ထုတ်လုပ်မှုစွမ်းရည် (Productive Capacity) တိုးတက်စေရေး ကဏ္ဍအလိုက် ကြိုးပမ်းပေး
ထုတ်လုပ်မှုစွမ်းရည် (Productive Capacity) ဆိုသည်မှာ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးအတွက် ဖြစ်နိုင်ခြေရှိသည့် အမြင့်ဆုံး ထုတ်လုပ်နိုင်မည့်ပမာဏ (Maximum Output) ဖြစ်ပါ တယ်။ အမြင့်ဆုံး ထုတ်လုပ်နိုင်မည့်ပမာဏသည် တစ်နိုင်ငံနှင့် တစ်နိုင်ငံ ကွဲပြားနိုင်သဖြင့် မည်၍ မည်မျှဟု တိတိကျကျ ပြော၍မရသော်လည်း ထုတ်လုပ်မှုစွမ်းရည်၊ ယှဉ်ပြိုင်နိုင်စွမ်း တိုးတက်ဖို့နှင့် စွမ်းဆောင်နိုင်မှု အမြင့်ဆုံးကို ဆိုလိုခြင်းဖြစ်ပါတယ်။
၂၀၂၁ ခုနှစ်တွင် ကုလသမဂ္ဂကုန်သွယ်မှုနှင့် ဖွံ့ဖြိုးမှုညီလာခံ (United Nations Conference on Trade and Development) က ထုတ်လုပ်မှုစွမ်းရည်ညွှန်ကိန်း (Productive Capacities Index - PCI) တွက်ချက်မှုကို စတင်ခဲ့ပါတယ်။ အဆိုပါညွှန်ကိန်းကို တွက်ချက်ရာ၌ ပါဝင်သည့် နယ်ပယ် ၈ ခု ရှိပြီး ယင်းတို့မှာ (၁) စွမ်းအင် (Energy)၊ (၂) လူသားအရင်းအနှီး (Human Capital)၊ (၃) သတင်း အချက်အလက်နည်းပညာ (ICT)၊ (၄) အင်စတီကျူးရှင်းများ (Institutions)၊ (၅) သဘာဝ အရင်းအနှီး (Natural Capital)၊ (၆) ပုဂ္ဂလိကကဏ္ဍ (Private Sector)၊ (၇) စီးပွားရေး ပုံစံပြောင်းလဲမှု (Structural Change) နှင့် (၈) ပို့ဆောင်ရေး (Transport) တို့ ဖြစ်ပါတယ်။
စွမ်းအင်ဟုဆိုရာမှာ လျှပ်စစ်ရရှိနိုင်မည့် အရင်းအမြစ်များကို ထိရောက်စွာနှင့် ရေရှည်တည်တံ့အောင် အသုံးပြုမှု၊ စွမ်းဆောင်ရည်ရှိမှု၊ ရေရှည်တည်တံ့မှုနှင့် လျှပ်စစ်ရရှိနိုင်မှုတို့ပေါ် အခြေခံပါတယ်။ ဒါကြောင့် လူတိုင်း လျှပ်စစ်ဓာတ်အား ရရှိမှုလက်လှမ်းမီစေရေးအတွက်နိုင်ငံတော်ဘက်က ဘက်ပေါင်းစုံမှဆောင်ရွက်ရာမှာ အဖျက်အမှောင့်လုပ်ငန်းများကြောင့် လျှပ်စစ်ဓာတ်အားရရှိစေရေးကို အဟန့်အတားမဖြစ်စေဖို့ ပြည်သူအားလုံးက ပူးပေါင်းဆောင်ရွက် ကြရမှာဖြစ်ပါတယ်။ ဒါမှလည်း ၂၀၃၀ ပြည့်နှစ်မှာ အိမ်ထောင်စုအားလုံး လျှပ်စစ်မီးရရှိရေး ရည်မှန်းချက်ကို အထောက်အပံ့ဖြစ်နိုင်မှာ ဖြစ်ပါတယ်။ သို့မဟုတ်ပါက ရည်မှန်းချက် ပြည့်မီဖို့ လိုအပ်ချက်များရှိနေဦးမှာဖြစ်ပါတယ်။
လူသား အရင်းအနှီးဖွံ့ဖြိုးတိုးတက်ဖို့ကို ဆောင်ရွက်ရမှာ အခုရေတွင်းတူး အခုရေကြည်သောက်လို့မရတဲ့အတွက် ကာလရှည်ကြာ မြှုပ်နှံခဲ့ရတဲ့ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုး တိုးတက်ရေးကို အစဉ်ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ လူသားအရင်းအနှီးကို တိုင်းတာရာမှာ ပြည်သူများ၏ ပညာရေး၊ ကျွမ်းကျွင်မှုနှင့် ကျန်းမာရေးဆိုင်ရာ အညွှန်းကိန်းများနှင့်တိုင်းတာပါတယ်။
