ကာဗွန်ဒိုင်အောက်ဆိုက်မှ အစားအစာသို့ပြောင်းလဲပေးနိုင်မယ့် နည်းပညာအသစ်
ဝန်းကျင်လေထုညစ်ညမ်းမှုကိုဖြစ်စေတဲ့ အခြေခံအကျဆုံးအကြောင်းရင်းက ကာဗွန်ဒိုင်အောက်ဆိုက်တွေကြောင့်ပါပဲ။ ကာဗွန်ဒိုင်အောက်ဆိုက်ဆိုတာ လူတွေရဲ့လုပ်ဆောင်မှုကြောင့် အများဆုံး ထွက်ပေါ်လာရတဲ့ ဓာတ်ငွေ့ဖြစ်ပါတယ်။ ဒီဓာတ်ငွေ့ကမကောင်းမှန်း သိသလို သူ့ကိုစုပ်ယူကာအခြားနည်းနဲ့ ပြန်အသုံးပြုနိုင်ဖို့အတွက် ပညာရှင်များက နည်းလမ်းများစွာကို တီထွင်ကြံဆလာပါတယ်။ အဲဒီပညာရှင်တွေထဲမှာ တရုတ်နိုင်ငံမှ သိပ္ပံပညာရှင်များလည်း အပါအဝင်ဖြစ်ပါတယ်။
တရုတ်သိပ္ပံပညာရှင်များက လေထုထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကိုရယူပြီး လူတွေအတွက် အသုံးဝင်မယ့် စားသောက်ကုန်တစ်မျိုးကိုဖန်တီးပေးနိုင်မယ့် နည်းလမ်းတစ်မျိုးကို တီထွင်လိုက်တာဖြစ်ပါတယ်။ အဲဒီနည်းလမ်းအရထွက်ပေါ်လာမယ့် စားသောက်ကုန်ကတော့ သကြားအဖြူဖြစ်ပါတယ်။ အဲဒီလိုမျိုး သကြားထုတ်လုပ်မှုမှာ စိုက်ပျိုးမြေများ၊ စိုက်ပျိုးရေး ထွက်ကုန်များကို အသုံးပြုထားခြင်းမရှိပါဘူး။ ဒီနည်းလမ်းက နောင်တစ်ချိန်မှာ လေထုထဲမှကာဗွန်ဓာတ်ငွေ့များကိုစုပ်ယူနိုင်စေဖို့ အကူအညီဖြစ်စေမယ်လို့လည်း ပညာရှင်များကပြောပါတယ်။
ပညာရှင်များဖန်တီးလိုက်တဲ့ အခုနည်းလမ်းက စက်မှုလုပ်ငန်းတွေကနေထွက်ပေါ်လာတဲ့ စွန့်ပစ်ပစ္စည်း တစ်မျိုးဖြစ်တဲ့ မက်သနောကိုသကြားအဖြစ်သို့ပြောင်းလဲပေးဖို့အတွက် အင်ဇိုင်းများကိုအသုံးပြုခြင်း ဒါမှမဟုတ် ကာဗွန်ဒိုင်အောက်ဆိုက်တွေကိုဓာတုဗေဒနည်းအရပြုပြင်ခြင်းအားဖြင့် သကြားများကို ထွက်ပေါ်စေဖို့လုပ်ဆောင်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။
ဒီနည်းလမ်းကနေထုတ်လုပ်ပေးနိုင်မယ့်အရာက သကြားသာမကပါဘူး။ ကစီဓာတ်ကဲ့သို့ တခြားအရေးကြီးတဲ့စားသောက်ကုန်များကိုထုတ်လုပ်နိုင်စေဖို့အတွက်လည်းလိုအပ်တဲ့ချိန်ညှိမှုတွေကို လုပ်ဆောင်နိုင်မယ်လို့ ပညာရှင်များကဆိုပါတယ်။
အခုနည်းလမ်းက စားနပ်ရိက္ခာဖူလုံရေးအတွက်လည်း သိပ်ကိုအရေးကြီးတဲ့နည်းလမ်းတစ်ခုအဖြစ် သတ်မှတ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သမားရိုးကျစိုက်ပျိုးရေးနည်းလမ်းတွေမလိုအပ်ဘဲ ဓာတုပစ္စည်းတွေကနေတစ်ဆင့် ဘေးကင်းစိတ်ချရမှုရှိတဲ့ စားသောက်ကုန်များကို ထုတ်လုပ်နိုင်မယ့်အတွက်ကြောင့်ပဲဖြစ်တယ်လို့ ပညာရှင်များကပြောထားပါတယ်။
Ref: IE
ကိုထက်
MWD Web Portal