ရန်ကုန်တက္ကသိုလ် အဓိပတိလမ်း၏တစ်ဖက်တစ်ချက်တွင် အုပ်ဆိုင်းနေသော သစ်ပင်တန်းလေးသည် မိုးဖွဲဖွဲ၏နမ်းရှိုက်မှုကြောင့် စိမ်းစိုတောက်ပလျက်ရှိသည်။ မေလတွင် ရုတ်တရက် ရွာသွန်းလိုက်သော မိုးသည်းသည်းကြောင့် တက္ကသိုလ်ပရိဝုဏ်အတွင်း မိုးရေတို့ဖုံးလွှမ်းခဲ့ပြီး မိုးတိတ်သွားချိန် နေခြည်ပေါ်ထွန်းလာစဉ်တွင် သစ်ပင်သစ်ကိုင်းတို့၌ တွယ်ငြိနေသော မိုးရေစက်တို့သည် ပင်ရွက်ထိပ် တို့တွင်တွဲခိုလျက် မြေပြင်သို့သက်ဆင်းရန် အားယူကြလျက်ရှိသည်။ ရန်ကုန်တက္ကသိုလ်ပရိဝုဏ်သည် အေးချမ်းတိတ်ဆိတ်လျက် ဘွဲ့နှင်းသဘင်ခန်းမကြီးသည် တည်ငြိမ်ခံ့ညားလျက်ရှိကာ ကျေးငှက်သံတို့ နှင့်အတူ သစ်ရိပ်၊ ဝါးရိပ်တို့ဖြင့် အမိတက္ကသိုလ်ကြီး၏ ထည်ဝါခံ့ညားမှုကို ပေါ်လွင်စေလျက်ရှိသည်။
၁၉၂၀ ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်တွင် ရန်ကုန်တက္ကသိုလ်ကြီးကို စတင်တည်ထောင်ခဲ့ရာ ၂၀၂၀ပြည့်နှစ် ဒီဇင်ဘာလ ၁ ရက်သည် ရန်ကုန်တက္ကသိုလ်၏သက်တမ်းသည် နှစ်(၁၀၀)သို့ တိုင်ခဲ့ပြီဖြစ်၍ ယခုဆိုလျှင် နှစ်ပေါင်းရာကျော်ဖြတ်သန်းခဲ့ပြီဖြစ်သည်။ ကိုလိုနီခေတ်နှင့် ဂျပန်ခေတ်ကိုလည်း ကြံ့ကြံ့ခံဖြတ်သန်းခဲ့သော တက္ကသိုလ်ကြီးဖြစ်သည်။
သမိုင်းအစဉ်အလာကြီးမားသော တက္ကသိုလ်ကြီးဖြစ်သည်နှင့်အညီ နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ် ကြီးတစ်ခုအဖြစ် ယနေ့တိုင်တည်ရှိလျက်ရှိသည်။ ရန်ကုန်တက္ကသိုလ်၏ရင်ခွင်တွင် ခိုလှုံခဲ့ကြသော ကျောင်းသားဟောင်းကြီးများ တက္ကသိုလ်ရိပ်သာလမ်းပေါ်မှ ကျောင်းတော်ကြီးကို ကြည့်လိုက်လျှင် ဖြစ်စေ၊ အဓိပတိလမ်းပေါ်မှကြည့်လိုက်သည်ဖြစ်စေ၊ တက္ကသိုလ်ရိပ်သာလမ်း ကျောင်းတံခါးအဝင်အဝမှ ဘွဲ့နှင်းသဘင်ခန်းမကြီးကိုမြင်တွေ့လိုက်သည်ဖြစ်စေ တစ်ချိန်က ကျောင်းသားဘဝ၏အငွေ့အသက်တို့သည် ရုတ်ခြည်းဝင်ရောက်လာလျက် လွမ်းမောဖွယ်ငယ်ဘဝပုံရိပ်တို့နှင့်အတူ ကြည်နူးအေးချမ်းမှုတို့ကိုပေးစွမ်းလျက်ရှိသည်။ အမိရင်ခွင်သို့ရောက်ရှိလာသော သားသမီးများကို နွေးထွေးစွာကြိုဆိုနေသော ရန်ကုန်တက္ကသိုလ်ကြီးသည် မေတ္တာဓာတ်ကြီးမားစွာ သားကြီး၊ သမီးကြီးများနှင့် သားငယ်၊ သမီးငယ်တို့ကို အပြုံးချိုချိုဖြင့် အစဉ်ထာဝရ လက်ကမ်းကြိုဆိုလျက်ရှိသည်။