ပညာရေးဆိုင်ရာ အညွှန်းကိန်းများမှာ မျှော်မှန်းစာသင်နှစ် သက်တမ်းများ၊ သုတေသနနှင့် ဖွံ့ဖြိုးမှု အသုံးစရိတ်များနှင့်အဆိုပါနယ်ပယ်မှာရှိတဲ့ သုတေသီအရေအတွက်၊ ကျန်းမာရေး အသုံးစရိတ်နှင့် ဂျီဒီပီအချိုး၊ မျှော်မှန်းသက်တမ်း၊ မွေးဖွားမှုနှုန်းစတဲ့ အညွှန်းကိန်းများနှင့် တိုင်းတာ ပါတယ်။ ဒါကြောင့် ပညာသင်ကြားရမယ့်အရွယ်မှာ လူတိုင်းပညာသင်ယူဖို့ လိုအပ်သလို ပညာရေး ဆုံးခန်းတိုင် ရောက်ရှိဖို့ကိုလည်း မိဘ၊ ဆရာ၊ လူမှုအသိုင်းအဝန်းများက အားပေးမြှင့်တင် ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ အသိပညာ၊ အတတ်ပညာများ ပြည့်ဝပါက အနာဂတ်မှာ ကျွမ်းကျင်သူများ မွေးထုတ်နိုင်မှာဖြစ်တဲ့အပြင် မျိုးဆက်သစ်များအတွက် ရေရှည်ဘဝရှင်သန် ရပ်တည်နိုင်ရေးကိုလည်း မြှင့်တင်ရာရောက်မှာ ဖြစ်ပါတယ်။ အေးချမ်းစွာ ပညာသင်ကြားလိုကြတဲ့ ကျောင်းသား၊ ကျောင်းသူလူငယ်လေးများရဲ့ အနာဂတ်လမ်း ဖြောင့်ဖြူးစေဖို့ အားလုံးက ကြိုးပမ်းရမှာ ဖြစ်တဲ့အပြင် ပညာသင်ရမယ့်အရွယ်မှာ မိမိတို့ရဲ့ အဓိကတာဝန်ဖြစ်တဲ့ ပညာရေးကို ဇောက်ချဆောင်ရွက်ရမှာကလည်း ကျောင်းသားလူငယ်များရဲ့ အဓိကတာဝန် ဖြစ်ပါတယ်။
ကျန်းမာပျော်ရွှင်ပြီး သက်တမ်းရှည်စွာ နေထိုင်နိုင်တဲ့ လူမှုအဖွဲ့အစည်းကို တည်ဆောက်နိုင်ဖို့ ကျန်းမာရေးအသိဗဟုသုတများက လူတိုင်းရဲ့ရင်မှာ ထာဝစဉ်ရှင်သန်နေဖို့ လိုအပ်ပြီး အာဟာရပြည့်ဝတဲ့ အစားအသောက်များ စားသုံးနိုင်ရေးနှင့် အစားအစာ ဘေးကင်းလုံခြုံရေးကလည်း အရေးကြီးတဲ့အပိုင်းက ပါဝင်နေပါတယ်။ ဒါကြောင့် ကျန်းမာရေးကို ထိခိုက်စေတဲ့ အစားအသောက်များ စားသုံးမှုကို ရှောင်ကြဉ်ရမှာဖြစ်ပြီး ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါးဆိုတဲ့အတိုင်း အားကစားလှုပ်ရှားမှုများကို မိမိတို့ကိုယ်ပိုင်အချိန်များမှ အတတ်နိုင်ဆုံး ဆောင်ရွက်ဖို့ လိုအပ်ပါတယ်။ ဒီဇင်ဘာလ တစ်လတည်းမဟုတ်ဘဲ ၁၂ ရာသီပတ်လုံးမှာ ကိုယ်တိုင်အသိစိတ်ဓာတ်ဖြင့် ကိုယ်လက်လှုပ်ရှားနိုင်ဖို့ ကြိုးစားဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။
