ပုဂ္ဂလိကဆေးခန်းက လူမှုဖူလုံရေးအဖွဲ့နှင့် စာချုပ်ချုပ်ဆိုဖို့ ဘယ်လို အခြေအနေတွေ လိုအပ်ပါသလဲ။

ဆရာဝန်၊ သူနာပြု၊ လူမှုဖူလုံရေးအဖွဲ့မှ သတ်မှတ်ထားသည့် ဆေးခန်းအကျယ်အဝန်းရှိရမယ်။ အဲဒီပတ်ဝန်းကျင်မှာ လူမှုဖူလုံရေးအဖွဲ့နဲ့ အကျုံးဝင်မှတ်ပုံတင်ထားတဲ့ အလုပ်ဌာန၊ အလုပ်သမားတွေ နေထိုင်ရာနေရာနဲ့နီးရပါမယ်။ အဲဒါဆိုရင် အလုပ်သမား ဦးရေများပြားတဲ့နေရာတွေမှာ ဦးစားပေးအနေနဲ့ စာချုပ်ဆေးခန်းတွေချုပ်ဆိုပြီး အာမခံ အလုပ်သမားတွေကို ပိတ်ရက်မရှိ (နံနက် ၈ နာရီ မှ ည ၈ နာရီအထိ) ဆေးကုသမှုပေးပါတယ်။

Source: https://www.mol.gov.mm

လူမှုဖူလုံရေး ထည့်ဝင်ရန်အတွက် ကျန်းမာကြောင်းထောက်ခံချက်ဆိုတာ မည်သည့်အခြေအနေကို ရည်ညွှန်းပါသလဲ။ ရည်ညွှန်းသတ်မှတ်ချက် ဖော်ပြချက်ရှိပါသလား။

တစ်ကြိမ်တစ်ခါမျှ လူမှုဖူလုံရေးတွင် အကျုံးဝင်မှတ်ပုံတင်ခဲ့ခြင်းမရှိသော ဆန္ဒအလျောက် မှတ်ပုံတင်တဲ့သူ တွေဟာမဖြစ်မနေ ကျန်းမာကြောင်းထောက်ခံစာယူဖို့ လိုပါတယ်။ အများစုပေါင်းထည့်ဝင်ထားတဲ့ ထည့်ဝင်ကြေးများနဲ့ ဆေးကုသမှုခံယူခွင့်နှင့် ငွေကြေးအကျိုးခံစားခွင့် ခွင့်ပြုတာဖြစ်တဲ့အတွက် မကျန်းမာတဲ့အခြေအနေမှလာရောက် အာမခံထားပြီး ထည့်ဝင်ကြေးပေးသွင်းတာမျိုးမဖြစ်ရအောင် ဆန္ဒအလျောက်မှတ်ပုံတင်သူအတွက်ကို ကျန်းမာကြောင်းထောက်ခံ စာယူတာ ဖြစ်ပါတယ်။

Source: https://www.mol.gov.mm

ဝန်ထမ်းဖြစ်သူက လူမှုဖူလုံရေး ထည့်ဝင်မှ မိသားစုက ထည့်ဝင်လို့ရတာလား။

ဝန်ထမ်းဖြစ်သူက လူမှုဖူလုံရေးထည့်ဝင်မှ မိသားစုက ထည့်ဝင်လို့ရတာ မဟုတ်ပါဘူး။ ဥပဒေပုဒ်မ ၁၂၊ ၂၀ တို့အရ လက်လုပ်လက်စား ပြည်သူတွေဟာလည်း လူမှုဖူလုံရေးနဲ့ အကျုံးဝင်မယ်ဆိုရင် ကျန်းမာကြောင်း ထောက်ခံချက်နဲ့အညီ မည်သူမဆို ဆန္ဒအလျောက် အကျုံးဝင်မှတ်ပုံတင်ခွင့်ရှိပါတယ်။ (၁/၂၀၂၃)လ မှာ (၁,၃၃၃) ဦးဟာ အလုပ်ရှင်မရှိဘဲ ကိုယ်ပိုင်အလုပ်လုပ်သူတွေ၊  ပင်စင်သွားသူတွေ အကျုံးဝင်မှတ်ပုံတင်ထားတာဖြစ်ပါတယ်။

Source: https://www.mol.gov.mm

စည်ပင်သာယာ/လူမှုဖူလုံရေးဌာနတွေသည် ကိုယ်ပိုင်ဝင်ငွေဖြင့် ရပ်တည်သည့်ဌာန သို့မဟုတ် ပြည်သူ့ဝန်ထမ်းတွေလို့ သိထားပါတယ်။ ၁ နှစ်ကို အလုပ်သမား ဥပဒေအရ ခံစားခွင့်တွေအတွက် ဌာနမှငွေကြေး ဘယ်လောက် သုံးစွဲပါသလဲ၊ ဘတ်ဂျက်လျာထားမှုတွေကို ရသုံးမှန်းခြေကို တင်ပြပြီး ခွင့်ပြုချက်ရမှသုံးတာလား။

လူမှုဖူလုံရေးအဖွဲ့ရဲ့ လက်ရှိအကောင်အထည်ဖော်နေသော အာမခံစနစ် (၂)မျိုး အရ ကောက်ခံရရှိတဲ့ ထည့်ဝင်ကြေးများကို အလုပ်သမားများ၏ အကျိုးခံစားခွင့်အတွက် ဥပဒေနှင့်အညီ ခွင့်ပြုထုတ်ပေးလျက်ရှိပြီး စီမံခန့်ခွဲမှုကုန်ကျ စရိတ်တွေကိုလည်း ဥပဒေ ပုဒ်မ ၈၂၊ ၈၃ တို့နှင့် အညီသုံးစွဲ၍ စာရင်းစစ် စစ်ဆေးခြင်းကို နှစ်စဉ်ခံယူရပါတယ်။ လူမှုဖူလုံရေးဝန်ထမ်းများ၏လစာကို နိုင်ငံတော်ဘတ်ဂျက်မှ ကျခံခွင့်ပြုပါတယ်။ အသုံးစရိတ်အကုန်လုံးအတွက် ရသုံးမှန်းခြေငွေစာရင်းဌာနသို့ ကြိုတင်ဘတ်ဂျက် လျာထား၍ ခွင့်ပြုချက်နှင့်အညီ သုံးစွဲရတာဖြစ်ပါတယ်။