ရန်ကုန်တက္ကသိုလ်ဟုဆိုလျှင် အဓိပတိလမ်း(Chancellor Road)နှင့် ယုဒဿန်ကောလိပ်(Judson College)၊ ဘွဲ့နှင်းသဘင်ခန်းမ၊ အင်းယားကန်၊ ပုဂံလမ်း၊ ပုဂံခြံဝင်း၊ စစ်ကိုင်းလမ်း၊ သစ်ပုပ်ပင်၊ ရန်ကုန် တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်ရိပ်သာလမ်းတို့သည် အမိတက္ကသိုလ်ရင်ခွင်တွင် ခိုလှုံသူတို့၏ နှလုံးသားတို့၌ ပုံရိပ်များစွာစွဲကျန်လျက်ရှိသည်။ အထူးသဖြင့် ရန်ကုန်တက္ကသိုလ်နှင့် သစ်ပုပ်ပင်၊ သစ်ပုပ်ပင်နှင့် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တို့သည် ကဗျာဝါသနာရှင်နှင့် စာပေဝါသနာရှင်တို့အတွက် အထူးအမှတ်ရဖွယ် အတိတ်ပုံရိပ်များဖြစ်သည်။ သစ်ပုပ်ပင်ကြီးအောက်တွင် စာဖတ်ခြင်းနှင့် ဝိုင်းဖွဲ့အနားယူခဲ့ကြသူများပို၍ သတိရဖွယ်များပင်ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မတည်ထောင်မီက တည်ရှိခဲ့သော သစ်ပုပ်ပင်နှင့် ဒုတိယကမ္ဘာစစ်ကာလကို ကြံ့ကြံ့ခံဖြတ်သန်းခဲ့သော ရန်ကုန်တက္ကသိုလ် စာကြည့်တိုက်တို့သည် သမိုင်းဝင်ညီအစ်ကိုပမာ တစ်ယောက်အကြောင်းကို တစ်ယောက်သိကြသည့် ခေါင်းနှင့်ပန်းဒင်္ဂါးပြားကဲ့သို့ ယှဉ်တွဲလျက်ရှိသည်။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ရှေ့မှ သစ်ပုပ်ပင်ကြီးကို လှမ်းမြင်ရသည့်နည်းတူ သစ်ပုပ်ပင်ကြီးအနီးတွင် ထည်ဝါစွာတည်ရှိနေသော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီးကို လှမ်းမြင်ရမည်ဖြစ်သည်။ အဆိုပါ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီးနှင့်ကပ်လျက်တွင် ရန်ကုန်တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်သည်လည်း ခံ့ညားထည်ဝါစွာ တည်ရှိလျက်ရှိသည်။
ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သည် နိုင်ငံ၏အမျိုးသားစာပေ၊ ခေတ်မီစာပေနှင့် ယဉ်ကျေးမှုအမွေ အနှစ်တို့ စုဝေးထားရှိရာနေရာဖြစ်သည့်အပြင် နိုင်ငံတော်အတွက် ပညာတတ်များစွာ မွေးထုတ်ပေးနေသော တက္ကသိုလ်ကြီးတည်ရှိရာ နေရာတစ်ခုအဖြစ် ဂုဏ်ရောင်လွှမ်းလျက်ရှိသည်။ စာတွေ့၊ လက်တွေ့သင်ကြားပေးမှုနှင့်အတူ ကမ္ဘာ့စာပေဗဟုသုတများစွာ သိုလှောင်ဖြန့်ဖြူးပေးရာ နေရာလည်းဖြစ်သည်။ ၁၉၂၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်ကို စတင်ဖွင့်လှစ်ချိန်၌ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ဟူ၍ မရှိသေးပေ။ မြန်မာနိုင်ငံဘုရင်ခံ တက္ကသိုလ်အဓိပတိဖြစ်သော ဆာဟာကုတ်ဘတ္တလာ(Sir Hercourt Butler)က ၁၉၂၇ ခုနှစ် ဒီဇင်ဘာလ ၈ ရက်တွင် စာကြည့်တိုက်ကြီးကိုတည်ဆောက်ရန် အုတ်မြစ်ချခဲ့သည်။ စာကြည့်တိုက်အဆောက်အအုံအတွက် စေတနာရှင် Rao Bahudur Sithamlera