မကြာမီက ထုတ်ပြန်ခဲ့သည့် ၂၀၂၄ ခုနှစ်၊ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ရှေ့ပြေးလူဦးရေစာရင်းအရ မြန်မာနိုင်ငံ၏ လူဦးရေသည် ၅၁.၃ သန်းကျော်လို့ ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ ၁၀ နှစ်နှင့် နှိုင်းယှဉ်ပါက အနည်းငယ်လျော့ကျနေတာ တွေ့ရတဲ့အတွက် လူဦးရေ အရွယ်အစား တိုးမြှင့်နိုင်ရေးမှာ စဉ်းစားစရာအချက်တစ်ခု ဖြစ်လာတာတွေ့ရပါတယ်။ အမျိုးသမီးများ မွေးဖွားနှုန်း ကျဆင်းလာပြီး ကလေးသူငယ် သေဆုံးနှုန်းများပါက အနာဂတ် လုပ်သားအင်အားကို ထိခိုက်လာမှာဖြစ်တဲ့အတွက် ကိုယ်ဝန်ဆောင်မိခင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီစေရေးကို ကျန်းမာရေးဝန်ထမ်းများသာမက ရပ်ရွာလူထု နှင့် ပြည်သူများအားလုံးက ပူးပေါင်းပါဝင်ကြိုးပမ်းပေးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။
သတင်းအချက်အလက်နည်းပညာ (အိုင်စီတီ) ဖွံ့ဖြိုးတိုးတက်မှုဟာ ပြည်သူများ၏ သာယာဝပြောရေးကို အထောက်အကူပြုပါတယ်။ ဒါပေမဲ့ အိုင်စီတီကို လွဲမှားစွာ မသုံးမိစေဖို့ အရေးကြီးပါတယ်။ အိုင်စီတီဖွံ့ဖြိုးမှုကို တိုင်းတာရာမှာ တယ်လီဖုန်းလိုင်းအရေအတွက်၊ မိုဘိုင်းဖုန်း သုံးစွဲနိုင်တဲ့ လူဦးရေ၊ အင်တာနက်ရရှိနိုင်မှုနှင့်ဆာဗာလုံခြုံရေး (Server Security) စတဲ့အချက်များပါဝင်ပါတယ်။ မြန်မာနိုင်ငံအနေနှင့် တယ်လီဖုန်းသုံးစွဲနိုင်တဲ့ လူဦးရေမှာ တိုးတက်လာသော်လည်း အိုင်စီတီကို ဖွံ့ဖြိုးတိုးတက်မှုအတွက် အကျိုးရှိထိရောက်စွာ သုံးစွဲနိုင်ဖို့ကို ဆက်လက်ကြိုးပမ်းနေရဦးမှာဖြစ်ပါတယ်။
ထုတ်လုပ်မှု တိုင်းတာရာမှာ ပါရှိနေတဲ့ အင်စတီကျူးရှင်းများဟုဆိုရာမှာ နိုင်ငံရေး တည်ငြိမ်မှု၊ စည်းမျဉ်းများ အရည်အသွေး ပြည့်ဝမှု၊ ရာဇဝတ်မှုများကို ထိရောက်စွာ နှိမ်နှင်းနိုင်မှု၊ အကျင့်ပျက်ခြစားမှုများနှင့် အကြမ်းဖက်မှုများ တိုက်ဖျက်နိုင်မှုစတဲ့ အချက်များနှင့်တိုင်းတာ ပါတယ်။ တစ်နည်းအားဖြင့်ဆိုပါက စီမံအုပ်ချုပ်မှုဆိုင်ရာ စွမ်းရည်များ တိုးတက်စေဖို့ ရည်ညွှန်း ပါတယ်။ ဒါကြောင့် နယ်ပယ်အသီးသီးမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ပြည်သူ့ဝန်ထမ်းများ အနေဖြင့် ကိုယ်စီအသိနှင့် တာဝန်ကျေပွန်ပြီး သစ္စာရှိစွာနှင့်မိမိတို့တာဝန်ကို ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
