ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီများက recycle နည်းဖြင့် မြေရှားသတ္တု ထုတ်လုပ်သည့် နည်းပညာကို ဖန်တီးဖော်ဆောင်

News Image

  • ဂျပန်ကားထုတ်လုပ်ရေးကုမ္ပဏီများက recycle နည်းဖြင့် မြေရှားသတ္တု ထုတ်လုပ်သည့် နည်းပညာကို ဖန်တီးဖော်ဆောင်

Nissan ကားကုမ္ပဏီသည် Waseda တက္ကသိုလ်နှင့်ပူးပေါင်းကာ လျှပ်စစ်ကားမော်တာ အပျက်အစီးများ၏ သံလိုက်တုံးများမှ မြေရှားသတ္တုများအား recycle ပြုလုပ်သည့်နည်းပညာကို ဖန်တီးခဲ့ပါသည်။

အဆိုပါ စီမံကိန်းသည် တရုတ်နိုင်ငံက ၎င်း၏ မြေရှားသတ္တုတင်ပို့မှုကို ကန့်သတ်ထိန်းချုပ်မည် ဖြစ်ကြောင်း ဧပြီလအတွင်း ကြေညာခဲ့ပြီးနောက် အလျင်အမြန်အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

ထိုသို့ recycle ပြုလုပ်ရာတွင် မြေရှားသတ္တုများအား ခွဲထုတ်ရန်အတွက် လျှပ်စစ်ကားများမှ မော်တာများအား အခြားသော ဓာတုပစ္စည်းများနှင့် ပေါင်းစပ်ကာ မီးပြင်းဖိုအတွင်းသို့ ထည့်သွင်း၍ အရည်ပျော်အောင် လုပ်ဆောင် ရသည့် လုပ်ငန်းစဉ်လည်း ပါဝင်သည်။ မြေရှားသတ္တုသည် လျှပ်စစ်ကားများ ထုတ်လုပ်ရာတွင် မရှိမဖြစ် အရေးကြီးသည့် သတ္တုတစ်မျိုးဖြစ်သည်။

လျှပ်စစ်ကားတွင်ပါဝင်သည့် မော်တာများရှိ သံလိုက်တုံးများမှ recycle လုပ်နိုင်သည့် မြေရှားသတ္တု ပမာဏ တိုးတက်လာစေရေးအတွက် နည်းပညာပိုင်းဆိုင်ရာစိန်ခေါ်မှုရှိကြောင်း၊ လျှပ်စစ်မော်တော်ကား အပျက်အစီးများ ပိုမိုရရှိလာသည့်အခါတွင် အဆိုပါ recycle မှတစ်ဆင့် ရရှိလာသည့် မြေရှားသတ္တုများကို လက်တွေ့အသုံးချနိုင်ရန် မျှော်လင့်ကြောင်းနှင့် လာမည့် ၂၀၃၀ ပြည့်နှစ်ခန့်တွင် ဖြစ်လာနိုင်ကြောင်း Nissan ကားကုမ္ပဏီ၏ အကြီးတန်း အင်ဂျင်နီယာဖြစ်သူ Ogawa Kazuhiro က ပြောကြားခဲ့သည်။

Toyota ကုမ္ပဏီအနေဖြင့်လည်း Hybrid ကားများမှ မြေရှားသတ္တုများ recycle ပြုလုပ်သည့် နည်းပညာကို စမ်းသပ် လေ့လာမှုများ လုပ်ဆောင်လျက်ရှိကြောင်း NHK သတင်းစာမျက်နှာတွင် ရေးသားဖော်ပြထားပါသည်။

ကိုးကား- NHK

အလွတ်သဘောဘာသာပြန်သူ- ဦးထက်ထက်အောင်၊ နစက(၄)