Reddier က ရူပီးငွေနှစ်သိန်း လှူဒါန်းခဲ့ခြင်းဖြစ်သည်။ စာကြည့်တိုက်သည် L ပုံစံနှစ်ထပ်တိုက်ဖြစ်ပြီး စာအုပ်ထားသိုခန်းကို အထပ်လေးထပ်ဖြင့် ဖွဲ့စည်းထားသည်။ လေးထပ်စာအုပ်စင်၏ ကြမ်းခင်းများမှာ မြေညီထပ်မှလွဲ၍ ခိုင်မာသောဆန်ခါပေါက်ကြမ်းခင်းများဖြစ်သည်။ စာကြည့်တိုက်အကျယ်အဝန်းမှာ ပေ ၁၂၀ x ၃၆ ပေနှင့်အမြင့် ၇၂ ပေရှိပြီး မြေအောက်ခန်းပါရှိသည်။ ဒေါင်လိုက်ပြတင်းပေါက်များ လုံလောက်စွာဖောက်ထားပြီး လေဝင်လေထွက်ကောင်းမွန်သော စာကြည့်တိုက်ကြီးဖြစ်သည်။
တည်ဆောက်မှုကို ၁၉၃၁ ခုနှစ်တွင် အပြီးသတ်ခဲ့ပြီး ထိုနှစ်မှာ မြန်မာပြည်ဘုရင်ခံ Sir Charles Alexander Innes က ဖွင့်လှစ်ပေးခဲ့သည်။ ယခု ၂၀၂၅ ခုနှစ်ဆိုလျှင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် သက်တမ်းသည် ၉၂ နှစ်သို့ ချင်းနင်းဝင်ရောက်ခဲ့ပြီဖြစ်သည်။ ဒုတိယကမ္ဘာစစ်မတိုင်မီက အရှေ့တောင်အာရှတွင် ခေတ်အမီဆုံးနှင့် စာအုပ်စာပေစုံလင်သောစာကြည့်တိုက်ကြီးတစ်ခုအဖြစ် သမိုင်းမှတ်တမ်းဝင်ခဲ့သည်။
စစ်ပြီးခေတ်တွင် ပြည်ထောင်စုပါလီမန်က ပြဋ္ဌာန်းပေးခဲ့သော ပုံနှိပ်တိုက်အက်ဥပဒေ(ပြင်ဆင်ချက်) အရ မြန်မာနိုင်ငံတစ်ဝန်းမှ ပုံနှိပ်ထုတ်ဝေသော စာအုပ်စာတမ်းများကို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် ထိန်းသိမ်းပေးနိုင်ခဲ့သည်။ စစ်ပြီးကာလတွင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သည် ပြာပုံဘဝမှ ပြန်လည်ထူထောင်ခဲ့သည်။ ဒုတိယကမ္ဘာစစ်ပြီးဆုံးလုနီး ၁၉၄၅ ခုနှစ် ဧပြီလတွင် ရန်ကုန်မြို့မှပြန်လည်ဆုတ်ခွာသွားသော ဂျပန်များသည် စာကြည့်တိုက်အဆောက်အအုံကိုဖောက်ခွဲဖျက်ဆီးခဲ့ရာ စာကြည့်တိုက်အဆောက်အအုံအမိုးများမရှိဘဲ စာအုပ်ထားသိုခန်းနှင့်စာအုပ်စင်များ မီးလောင်မှုကြောင့် ကောက်ကွေ့ကျိုးပျက်ခဲ့ပြီး စာကြည့်တိုက်အဝင်အဝ အခန်းကြမ်းပြင်သည် ပြိုကျခဲ့သည်။ စာအုပ်များမီးလောင်ကျွမ်းမှုကြောင့် ပြာပုံအတိကျန်ရစ်ခဲ့သည်။ သံမဏိဗီရိုအတွင်း သိမ်းဆည်းထားသော ပေပုရပိုက်များသည် ပြာခဲများဖြစ်နေခဲ့သည်။ ဒုတိယကမ္ဘာစစ်တွင် ရန်ကုန်မြို့သာမက ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် စုဆောင်းထားရှိသော စာအုပ်စာတမ်းများအားလုံးနီးပါး ဝါးမျိုဖျက်ဆီးခံခဲ့ရသည်။
၁၉၃၀ ပြည့်နှစ်တွင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက် အဆောက်အအုံတည်ဆောက်ပြီးချိန်၌ မြန်မာအမျိုးသားထဲမှ ပထမဆုံးစာကြည့်တိုက်ပညာဘွဲ့ရရှိထားသော ဆရာဦးခင်ဇော်သည် ရန်ကုန်တက္ကသိုလ် ၏ ပထမဆုံးအမြဲတမ်း စာကြည့်တိုက်မှူးဖြစ်ခဲ့သည်။
