ပန်းတနော်မြို့တွင် တီလားဗီးယားငါးများ အရောင်းအဝယ်ကောင်းမွန်နေ
ပန်းတနော် ဇူလိုင် ၂၃
ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့နယ်တွင် တီလားဗီးယားငါးများ အရောင်းအဝယ်ကောင်းမွန်နေကြောင်း ပန်းတနော်မြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုချို က ပြောပြ၍ သိရသည်။
ပန်းတနော်မြို့နယ်တွင် ဒေသထွက်တီလားဗီးယားငါးများ ယခုနှစ် ဇူလိုင်လ ဒုတိယပတ်မှ စတင်ပြီး ယနေ့ထိ အရောင်းအဝယ်ကောင်းမွန်နေကြောင်း၊ အဆိုပါဒေသတွင် တီလားဗီးယားငါးများ တစ်ရက်လျှင် ပိဿာချိန် ၄၀၀၀ မှ ၅၅၀၀ ထိ အရောင်းအဝယ်ဖြစ်နေကြောင်း သိရသည်။
“လက်ရှိ တီလားဗီးယားငါးတွေအဝယ်လိုက်နေပါတယ်။ အခြားဒေသကုန်စိမ်းဈေးကွက်က ဝယ်လက်တွေက အဝယ်များနေပါတယ်။ ပန်းတနော်မြို့နယ်ကနေ အခြားဒေသတွေကို ပိဿာချိန်များများ တင်ပို့နေရလို့ အရောင်းအဝယ်ကောင်းနေတာပါ။ ဒေသထွက် တီလားဗီးယားငါးတွေ လက်ရှိအရောင်းအဝယ်ကောင်းနေတာကြောင့် ရေလုပ်ငန်းနဲ့ ဆက်စပ်သူတွေအားလုံး အဆင်ပြေနေပါတယ်” ဟု ပန်းတနော်မြို့နယ် ရေထွက်ကုန်ပစ္စည်းများရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ချိုချို က ပြောပြသည်။
ပန်းတနော်မြို့နယ်တွင် အရောင်းအဝယ်ကောင်းမွန်နေသည့် တီလားဗီးယားငါးတစ်ပိဿာလျှင် ငွေကျပ် ၁၄၅၀၀ ထိ ပေါက်ဈေးရှိကြောင်း၊ အဆိုပါဒေသထွက် တီလားဗီးယားငါးများအပါအဝင် အခြားကုန်စိမ်းများကို ဒေသဈေးကွက်အပြင် မအူပင်၊ ပုသိမ် စသည့်ဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်းသိရသည်။
ကျော်ကျော်လင်း
ရတနာပုံသတင်းစာ