သမိုင်းမှတ်တိုင်အသစ် စိုက်ထူလိုက်နိုင်တဲ့ တရုတ်ရဲ့ ကမ္ဘာပတ်လမ်းထဲမှာလောင်စာဖြည့်မှု

News Image

  • သမိုင်းမှတ်တိုင်အသစ် စိုက်ထူလိုက်နိုင်တဲ့ တရုတ်ရဲ့ ကမ္ဘာပတ်လမ်းထဲမှာလောင်စာဖြည့်မှု

မိမိတို့ရဲ့ ကမ္ဘာပတ်လမ်းအတွင်းသွားလာနေတဲ့ဂြိုဟ်တုများအတွက်သာမက လူလိုက်ပါတဲ့ အာကာသခရီးစဉ်များအတွက် လောင်စာပြန်လည်ဖြည့်တင်းမှုနည်းပညာဆိုတာ အလွန်အရေးပါတဲ့နည်းပညာ ဖြစ်လာပါတယ်။ လက်ရှိအခြေအနေမှာဆိုရင် လူလိုက်ပါတဲ့ဒုံးပျံတွေဟာ သူတို့ရဲ့လောင်စာတွေကို ပတ်လမ်းအတွင်းရောက်ရှိဖို့အတွက်သာ အသုံးပြုနေရတာပါ။ ပတ်လမ်းအတွင်းရောက်သွားပြီဆိုရင် ကျန်ရှိတဲ့အာကာသယာဉ်က နေရောင်ခြည်စွမ်းအင်ကိုအသုံးပြုခြင်းဖြင့်ဖြစ်စေ အာကာသခရီးကို ဆက်လက်လျှောက်လှမ်းရတာဖြစ်ပါတယ်။ တကယ်လို့များ  လောင်စာပြန်လည်ဖြည့်တင်းခြင်းနည်းပညာက အဆင့်မြင့်လာပြီး လက်တွေ့အသုံးဝင်လာတယ်ဆိုရင် အဲဒီဒုံးပျံတွေအနေနဲ့ ကျယ်ပြောနက်ရှိုင်းလှတဲ့ အာကာသခရီးကိုဆက်သွားနိုင်မှာဖြစ်ပါတယ်။

ဒါကြောင့်ပဲ တရုတ်သိပ္ပံပညာရှင်များက အာကာသအတွင်း လောင်စာပြန်လည်ဖြည့်တင်းခြင်း နည်းပညာကိုအဆင့်မြှင့်တင်မှုတွေလုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ ဒါ့အပြင် လက်တွေ့ဆောင်ရွက်မှုကိုလည်း အောင်မြင်စွာလုပ်ဆောင်နိုင်ခဲ့တာတွေ့ရပါတယ်။ ဒါဟာ တရုတ်နိုင်ငံအတွက်သာမက အာကာသနဲ့ပတ်သက်တဲ့သမိုင်းကြောင်းမှာလည်း မှတ်တိုင်အသစ်တစ်ခုကို စိုက်ထူလိုက်နိုင်တာဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီလိုမျိုးလက်တွေ့လုပ်ဆောင်မှုကို ဘယ်နိုင်ငံကမှလုပ်ဆောင် နိုင်ခြင်းမရှိသေးတာကြောင့်ပါပဲ။

ကမ္ဘာပတ်လမ်းအတွင်း လောင်စာပြန်လည်ဖြည့် တင်းခြင်းလုပ်ငန်းအတွက် တရုတ်နိုင်ငံရဲ့ Shijian-21 နဲ့ Shijian-25 ဂြိုဟ်တုများက ဇူလိုင်လ ၂ ရက်ကနေ ဇူလိုင်လ ၆ ရက်အတွင်း အတူပူးကပ်နေတာတွေ့ရတယ်လို့ စောင့်ကြည့်လေ့လာသူများကထုတ်ပြန်ထားပါတယ်။ ဂြိုဟ်တုနှစ်စင်းအတူရှိနေတဲ့ အချိန်အတိုင်းအတာကိုဆန်းစစ်ကြည့်တဲ့အခါ အဲဒီဂြိုဟ်တုနှစ်စင်းဟာ တစ်ခုနဲ့တစ်ခုချိတ် ဆက်နေတယ်လို့ဆိုနိုင်ပါတယ်။

အဲဒီဂြိုဟ်တုနှစ်စင်းဟာ တစ်စင်းနဲ့တစ်စင်းပူးကပ်ပြီး ကမ္ဘာပတ်လမ်းအတွင်းလောင်စာဖြည့်တင်းခြင်းလုပ်ငန်းလုပ်ဆောင်တဲ့အခါ အီကွေတာအထက် မိုင်ပေါင်း ၂၂၂၃၆ မိုင်အကွာမှာရောက်ရှိနေတာဖြစ်ပါတယ်။ တရုတ်နိုင်ငံက Shijian-21 ဂြိုဟ်တုကို ၂၀၂၁ ခုနှစ်ကတည်းက လွှတ်တင်ထားတာဖြစ်ပြီး Shijian-25 ဂြိုဟ်တုကိုတော့ ၂၀၂၅ ခုနှစ်အစောပိုင်းမှသာလွှတ်တင်လိုက်တာဖြစ်ပါတယ်။ သူ့ကိုလွှတ်တင်ရတဲ့အဓိကရည်ရွယ်ချက်က အခုလိုမျိုးလောင်စာပြန်လည်ဖြည့်တင်းရေးလုပ်ငန်းအတွက်ဖြစ်ပါတယ်။

၂၀၂၂ ခုနှစ်အတွင်းက Shijian-21 ဂြိုဟ်တုဟာ ရှုပ်ထွေးလှတဲ့အာကာသလုပ်ငန်းတစ်ခုမှာပါဝင်ခဲ့တာတွေ့ရပါတယ်။ အဲဒီလုပ်ငန်းကတော့ပျက်စီးနေတဲ့တရုတ်လမ်းညွှန်ဂြိုဟ်တုကို အဝေးတစ်နေရာသို့ ပို့ဆောင်ပေးရမှုဖြစ်ပါတယ်။ Shijian-21 က အဲဒီ ဂြိုဟ်တုကို သတ်မှတ်နေရာအထိတွန်းသွားပြီး လုပ်ငန်းကိုအောင်မြင်စွာအဆုံးသတ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့အဲဒီအစီအစဉ်မှာ Shijian-21 က သူ့ရဲ့လောင်စာတွေကိုတော်တော်များများသုံးလိုက်ရပါတယ်။

ဒါကြောင့် ဒီနှစ်မှာ Shijian-25 ကိုလွှတ်တင်ပြီး အာကာသပတ်လမ်းအတွင်း လောင်စာပြန်လည် ဖြည့်တင်းခြင်းကိုဆောင်ရွက်ခဲ့တာပါ။  အခုလိုအောင်မြင်မှုရတဲ့အတွက် ဂြိုဟ်တုများရဲ့သက်တမ်းကိုပိုပြီး ရှည်စေရုံသာမကဘဲ ကုန်ကျစရိတ်ကိုလည်းလျော့ကျစေမယ်လို့ဆိုပါတယ်။            

Ref: IE

ကိုထက်

MWD Web Portal