ဆရာကြီးစုဆောင်းခဲ့သော စာပေရတနာသိုက် ကြီးသည် စစ်အတွင်း၌ ဖျက်ဆီးခံခဲ့ရသည်။ စစ်ကြီးပြီးချိန်တွင် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို ပြန်လည်တည်ထောင်ခဲ့သော ဆရာဦးသိန်းဟန်(ဆရာဇော်ဂျီ)သည် ၁၉၄၆ ခုနှစ်တွင် စာကြည့်တိုက်မှူး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။ ဆရာ ဦးသိန်းဟန်(ဆရာဇော်ဂျီ) တာဝန်ထမ်းဆောင်နေစဉ် ၁၉၆၄ ခုနှစ်တွင် စနစ်သစ်ပညာရေးစနစ်မူဝါဒအရ တက္ကသိုလ်၊ ကောလိပ်များအားလုံး ကိုယ်စားပြုသည့် စာကြည့်တိုက်ကြီးတစ်ခုကို ဖွဲ့စည်းတည်ထောင်မှုဖြင့် ရန်ကုန်တက္ကသိုလ်ကို တက္ကသိုလ်များဗဟိုစာကြည့်တိုက်ဟု ပြောင်းလဲခေါ်ဆိုခဲ့သည်။ ၁၉၆၇ ခုနှစ်တွင် ပြုပြင်ဖွဲ့စည်းမှုအရ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်များဗဟိုစာကြည့်တိုက်ဟူ၍ စာကြည့်တိုက်နှစ်ခုကပ်လျက် သီးခြားယှဉ်တွဲပြီး ပေါ်ထွန်းလာခဲ့သည်။ ဆရာကြီးဦးသော်ကောင်းသည် တက္ကသိုလ်များဗဟိုစာကြည့်တိုက်တွင် စာကြည့်တိုက်မှူးတာဝန်ကို ထမ်းဆောင်ခဲ့ပြီး ၁၉၈၇ ခုနှစ်တွင် ဒေါ်မြင့်မြင့်ခင်က ရန်ကုန်တက္ကသိုလ်၏ စာကြည့်တိုက်မှူးအဖြစ် ပထမဆုံးတာဝန်ယူ၍ ၁၉၉၄ ခုနှစ်အထိ ထမ်းဆောင်ခဲ့သည်။ တက္ကသိုလ်များ ဗဟိုစာကြည့်တိုက်မှူးတာဝန်ကို ဆရာဦးသိန်းဟန်(ဆရာဇော်ဂျီ)သည် ၁၉၆၈ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ၁၉၆၉ ခုနှစ်တွင် ဆရာကြီး ဒေါက်တာစည်သူသော်ကောင်းက စာကြည့်တိုက်မှူးတာဝန်ကို ဆက်လက်ထမ်းဆောင်၍ စာကြည့်တိုက်လုပ်ငန်းများကို တိုးချဲ့ဆောင်ရွက်မှုဖြင့် စာအုပ်စာတမ်းများတိုးတက်များပြားခဲ့သည်။ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကို ၁၉၈၇ ခုနှစ်တွင် အသစ်တစ်ဖန် ပြန်လည်ဖွင့်လှစ်ချိန်တွင် စာကြည့်တိုက်မှူးအဖြစ် ဒေါ်မြင့်မြင့်ခင်က စတင်တာဝန်ယူခဲ့ပြီး ၁၉၉၅ ခုနှစ်မှစ၍ ဆရာဦးမြတ်စိုး၊ ဦးကျော်ဝင်း၊ ဒေါ်ခင်နှင်းဦး၊ ဒေါက်တာလှိုင်လှိုင်ကြီး၊ ဒေါ်သင်းသင်းစိုးတို့ အသီးသီးတာဝန်ထမ်းဆောင်ခဲ့ကြကာ ယနေ့အချိန်တွင် ဒေါ်သန်းသန်းဌေးကတာဝန်ယူထမ်းဆောင်လျက်ရှိသည်။
