ဆော်ဒီ မင်းသားတစ်ဦး နှစ် ၂၀ ကြာ သတိလစ်နေပြီးခဲ့နောက် ကွယ်လွန်

News Image

  • ဆော်ဒီ မင်းသားတစ်ဦး နှစ် ၂၀ ကြာ သတိလစ်နေပြီးခဲ့နောက် ကွယ်လွန်

ယာဉ်မတော်တဆမှုဖြစ်စဉ်ကြောင့် သတိလစ်နေခဲ့သော ဆော်ဒီမင်းသား Alwaleed bin Khalid bin Talal bin Abdulaziz Al Saud သည် နှစ် ၂၀ ကြာ ကိုမာဝင်နေပြီးနောက် ကွယ်လွန်သွားခဲ့သည်။ ဆော်ဒီအာရေဗျ ဘုရင် မိသားစုက ဇူလိုင် ၁၉ ရက်တွင် အသက် ၃၅ နှစ်အရွယ် Prince Alwaleed ကွယ်လွန်ကြောင်း ကြေညာခဲ့သည်။

မင်းသား၏ ဈာပနအခမ်းအနားကို ဇူလိုင် ၂၀ ရက်မှစတင်၍ မြို့တော် ရီယာ့ဒ်တွင် သုံးရက်ကြာ ကျင်းပမည်ဖြစ်သည်။

မင်းသား Alwaleed သည် ၂၀၀၅ ခုနှစ်က လန်ဒန်တွင် ပြင်းထန်သော ယာဉ်တိုက်မှုဖြစ်ပွားကာ ဦးနှောက်သွေးယိုစီးမှု ခံစားခဲ့ရသည်။ ထိုအချိန် မှစ၍ ဆေးဘက်ဆိုင်ရာ အထူးစောင့်ရှောက်မှုခံယူနေခဲ့ရကာ နှစ် ၂၀ ကြာ သတိလစ်နေခဲ့ပြီး "အိပ်နေသောမင်းသား" အဖြစ် ကျော်ကြားခဲ့သည်။

ဆော်ဒီဘုရင်မိသားစုသည် ကမ္ဘာတစ်ဝှမ်းရှိ ကျွမ်းကျင်သူများထံမှ ဆေးဘက် ဆိုင်ရာအကူအညီများ ရယူခဲ့သော်လည်း အရာမထင်ခဲ့ပေ။ ၂၀၁၅ ခုနှစ် တွင် ဆရာဝန်များက အသက်ရှင်ရန် အထောက်အကူပစ္စည်းများ ဖြုတ်ရန် အကြံပြုခဲ့သော်လည်း ဖခင်ဖြစ်သူ Prince Khaled bin Talal က ပြန်လည်နာလန်ထူနိုင်မည်ဟု ယုံကြည်ကာ ငြင်းဆန်ခဲ့သည်။

၂၀၂၀ ပြည့်နှစ်တွင် မင်းသား Al Saud သည် လူနာစောင့် သူနာပြု အမျိုးသမီးတစ်ဦး၏ ခေါ်သံကြောင့် လက်ချောင်းလှုပ်ရှားခဲ့သော်လည်း ၎င်း၏ကျန်းမာရေးအခြေအနေ သိသိသာသာ တိုးတက်ခဲ့ခြင်းမရှိခဲ့ဘဲ ဇူလိုင် ၁၉ ရက်တွင် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