တရုတ်နိုင်ငံတွင် ပထမဆုံးသော သတင်းနည်းပညာ၊ သုတေသနနှင့် ထုတ်လုပ်ရေးစင်တာကို BMW တည်ဆောက်မည်
ဂျာမနီနိုင်ငံမှ ကမ္ဘာကျော် BMW မော်တော်ကား ကုမ္ပဏီသည် ၎င်းတို့၏ ဒစ်ဂျစ်တယ် စွမ်းဆောင်ရည်များကို ချဲ့ထွင်နိုင်ရေးအတွက် တရုတ်နိုင်ငံအတွင်း၌ ပထမဆုံးသော သတင်းနည်းပညာ၊ သုတေသနနှင့် ထုတ်လုပ်ရေးစင်တာတစ်ခုကို တည်ဆောက်မည်ဖြစ်သည်။
BMW ကုမ္ပဏီအနေဖြင့် ၎င်းတို့၏ ပထမဆုံးသောစင်တာကို ကျန်းစုပြည်နယ် နန်ကျင်းမြို့ ကျန်းယီခရိုင်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး ဂျာမနီကားကုမ္ပဏီ၏ တရားဝင်ရုံးခွဲအဖြစ် လည်ပတ်မည်ဖြစ်သည်။ အဆိုပါစင်တာသည် ဉာဏ်ရည်တုနည်းပညာ၊ စက်မှုလုပ်ငန်းသုံး ဒစ်ဂျစ်တယ်နည်းပညာသုံး ဆန်းသစ်တီထွင်မှုများကို အဓိကထား လုပ်ဆောင်မည်ဖြစ်သည်။
နန်ကျင်းမြို့တွင်ဖွင့်လှစ်မည့် BMW ကုမ္ပဏီ၏ သတင်းနည်းပညာ၊ သုတေသနနှင့် ထုတ်လုပ်ရေးစင်တာသည် အာရှဒေသအတွင်းရှိ ၎င်းကုမ္ပဏီ၏ အကြီးဆုံးသော စင်တာဖြစ်လာမည်ဖြစ်သည်။ အဆိုပါစင်တာအနေဖြင့် BMW ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ ကားထုတ်လုပ်မှု၊ ရောင်းချမှု၊ ရောင်းချပြီးနောက် ပြုပြင်ထိန်းသိမ်းပေးခြင်း စသည့်ဝန်ဆောင်မှုများကို နည်းပညာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာသည့် တရုတ်နိုင်ငံသို့ လာရောက် ရင်းနှီး မြှုပ်နှံခြင်းဖြစ်သည်။
BMW ကုမ္ပဏီသည် လက်ရှိတွင် တရုတ်နိုင်ငံရှိ ထိပ်တန်းနည်းပညာ ကုမ္ပဏီကြီးများနှင့် ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်လျက်ရှိပြီး အထူးသဖြင့် တရုတ်နိုင်ငံ၏ လမ်းမကြီးများ၏ အခြေအနေနှင့်အညီ ယာဉ်မောင်း သူများအား အထောက်အကူပြုစေမည့် အဆင့်မြင့်နည်းပညာ စနစ်များကို ပူးတွဲထုတ်လုပ်လျက် ရှိသည်။
MWD Web Portal