ယနေ့အချိန် ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် မြန်မာစာအုပ် ၈၁၈၆၈ အုပ်၊ အင်္ဂလိပ်စာအုပ် ၄၈၆၀၉ အုပ်၊ စာနယ်ဇင်း ၂၈ မျိုးနှင့် ပေစာ ၁၈၈ ကျမ်းတို့ စုဆောင်းထားရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် စာအုပ်စာတမ်းများတိုးတက်စုဆောင်းလာလျက်ရှိသည်။ စာဖတ်သူတို့အား စာကြည့်တိုက်အတွင်းဖတ်ရှုသည့် သမားရိုးကျစနစ်နှင့် Electronic စနစ်တို့ဖြင့် ဝန်ဆောင်မှုနှစ်မျိုးပေးထားသည်။ သမားရိုးကျစနစ်၌ ကတ်တလောက်စနစ်၊ စာဖတ်သူနှင့်စာအုပ်များရင်းနှီးမှုရှိစေရန် အသစ်ဝယ်ယူထားသော ပညာရပ်ဆိုင်ရာစာအုပ်များနှင့် ဗဟုသုတဖြစ်ဖွယ်စာအုပ်များကို စင်ဖွင့်စနစ်အသုံးပြုထားခြင်း၊ စာအုပ်အသစ်များအားဖတ်ရှုနိုင်ရန် Display ပြသပေးခြင်း၊ စာဖတ်သူများတောင်းဆိုပါက စာအုပ်များထားသိုခန်းအတွင်း ကိုယ်တိုင်ရှာဖွေလေ့လာနိုင်ခြင်း၊ ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်၏ ကြေညာဘုတ်တွင်ဖော်ပြပေးထားသည့်အပြင် စာကြည့်တိုက်၏ Facebook မှ New Arrival စာအုပ်များကိုကြေညာပေးခြင်း၊ Library Orientation များပြုလုပ်ပေးခြင်းတို့ဖြင့် ကျောင်းသား၊ ကျောင်းသူများနှင့် စာဖတ်သူများ စာဖတ်ရှိန်မြင့်မားစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။ ယခုအခါ ကျမ်းစာအုပ်များနှင့်သုတေသနစာစောင်များကို ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်တွင် ဖတ်ရှုလေ့လာနိုင်လျက်ရှိသည်။ စာပေဖတ်ရှုသူများသိလိုသော အထောက်အထားနှင့် အချက်အလက်အချို့များ စာကြည့်တိုက်တွင်မရှိပါက စာကြည့်တိုက်အချင်းချင်း စာပေပစ္စည်းခွဲဝေသုံးစွဲမှုစနစ် (Resources Sharing System) ဖြင့် အခြားသောစာကြည့်တိုက်များထံဆက်သွယ်ကူညီရှာဖွေပေးလျက်ရှိပြီး စာပေအချက်အလက်ဆိုင်ရာ ပညာရှင်များနှင့် တွေ့ဆုံမေးမြန်းနိုင်ရန် စီမံဆောင်ရွက်ပေးလျက်ရှိကာ စာကြည့်တိုက်ဝန်ဆောင်မှုအား နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရုံးဖွင့်ရက်အပြင် စနေနေ့တွင်လည်း နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီအထိ ဖွင့်လှစ်ပေးထားလျက်ရှိသည်။
Open Society Foundation ၏အဆင့်မြင့် ပညာရေးအထောက်အကူပြုအစီအစဉ်ဖြစ်သော Electronic Information for Libraries(EIFL) Project အား ၂၀၁၄ ခုနှစ် ဇန်နဝါရီလတွင် စတင်ခဲ့သည်။
ထို Project သည် ပညာရပ်မျိုးစုံပါဝင်သော Online database ပေါင်း ၃၅ ခုဖြင့် ရန်ကုန်တက္ကသိုလ်နှင့်မန္တလေးတက္ကသိုလ်တို့တွင်အသုံးပြုနိုင်ခဲ့သည်။
