အပြစ်မဲ့အရပ်သား ပြည်သူ များ ထိခိုက်သေဆုံးရကြောင်း ပြောဆိုခဲ့ကြသည်။
ကိုးကား- ဆင်ဟွာ