သမားရိုးကျနည်းလမ်းနဲ့ ကွဲထွက်နေတဲ့ အာကာသယာဉ် လွှတ်တင်မှု နည်းပညာအသစ်
ဒုံးပျံတစ်စင်းမှာ အာကာသယာဉ်ကို တင်ဆောင်ပြီး ဂြိုဟ်တုတွေ လွှတ်တင်တယ်ဆိုတာ သိပ်ကို ကုန်ကျစရိတ်များပါတယ်။ ဒီအချိန်မှာ နည်းပညာ ကုမ္ပဏီတော်တော်များများက အာကာသယာဉ်များကို သမားရိုးကျနည်း အတိုင်းမဟုတ်ဘဲ ဒုံးပျံမလိုဘဲလွှတ်တင် လို့ရမယ့်နည်းလမ်းများစွာကို ရှာဖွေဖော် ထုတ်လာကြပါတယ်။
ဥပမာအားဖြင့်ပြောရရင် Spin Launch ဆိုတဲ့ကုမ္ပဏီက ကြီးမားတဲ့စက်ဒလက်တွေကိုအသုံးပြုပြီး ဂြိုဟ်တုတွေကိုလွှတ် တင်ဖို့ရည်မှန်းထားပါတယ်။ နောက်ထပ် ကုမ္ပဏီဖြစ်တဲ့ Green Launch ကလည်း အာကာသ အမြောက်လို့ အမည်ပေးနိုင်တဲ့ နည်းပညာကို အသုံးပြုပြီး ဂြိုဟ်တုတွေကို လွှတ်တင်ဖို့ စဉ်းစားနေတာ တွေ့ရပါတယ်။
အခုနောက်ဆုံးအနေနဲ့ အမေရိကန်နိုင်ငံမှ Auriga Space ဆိုတဲ့ကုမ္ပဏီက အာကာသယာဉ်လွှတ်တင်ရေး လမ်းကြောင်းတစ်ခုကို တည်ဆောက်ဖို့အတွက် ကြံစည်နေပါတယ်။
Auriga Space ရဲ့နည်းပညာက အခု လက်ရှိမှာလည်း မီးရထားသံလမ်းတွေမှာ အသုံးပြုနေတဲ့ နည်းပညာတစ်မျိုးဖြစ်ပါတယ်။ အဲဒါကတော့ အားကောင်းလှတဲ့ သံလိုက်များကို လျှပ်စစ်စွမ်းအင်နဲ့ပေါင်းပြီး အသုံးပြုမယ့် နည်းပညာဖြစ်ပါတယ်။ အဲဒီသံလိုက်များက အာကာသယာဉ်ကို အသံထက် ၆ ဆမြန်တဲ့နှုန်းအထိအရှိန် တင်ပေးကာ အာကာသထဲ ပစ်လွှတ်လိုက်မှာဖြစ်ပါတယ်။ ဒီနည်းပညာကိုအကောင် အထည်ဖော်နိုင်ဖို့အတွက် Auriga Space ကုမ္ပဏီက အမေရိကန်ဒေါ်လာခြောက်သန်းကို မကြာသေးခင်ကပဲ ထပ်မံရင်းနှီး မြှုပ်နှံလိုက်ပါတယ်။
အာကာသထဲကိုသွားမယ့် အရာတစ်ခုက ကြီးမားလေးလံနေတယ်ဆိုရင် သူ့ကို လွှတ်တင်ဖို့အတွက် စွမ်းအင်ပမာဏများစွာ လိုအပ်မှာပါ။ Auriga Space ကတော့ ဘယ်လိုပင်ကြီးမားလေးလံတဲ့ အရာဖြစ်နေပါစေ သံလိုက်စွမ်းအားကို အသုံးပြုပြီး အာကာသထဲ ရောက်အောင် ပစ်လွှတ်နိုင်မှာဖြစ်ပါတယ်။
သူ့ရဲ့ဒုံးပျံယာဉ်လွှတ်တင်ရေးလမ်းက မတ်စောက်ပါတယ်။ မတ်စောက်ပေမယ့်လည်း သံလိုက်စွမ်းအားကပြင်းလွန်းတာကြောင့် အာကာသယာဉ်ကိုအရှိန်မြင့်မား စေပါတယ်။ အာကာသယာဉ်အနေနဲ့လုပ်ဆောင်ရမယ့် အရာတစ်ခုက နောက်ဆုံး အဆင့်ရောက်မှသာ သူ့ရဲ့အင်ဂျင်ကိုနှိုးပြီး အာကာသထဲခရီးဆက်သွားရမှာဖြစ်ပါတယ်။
ဒုံးပျံအသုံးပြုပြီး အာကာသယာဉ်ကို လွှတ်တင်ခြင်းမှာ အဲဒီဒုံးပျံတစ်ခုလုံးရဲ့ ၂ ရာခိုင်နှုန်းလောက်ကသာ အာကာသထဲ ကိုရောက်သွားတာပါ။ ဒါကြောင့် ကုန်ကျ စရိတ်ကိုချွေတာနိုင်ဖို့နဲ့ ပိုမိုထိရောက်မှု ရှိစေဖို့အပြင် အကြိမ်ကြိမ်ပြန်သုံးနိုင်တဲ့ အာကာသယာဉ် လွှတ်တင်ရေးကိရိယာ တစ်ခုကိုဖန်တီးဖို့ စိတ်ကူးရရှိခဲ့တာဖြစ် တယ်လို့ Auriga Space ကိုတည်ထောင်သူ ဝင်နီလိုင်းကပြောပါတယ်။
Auriga Space အနေနဲ့ သူတို့ရဲ့အစီအစဉ်ကို အသံနှုန်းလွန် အမြန်နှုန်းကို စမ်းသပ်ချင်တဲ့သူတွေနဲ့ ကနဦးဖွင့်လှစ်သွားမှာပါ။ လာမယ့်နှစ်မှာ ပရိုမီးသီးယပ်လို့ ခေါ်တဲ့ စမ်းသပ်မှုအဆင့်သုံး အာကာသ ယာဉ်လွှတ်တင်ရေး လမ်းကြောင်းကို စတင်အသုံးပြုမှာပါ။
သူ့နောက်မှာတော့ သောလို့အမည်ပေးထားတဲ့ အသံနှုန်းလွန် အမြန်နှုန်းကိုစမ်းသပ်နိုင်မယ့် ပြင်ပသုံးအရှိန်တင် ကိရိယာကို အသုံးပြုသွားမှာဖြစ်ပြီး ဇုလို့အမည်ပေး ထားတဲ့ ကမ္ဘာပတ်လမ်းအတွင်း လွှတ်တင်ရေး ကိရိယာကိုတော့ နောက်ပိုင်းမှာစမ်း သပ်မှုတွေ လုပ်ဆောင်သွားမယ်လို့ဆိုပါတယ်။ ဒါဟာ အာကာသခရီးသွား လုပ်ငန်း ကိုတစ်ခေတ်ဆန်းစေမှာတော့ အမှန်ပဲ ဖြစ်ပါတယ်။
MWD Web Portal