ဒဂုံတက္ကသိုလ်နှင့် စီးပွားရေးတက္ကသိုလ်(ရန်ကုန်)တို့တွင်လည်း အသုံးပြုနိုင်ခဲ့သည်။ e-Journal ပေါင်း ၁၀၀၀၀ ကျော်၊ e-book ပေါင်း ၁၃၀၀၀၀ ကျော်ကို သင်ကြားရေးနှင့် သုတေသနပြုရေးတို့အတွက် အဆင့်မြင့်အရည်အသွေးရှိသော နိုင်ငံတကာဂျာနယ်၊ ဆောင်းပါး၊ မဂ္ဂဇင်းများကို Electronic Libraryအသွင်ဖြင့် Online မှတစ်ဆင့် ဖတ်ရှု၊ ကိုးကား အသုံးပြုလျက်ရှိသည်။ Database ၃၅ ခုကို စုစည်းထားပြီး EBSCO Discovery Service (EDS)မှတစ်ဆင့် အသံဖိုင်၊ ဗီဒီယိုဖိုင်၊ ရုပ်ပုံများ၊ သတင်းစာအဆောင်ရေ ၄၀ ကျော်နှင့် ရည်ညွှန်းစာအုပ်များဖြင့် တက္ကသိုလ်ဆိုင်ရာ ပညာရတနာသိုက်တစ်ခုအဖြစ် ထိန်းသိမ်းထားလျက်ရှိသည်။ ထို Online Database တို့ကို မည်ကဲ့သို့အသုံးပြုပုံနှင့် ရှာဖွေမှုတို့ကို စဉ်ဆက်မပြတ် သင်တန်းများပေးလျက် အသုံးပြုနိုင်ရန် ဝန်ဆောင်မှုများပေးလျက်ရှိသည်။ မြန်မာနိုင်ငံဆိုင်ရာ ရှားပါးစာအုပ် ၁၈၈ အုပ်နှင့် ပညာရပ်ဆိုင်ရာ e-books ၃၅၀၀ ကျော်ဖြင့် ဝန်ဆောင်မှုပေးနေပြီး လိုအပ်သောအချက်အလက်များကို CD ဖြင့်ကူးပေးခြင်းနှင့် စာဖတ်သူတို့သိလိုသည်များကို တယ်လီဖုန်း၊ e-mail၊ facebook တို့မှပြန်လည်ဖြေကြားပေးလျက်ရှိသည်။
Electronic စနစ်တွင် Electronic Library Management System(ELIB)ဖြင့် အင်္ဂလိပ်၊ မြန်မာစာ၊ ကျမ်းစာ၊ ပေစာနှင့် စာနယ်ဇင်းအမျိုးမျိုးတို့ကို ထည့်သွင်းထားသဖြင့် စာပေဖတ်ရှုသူတို့လိုအပ်သော စာအုပ်အမျိုးအစားများကိုအချိန်တိုအတွင်းရှာဖွေဖတ်ရှုနိုင်လျက်ရှိသည်။
မြန်မာနိုင်ငံတွင်ရှိသော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်နှင့် တက္ကသိုလ်များဗဟိုစာကြည့်တိုက်တို့တွင် ထိန်းသိမ်းထားရှိသော စာအုပ်စာပေမှတ်တမ်း၊ ပုရပိုက်များနှင့်ဒေတာအချက်အလက်များသည် နိုင်ငံအတွက်တန်ဖိုးဖြတ်၍မရသော မြန်မာ့စာပေယဉ်ကျေးမှုအမွေအနှစ်တို့စုဝေးရာ အမြုတေများ ဖြစ်သည်။ ကမ္ဘာ့နိုင်ငံများရှိ တက္ကသိုလ်များတွင်လည်း စာကြည့်တိုက်များအသီးသီးရှိကြရာ စာပေ၊ ယဉ်ကျေးမှုနှင့်အတူ ရှေးဟောင်းအဆောက်အအုံအမွေအနှစ်တို့ကို နိုင်ငံ၏အမျိုးသားအမွေအနှစ်တစ်ခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် ဂုဏ်ယူကြလျက်ရှိသည်။
ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက်များယနေ့ကမ္ဘာသည် နည်းပညာတိုးတက်လာသည်နှင့်အမျှ စာပေထက် စမတ်ဖုန်းနှင့်ကွန်ပျူတာကို တွင်ကျယ်စွာအသုံးပြုလာလျက်ရှိသည်။ “စာအုပ်စာပေ လူ့မိတ်ဆွေ” ဟူသော ရှေးစကားနေရာတွင် “အင်တာနက်ကမ္ဘာ နစ်မျောရှာ” ဟု ဆိုရမလိုဖြစ်နေသည်။ ထို့ကြောင့် ကမ္ဘာ့ခေါင်းဆောင်များသည်နိုင်ငံသားများစာပေဆိုင်ရာဖတ်ရှုလေ့လာနိုင်ရန် တိုက်တွန်းအား ပေးကြလျက်ရှိသည်။ မြန်မာနိုင်ငံတွင်လည်း စာပေဖတ်ရှုမှုထက် အင်တာနက်ဖြင့် ဖုန်းအသုံးပြုသော ယဉ်ကျေးမှုသည် သက်ကြီးရွယ်အိုမှစ၍ ထိုင်တတ်စကလေးအရွယ်အထိ စွဲမြဲစွာအသုံးပြုလာကြလျက်ရှိသည်။ ထို့ကြောင့် နိုင်ငံတော်မှ စာပေဖတ်ရှုလေ့လာရန် တွန်းအားတစ်ရပ်အနေဖြင့် အစဉ်ကြိုးပမ်းဆောင်ရွက်နေခြင်းဖြစ်သည်။ စာကောင်းပေမွန်များသည် စာကြည့်တိုက်များအတွင်း တည်ရှိနေပြီး ထိုစာပေများကို လေ့လာဖတ်ရှုခြင်း၊ စာတမ်းများရေးသားပြုစုခြင်းနှင့် ကျမ်းပြုစုခြင်းတို့ဖြင့် ပညာရည်ထူးချွန်ထက်မြက်သောဘဝကို ပိုင်ဆိုင်နေကြခြင်းဖြစ်သည်။ စာပေထက်မြက်ခြင်းသည် အရာရာကိုလွှမ်းမိုးကြီးစိုးနိုင်သော အသိပညာကိုပေးစွမ်းခြင်းဖြစ်ရာ ထိုသို့ပေးစွမ်းနေသော သာဓကများအဖြစ် ကမ္ဘာ့စာကြည့်တိုက်များက မီးမောင်းထိုးပြလျက်ရှိသည်။ ထို့ကြောင့် စာကြည့်တိုက်များကို ကမ္ဘာကြီး၏ ပြတင်းပေါက်များဟု အသိအမှတ်ပြုထားခြင်းဖြစ်သည်။
The British Library
The British Library သည် အင်္ဂလန်နိုင်ငံ လန်ဒန်မြို့၌တည်ရှိပြီး ၁၉၇၂ ခုနှစ်တွင် တည်ဆောက်ခဲ့၍ကမ္ဘာပေါ်တွင် အကြီးဆုံးစာကြည့်တိုက်ကြီးဖြစ်သည်။ ထိုစာကြည့်တိုက်ကြီးတွင် Karl Marx ၊ Oscar Wide နှင့် Mahatma Gandhi စသည့် ကမ္ဘာကျော်ပုဂ္ဂိုလ်များ စာပေလေ့လာလိုက်စားခဲ့သော စာကြည့်တိုက်ကြီးဖြစ်သည်။ စာကြည့်တိုက်တွင် ရှေးဟောင်းနှင့် ကာလပေါ်စာအုပ်စာပေများအပြင် ကမ္ဘာ့နိုင်ငံအသီးသီး၏ စာပေမှတ်တမ်း သန်း ၁၇၀ မှ သန်း ၂၀၀ကြား စုဆောင်းထားရှိသည့် စာကြည့်တိုက်ကြီးဖြစ်သည်။ ကမ္ဘာ့အကြီးဆုံး စာကြည့်တိုက်ကြီးတွင် ဂူတင်ဘတ်၏ သမ္မာကျမ်းစာနှစ်အုပ်၊ လီယိုနာရိုဒါဗင်ချီ၏ ရှားပါးမှတ်စုစာအုပ်တစ်အုပ်ကိုလည်း စုဆောင်းထားရှိသည်။
Library Of Congress
Library Of Congress စာကြည့်တိုက်သည် အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြို့၌တည်ရှိပြီး ကမ္ဘာ့ဒုတိယအကြီးဆုံး စာကြည့်တိုက်တစ်ခုဖြစ်သည်။ ၁၈၀၀ ပြည့်နှစ်ခန့်တွင် ဖွင့်လှစ်ခဲ့ပြီး ကမ္ဘာ့နိုင်ငံအသီးသီး၏ စာပေမှတ်တမ်းများစွာ စုစည်းထားရှိသော စာကြည့်တိုက်ကြီးတစ်ခုဖြစ်သည်။ အဆိုပါ စာကြည့်တိုက်အတွင်း နာမည်ကျော် Stradivarius ၏ တယောနှင့် ရှားပါးစာအုပ်များ၊ ရုပ်ပုံကားချပ်များပြသထားပြီး