တရုတ်လျှပ်စစ်ကားများ ပြည်ပဈေးကွက်တွင် အဆက်မပြတ် အရောင်းသွက်နေ

၂၀၂၄ ခုနှစ်အတွင်း တရုတ်လျှပ်စစ်ကားများသည် ပြည်ပဈေးကွက်၌ ရလဒ်ကောင်းများ ဆွတ်ခူးရရှိခဲ့သည်။ အချို့သောနိုင်ငံမှ လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များ၏ လွန်ခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်သည့် အချက်အလက်များအရ တရုတ်လျှပ်စစ်ကားများသည် ပြည်ပတွင် အဆက်မပြတ် အရောင်းသွက်လျက်ရှိကြောင်းသိရသည်။ Norwegian Road Federation (OFV) က ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် နော်ဝေ နိုင်ငံ၌ ကားအသစ်အစီးရေ စုစုပေါင်း ၁၂၈,၀၀၀ ကျော်ရောင်းချနိုင်ခဲ့ပြီး ၎င်းအနက် အစီးရေ ၁၁၄,၀၀၀ ကျော်မှာ လျှပ်စစ်ကားများဖြစ်သည်။ BYD၊ XPeng၊ MG စသည့် အမှတ်တံဆိပ်များက အရောင်းအများဆုံးအမှတ်တံဆိပ် ၁၅ ခုစာရင်းဝင်ခဲ့သည့်အပြင် ဈေးကွက်ဝေစုသည် ယမန်နှစ်ထက် ပိုများလာကြောင်းသိရသည်။

Norwegian Road Federation (OFV) တာဝန်ခံ Øyvind Solberg Thorsen က တရုတ်ကားအမှတ်တံဆိပ်များသည် ၂၀၂၄ ခုနှစ်တွင် နော်ဝေကားအသစ်ဈေးကွက်၌ အရေးပါသည့် ဝေစုကိုပိုင်ဆိုင်ထားကြောင်း၊ “၂၀၂၅ ခုနှစ်မှာ တရုတ်နိုင်ငံ ထွန်းသစ်စကားအမှတ်တံဆိပ်နဲ့ ကားမော်ဒယ်များက ကားအသစ်ဈေးကွက်မှာ ပိုမိုကောင်းမွန်တဲ့ရလဒ်များ လုပ်ဆောင်နိုင်မလားဆိုတာ သတိပြုဖွယ်ဖြစ်ပါတယ်”ဟုဆိုသည်။ အစ္စရေးမော်တော်ယာဉ် တင်သွင်းသူများ အသင်း (Israel Vehicle Importers Association) က ၂၀၂၅ ခုနှစ် ဇန်နဝါရီ  ၂ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် အစ္စရေးနိုင်ငံ၌ တရုတ်ကား အမှတ်တံဆိပ် လျှပ်စစ်ကားအစီးရေ ၄၆,၁၃၇ စီးရောင်းချရခဲ့ပြီး အစ္စရေးနိုင်ငံ လျှပ်စစ်ကား ဈေးကွက်ဝေစု၏ ၆၈.၆၉ ရာခိုင်နှုန်းကိုနေရာယူထားကြောင်းသိရသည်။ BYD၊ XPeng၊ Chery နှင့် Geely စသည့်အမှတ်တံဆိပ်များသည် လျှပ်စစ်ကား အရောင်းချရဆုံးစာရင်း ထိပ်တန်းနေရာ၌ ရပ်တည်လျက်ရှိသည်။ ၎င်းအနက် BYD ကုမ္ပဏီအောက်ရှိ ATTO 3 အသေးစားလျှပ်စစ်ကားမော်ဒယ်ကို ၂၀၂၄ ခုနှစ်တွင် ၁၀,၆၀၇ စီး ရောင်းချနိုင်ခဲ့သဖြင့် အစ္စရေးနိုင်ငံတွင် ရောင်းအားအကောင်းဆုံး ကားမော်ဒယ်ဖြစ်ခဲ့သည်။

လတ်တလောနှစ်ပိုင်းတွင် တရုတ်လျှပ်စစ်ကားအမှတ်တံဆိပ်များသည် သာလွန်ကောင်းမွန်သော အရည်အသွေး၊ သက်သာသောကုန်ကျစရိတ်နှင့် စွမ်းဆောင်ရည် မြင့်မားမှုတို့ဖြင့် နိုင်ငံတကာဈေးကွက်တွင် တဖြည်းဖြည်း လူကြိုက်များလာခဲ့သည်။ ကားလောကမှ လူပုဂ္ဂိုလ်များက တရုတ်လျှပ်စစ်ကားသည် ကမ္ဘာ့လျှပ်စစ်ကားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော သက်ရောက်မှုရှိသည်ဟု ယူဆကြသည်။ (Xinhua)

မှီငြမ်း။ ဆင်ဟွာ သတင်းဌာန ။

Subject-Image

  • တရုတ်လျှပ်စစ်ကားများ ပြည်ပဈေးကွက်တွင် အဆက်မပြတ် အရောင်းသွက်နေ

Posted-Date