သဘာဝအရင်းအနှီးများ ပေါကြွယ်ဝမှုသည်လည်း နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေးကို တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုပါတယ်။ သဘာဝအရင်းအနှီးကို ခန့်မှန်း ရာမှာ တွင်းထွက်သယံဇာတများ၊ လယ်ယာစိုက်ပျိုးရေးဆိုင်ရာ အရင်းအမြစ်များ အစရှိသည်တို့ ပါဝင်ပြီး သဘာဝအရင်းအမြစ်အပေါ် မှီခိုမှုလျှော့ချကာ တန်ဖိုးမြှင့်ထုတ်လုပ်နိုင်မှုအတွက် ဆောင်ရွက်သွားရမှာဖြစ်ပါတယ်။ ဒါကြောင့် ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်စေရေးကို ဆက်လက်တွန်းအားပေး ဆောင်ရွက်နိုင်ဖို့ ကြိုးပမ်းရမှာ ဖြစ်ပါတယ်။
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်မှုဟာ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေးမောင်းနှင်အား တစ်ရပ်ဖြစ်ပါတယ်။ ပုဂ္ဂလိက ဖွံ့ဖြိုးတိုးတက်မှုကို တိုင်းတာရာမှာ နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု ပြုရာ၌ လွယ်ကူချောမွေ့စေမှု၊ စရိတ်နှင့် အချိန်သက်သာမှု၊ ပုဂ္ဂလိကသို့ ချေးပေးထားတဲ့ ပြည်တွင်းချေး ငွေရာခိုင်နှုန်း၊ လုပ်ငန်းစတင်နိုင်ဖို့ စာချုပ်အကောင်အထည်ဖော်နိုင်တဲ့ အရှိန်စတဲ့ အချက်များနှင့် တိုင်းတာတဲ့အတွက် စီးပွားရေးလုပ်ငန်းများကို စတင်ရာမှာ အချိန်ကြန့်ကြာမှု မရှိစေဖို့ ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။ လူကြောင့်ဖြစ်တတ်တဲ့ လုပ်ငန်းအခက်အခဲ၊ အဟန့်အတားများ ပပျောက်စေရေးကို ဆောင်ရွက်ကြရမှာဖြစ်သလို ပုဂ္ဂလိကလုပ်ငန်းရှင်များကလည်း စီးပွားရေးကျင့်စဉ် များဖြင့် ဝိုင်းဝန်းကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။
စီးပွားရေးပုံစံ ပြောင်းလဲမှုဆိုတာကတော့ ထုတ်လုပ်မှုအရည်အသွေး နိမ့်ကျတဲ့ လုပ်ငန်း များမှ ထုတ်လုပ်မှုအရည်အသွေးမြင့်မားတဲ့ လုပ်ငန်းများသို့ ပြောင်းလဲတိုးတက်ထုတ်လုပ်နိုင် ခြင်းဖြစ်ပါတယ်။ ဥပမာ - ရာဘာကို ရာဘာချပ်အနေနှင့်ထုတ်လုပ်ရာမှာ တာယာအထိ ထုတ်လုပ် နိုင်ပြီး ကားအမျိုးအစားအလိုက် တာယာထုတ်လုပ်မှု လုပ်ငန်းများနှင့် ကားစက်ရုံများအတွက် ကွင်းဆက်ချိတ်ဆောင်ရွက်နိုင်ပါက စက်မှုလုပ်ငန်းများနှင့်ဝန်ဆောင်မှု လုပ်ငန်းများ၏ ဂျီဒီပီတွင် ပါဝင်မှု တိုးတက်လာမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့က နည်းပညာ၊ အရင်းအနှီးနှင့်ကျွမ်းကျင်လုပ်သားများ လိုအပ်မှာဖြစ်တဲ့အပြင် သမားရိုးကျဆောင်ရွက်နေတဲ့ ထုတ်လုပ်မှုလုပ်ငန်းများနေရာမှာ အိုင်တီစနစ်ဖြင့် အလိုအလျောက် ထိန်းချုပ်ဆောင်ရွက်တဲ့ ထုတ်လုပ်မှု လုပ်ငန်းစဉ်များ တိုးတက်ဖို့ ကြိုးပမ်းကြရမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ တီထွင် ကြံဆမှုနှင့် နည်းပညာပြောင်းလဲမှုများကို ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။
