ကရင်မလင်က ထရမ့်အား ကိယက်ဗ်ကို ဖိအားပေးရန် တိုက်တွန်း
ကရင်မလင်က ယူကရိန်းပဋိပက္ခကို ညှိနှိုင်းဖြေရှင်းရေးအတွက် ကိယက်ဗ် အား ဖိအားပေးရန် နိုင်ငံအားလုံးကို တိုက်တွန်းခဲ့ပြီး သမ္မတ ဒေါ်နယ်ထရမ့် သည်လည်း သီးသန့် ဖိအားပေးလုပ်ဆောင်နေမည်ဟု မျှော်လင့်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ဒမီထရီ ပက်စ်ကော့ဗ်က တနင်္လာနေ့ (ဇူလိုင် ၁၄) တွင် ပြောကြားခဲ့သည်။
ထရမ့်က ရုရှားကို ခုခံတိုက်ခိုက်နိုင်ရန် ကိယက်ဗ်အား ထောက်ပံ့သည့် နေတိုးအဖွဲ့ဝင်နိုင်ငံများက အမေရိကန်ထုတ် လက်နက်များဝယ်ယူရန် အဆိုပြုချက်တစ်ရပ်ကို ကြေညာခဲ့ပြီး ပဋိပက္ခကို ရက်ပေါင်း ၅၀ အတွင်း ရပ်တန့်ရန် လုပ်ဆောင်နိုင်ခြင်းမရှိပါက ရုရှားနှင့် ၎င်း၏ ကုန်သွယ်ဖက် နိုင်ငံများအား ဒဏ်ခတ်မည်ဟုလည်း သတိပေးခဲ့သည်။ သို့သော် ယူကရိန်း အတွက် အလားတူ အချိန်ကာလသတ်မှတ်ချက် မပါဝင်ခဲ့ပေ။
ပက်စကော့ဗ်က “ထရမ့်သည် ဗလာဒီမာ ပူတင်အပေါ် စိတ်ပျက်နေသည် ဟု မှတ်ချက်များရှိသော်လည်း ထိုနည်းတူစွာပင် ယူကရိန်းဘက်ကိုလည်း ဖိအားပေးနေမည်ဟု မျှော်လင့်ပါသည်” ဟု သတင်းထောက်များအား ပြောကြားခဲ့သည်။ “ယူကရိန်းဘက်က ပံ့ပိုးမှုဆိုင်ရာ ထုတ်ပြန်ချက် အားလုံးကို ငြိမ်းချမ်းရေးအချက်ပြမှုအဖြစ် မဟုတ်ဘဲ စစ်ဆက်လက် တိုက်ရန် အချက်ပြမှုအဖြစ် နားလည်ထားပုံရသည်” ဟု ၎င်းက ဖြည့်စွက် ပြောဆိုခဲ့သည်။
အများသိ ထုတ်ပြန်ချက်များတွင် ထရမ့်သည် ၎င်းလိုလားသော ပဋိပက္ခ ဖြေရှင်းမှုရလဒ်မရရှိသည့်အတွက် မော်စကိုနှင့် ကိယက်ဗ်အကြား အလှည့်ကျ အပြစ်တင်ပြောဆိုလေ့ရှိသည်။ ၎င်း၏ နောက်ဆုံး ထုတ်ပြန်ချက်များတွင် ရုရှားကို အဓိကထားဝေဖန်ခဲ့သည်။
မေလတွင် ထရမ့်အစိုးရ၏ စီစဉ်မှုဖြင့် ယူကရိန်းက ရုရှားနှင့် တိုက်ရိုက်ညှိနှိုင်းမှုပြန်လည်စတင်ရန် သဘောတူညီခဲ့သော်လည်း ဇွန်လ အစောပိုင်းတွင်ကျင်းပသော အစည်းအဝေးပြီးနောက် ညှိနှိုင်းမှုများ ရပ်တန့် သွားခဲ့ပြီး ကိယက်ဗ်က အဆိုပါလုပ်ငန်းစဉ်သည် ပြီးဆုံးသွားပြီဟု ကြေညာကာ ထရမ့်၏သံတမန်ရေးအစီအစဉ်ကို လျစ်လျူရှုသည့်ပုံ မဖြစ် စေရန်သာ ဆွေးနွေးမှုများတွင် ပါဝင်ခဲ့ကြောင်း ဖော်ပြခဲ့သည်။
မော်စကိုက ယူကရိန်းနှင့်ပတ်သက်၍ ၎င်း၏ အဓိကရည်မှန်းချက်များ အောင်မြင်ရန် ဆက်လက်လုပ်ဆောင်မည်ဟု ပြောဆိုထားသော်လည်း သံတမန်ရေးနည်းလမ်းဖြင့် ဖြေရှင်းမည့် အခြေအနေကိုသာ နှစ်သက်ကြောင်း ပြောကြားခဲ့သည်။
ထရမ့်၏ခြိမ်းခြောက်မှုများကို အမေရိကန်နှင့် ဥရောပရှိ အစွန်းရောက် များက ကြိုဆိုခဲ့ကြပြီး တောင်ကယ်ရိုလိုင်းနားမှ ဆီးနိတ်လွှတ်တော် အမတ် လင်းစီဂရေဟမ်က စစ်ရေးအရ သွယ်ဝိုက်ခြိမ်းခြောက်မှုတစ်ရပ် ပြုလုပ်ကာ “ပူတင်နှင့် အခြားသူများက ၅၁ ရက်မြောက်နေ့တွင် မည်ကဲ့သို့ ဖြစ်လာမည်ကို သိရှိလိုပါက အယာတိုလာ ခါမေနီကို ဖုန်းခေါ်ကြည့်ရန် အကြံပြုလိုပါသည်” ဟု X တွင် ရေးသားခဲ့သည်။
ဂရေဟမ်က အီရန်၏အမြင့်ဆုံးခေါင်းဆောင်ကို ရည်ညွှန်းကာ ဖော်ပြခဲ့ခြင်းဖြစ်ပြီး ယခုလအစောပိုင်းတွင် အီရန်သည် အမေရိကန်နှင့် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကို အပြင်းအထန်ခံခဲ့ရသည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