သံရုံးများပြန်လည်ဖွင့်လှစ်ရေး ရုရှားနှင့် အမေရိကန်မှ သံတမန်များက အစ္စတန်ဘူမြို့၌ တွေ့ဆုံဆွေးနွေး
ရုရှားနှင့် အမေရိကန်တို့ကြား သံရုံးပြန်လည်ဖွင့်လှစ် လည်ပတ်ရေးနှင့် စပ်လျဉ်း၍ နှစ်နိုင်ငံစလုံးမှ သံတမန်များက ဖေဖော်ဝါရီလ ၂၇ ရက်တွင် တူကီယဲနိုင်ငံ အစ္စတန်ဘူမြို့ရှိ အမေရိကန်ကောင်စစ်ဝန်ချုပ်ရုံး၌ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ယခုစတင်ကျင်းပသည့် တွေ့ဆုံဆွေးနွေးပွဲသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့ကြား ပြုလုပ်သည့် ဖုန်းမှတစ်ဆင့်ပြောဆို ဆွေးနွေးမှုအတွင်း သဘောတူညီချက် ချမှတ်ခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။
နှစ်နိုင်ငံသံရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေးနှင့် စပ်လျဉ်း၍ ရုရှားနှင့် အမေရိကန်နိုင်ငံတို့မှ အရာရှိများက ယခင်အမေရိကန် အစိုးရလက်ထက် လုပ်ဆောင်ခဲ့သည့်တရားမဝင် လုပ်ဆောင်မှုများကြောင့်ဖြစ်ပွားခဲ့ရသည့် နည်းပညာဆိုင်ရာ အခက်အခဲများကို ဖြေရှင်းနိုင်ရန်အတွက် အစ္စတန်ဘူမြို့တွင် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အန်ကာရာမြို့ရှိ အမေရိကန်သံရုံးမှ အရာရှိ တစ်ဦးက အတည်ပြုထားသည်။
အဆိုပါတွေ့ဆုံမှုသည် ၆ နာရီကျော်ကြာမြင့်ခဲ့ပြီး ဒေသစံတော်ချိန် ညနေ ၄ နာရီ ၂၀ မိနစ်တွင် ပြီးဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံ ဆွေးနွေးပွဲသည် နှစ်နိုင်ငံသံတမန် ဆက်ဆံရေးကို ထိရောက်စွာနှင့် လျင်မြန်စွာဖြင့် ရှေ့သို့တက်လှမ်းနိုင်စေရေး လမ်းဖွင့်ပေးနိုင်မည်ဟူသော မျှော်လင့်ချက်များကို ထွက်ပေါ်လာစေခဲ့ကြောင်း သိရသည်။
ရုရှားနှင့် အမေရိကန်နိုင်ငံတို့သည် လက်ရှိတွင် သက်ဆိုင်ရာ သံအမတ်များကို အမြန်ဆုံးခန့်အပ် တာဝန်ပေးရန်စီစဉ်လျက် ရှိကြောင်း သိရသည်။
Source: Myawady Web Portal