ပို့ဆောင်ရေးဟု ဆိုရာမှာ ကုန်စည်များ တစ်နေရာမှ တစ်နေရာသို့ သယ်ဆောင်နိုင်စွမ်း၊ ကုန်းကြောင်း၊ ရေကြောင်း၊ ရထားနှင့် လေကြောင်းများရဲ့ ကွန်ရက်ချိတ်ဆက်မှုနှင့် စွမ်းရည် တိုးတက်ဖို့ လိုအပ်ပါတယ်။ ဒါမှသာ တစ်နေရာမှ တစ်နေရာသို့ အလွယ်တကူ ချိတ်ဆက် သွားလာနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် အများပြည်သူ အသုံးပြုနေတဲ့ လမ်းများ၊ တံတားများ၊ ရထားလမ်းများကို ဖောက်ခွဲဖျက်ဆီးခြင်းများဟာ ထုတ်လုပ်မှုစွမ်းရည်ကို ကျဆင်းနိုင်တဲ့အတွက် ပို့ဆောင်ရေး အခြေခံအဆောက်အဦ တိုးတက်စေရေးကို အားလုံးက ဝိုင်းဝန်းထိန်းသိမ်းရမှာ ဖြစ်ပါတယ်။ ဒေသတွင်း ကွန်ရက်ချိတ်ဆက်မှု တိုးတက်ရေးကိုလည်း ဆက်လက်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ချိတ်ဆက်နေတဲ့ အထက်ဖော်ပြပါ နယ်ပယ် ၈ ရပ်မှာ ယခုထက် ပိုမို တိုးတက်ရရှိစေဖို့အတွက် နိုင်ငံတော်နှင့် ပြည်သူအားလုံးက သတိတရား လက်ကိုင်ထားပြီး ဝိုင်းဝန်းကြိုးပမ်းရမှာ ဖြစ်ပါတယ်။ ဒေသတစ်ခု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျခံသုံးစွဲထားရတဲ့ နိုင်ငံတော်နှင့် ပုဂ္ဂလိက ရင်းနှီးမြှုပ်နှံမှုများ ရေရှည်တည်တံ့စေရေးနှင့် ပြည်သူများ သာယာဝပြောစေရေးကို ထောက်ရှု့ပြီး အစိုးရနှင့် ပြည်သူလက်တွဲပြီး နိုင်ငံတော် တည်ဆောက်ရေးကို ဝိုင်းဝန်းကြိုးပမ်းကြပါ၊ ထုတ်လုပ်မှုစွမ်းရည် တိုးတက်စေရေးအတွက် ပို့ဆောင်ရေး၊ ဆက်သွယ်ရေးစတဲ့ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးတိုးတက်စေရေးနှင့်လူမှုရေး ဆိုင်ရာ အခြေခံအဆောက်အအုံများ ဖွံ့ဖြိုးတိုးတက်စေရေးကို အမျိုးသားအရေးနှင့် နိုင်ငံအရေးကို ရှေးရှု၍ ဆောင်ရွက်သွားဖို့ ဆန္ဒပြုရင်း တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကဏ္ဍအသီးသီးမှ ဝိုင်းဝန်းဆောင်ရွက်ကြဖို့ တိုက်တွန်းအပ်ပါတယ်။
ရည်ညွန်းကိုးကား
ADB, Information and Communication Technology for Prosperity, November 2016 | Issue 74
UNITED NATIONS CONFERENCE ON TRADE AND DEVELOPMENT, Productive Capacities Index 2nd Generation, Geneva, 2023
https://unctad.org/topic/least-developed-countries/productive-capacities-index
ရေးသားသူ- ရွှေရည်လင်း
ပေးပို့သူ- ညွှန်ကြားရေးမှူးချုပ်ရုံးအဖွဲ့၊ စီမံကိန်းရေးဆွဲရေးဦးစီးဌာန၊ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန