ဂျပန်နိုင်ငံတွင် တောမီးလောင်ကျွမ်းမှုကြောင့် လူတစ်ဦးသေဆုံးပြီး အနည်းဆုံး လူနေအိမ် ၈၄ လုံး ပျက်စီး
ဂျပန်နိုင်ငံ အိုင်ဝါတေးစီရင်စုတွင် တောမီးလောင်ကျွမ်းမှုကြောင့် လူတစ်ဦးသေဆုံးပြီး အနည်းဆုံး လူနေအိမ် ၈၄ လုံး ပျက်စီးသွားကြောင်း အာဏာပိုင်များ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ NHK သတင်းဌာနက ဖေဖော်ဝါရီလ ၂၇ ရက်တွင်ဖော်ပြသည်။
တောမီးလောင်ကျွမ်းမှုများသည် စီရင်စုအတွင်းရှိ မြို့ကြီးသုံးမြို့တွင် ဖေဖော်ဝါရီလ ၂၆ ရက် မွန်းလွဲပိုင်းမှ စတင်ဖြစ်ပွားခြင်းဖြစ်ပြီး အာဏာပိုင်များက အဆိုပါဒေသတွင်းရှိ ဒေသခံ ၂၀၀၀ ကျော်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်းကြရန် တိုက်တွန်းခဲ့ရကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
တောမီးလောင်ကျွမ်းမှုအတွင်း သေဆုံးသွားသူမှာ အိုဖူနာတိုမြို့မှ အမျိုးသားတစ်ဦးဖြစ်ပြီး အာဏာပိုင်များက မီးလောင်ကျွမ်းနေသည့် ၎င်း၏ ရုပ်အလောင်းကို ပြန်လည်တွေ့ရှိခဲ့ပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်သည်။
ထို့ပြင် တောမီးလောင်ကျွမ်းမှုများကြောင့် ဖေဖော်ဝါရီလ ၂၇ ရက် နံနက်ပိုင်းအထိ လူနေအိမ် ၈၄ လုံး မီးလောင်ပျက်စီးသွားပြီး အာဏာပိုင်အဖွဲ့က လူ ၅၀၀ ကျော်ကို ယာယီခိုနားဆောင်များသို့ ပို့ဆောင်ထားပြီးဖြစ်သည်။ တောမီးလောင်ကျွမ်းမှုအတွင်း သစ်တော ၆၀၀ ဟတ်တာကျော် မီးလောင်ကျွမ်းခဲ့ကြောင်း သိရသည်။
တောမီးလောင်ကျွမ်းမှုများကို ငြှိမ်းသတ်နိုင်ရေးအတွက် အာဏာပိုင်များက ဆက်လက် ကြိုးပမ်းလျက်ရှိပြီး တောမီးလောင်ကျွမ်းမှုအတွင်း လူထိခိုက်ဒဏ်ရာ ရရှိမှုမရှိသေးကြောင်း သိရသည်။
Source: Myawady Web Portal