ဘာသာစကား ၄၅၀ ခန့် ရေးသားထား၍ စာအုပ်စာပေ ၃၉ သန်းခန့်ထားရှိသည်။ ရှားပါးစာအုပ် ရှစ်သိန်းခန့်ရှိပြီး အမေရိကန်လွတ်လပ်ရေးကြေညာစာတမ်း၊ ကမ္ဘာပေါ်တွင် သုံးအုပ်တည်းသာရှိသည့် ၁၅ ရာစုထုတ် ဂူတင်ဘတ်သမ္မာကျမ်းစာနှင့် ၁၆၄၀ ပြည့်နှစ်ထုတ် ကျမ်းစာအုပ်ကိုလည်း ထိန်းသိမ်းထားရှိသည်။ ကမ္ဘာပေါ်တွင် စတုတ္ထအကြီးဆုံးစာကြည့်တိုက်ဖြစ်သည့် New York Public Library စာကြည့်တိုက်ကြီးသည်လည်း အမေရိကန်နိုင်ငံနယူးယော့ခ်မြို့ Manhattan တွင် ဖွင့်လှစ်ထားရှိလျက်ရှိသည်။
Shanghai Library
Shanghai Library သည်ကမ္ဘာပေါ်တွင် တတိယအကြီးဆုံး စာကြည့်တိုက်ကြီးဖြစ်ပြီး တရုတ်နိုင်ငံ ရှန်ဟိုင်းမြို့တွင် ၃၈၄ ပေမြင့်သည့် ၂၄ ထပ်အဆောက်အအုံတွင် ဖွင့်လှစ်ထားခြင်းဖြစ်သည်။ ၁၉၂၅ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သော ရှန်ဟိုင်းအရှေ့စာကြည့်တိုက်အပါအဝင် စာကြည့်တိုက်များစွာပူးပေါင်း၍ ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ စာကြည့်တိုက်ကြီးတွင် ရှန်ဟိုင်းသိပ္ပံနှင့်နည်းပညာကျောင်းကိုလည်း ဖွင့်လှစ်ထားပြီး ရှားပါးစာအုပ်များအပြင် ကမ္ဘာ့နိုင်ငံများမှ ဘာသာစကားပေါင်းစုံနှင့် စာအုပ်ပေါင်းများစွာ ထိန်းသိမ်းထားရှိ၍ စာအုပ်စာပေပေါင်း ၅၆ သန်းခန့် စုဆောင်းထားရှိသည်။
The Joe and Rika Mansueto
စာကြည့်တိုက်ကမ္ဘာ့အကောင်းဆုံး တက္ကသိုလ်စာကြည့်တိုက်များတွင်ပါဝင်သော University of Chicago တွင်ရှိ သည့် The Joe and Rika Mansueto စာကြည့်တိုက်ကို ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး အဆောက်အအုံဗိသုကာလက်ရာများသည် Modernized ဖြစ်သောကြောင့် ခေတ်မီဆန်းသစ်လျက်ရှိသည်။ အဆောက်အအုံအမိုးကိုဖန်သားပြင်ဖြင့် တည်ဆောက်ထားပြီး ညပိုင်းစာကြည့်ချိန်နှင့်မိုးရွာနေချိန်တို့တွင် မိုးကောင်းကင်၏သဘာဝအလှကို တိုက်ရိုက်တွေ့မြင်ရသည့်အတွက် စာပေဖတ်ရှုမှုစွမ်းရည်မြှင့်တင်ခြင်းကို အထောက်အပံ့ဖြစ်စေလျက်ရှိသည်။ စာကြည့်တိုက်အတွင်းဖတ်ရှုလိုသော စာအုပ်၊ စာတမ်းများကို မြန်ဆန်လွယ်ကူစွာဖတ်ရှုနိုင်ရန် Robotic Cranes များထား၍ ရှာဖွေဖတ်ရှုမှုတွင် အဆင်ပြေမြန်ဆန်စေလျက်ရှိသည်။
Hachioji Library
ဂျပန်တက္ကသိုလ် Tama Art University တွင်ရှိသော Hachioji Library စာကြည့်တိုက် အဆောက် အအုံ၏ ဗိသုကာလက်ရာမှာ ဥရောပပုံစံလက်ရာဖြစ်ပြီး အင်္ဂတေမျက်နှာကြက်အခုံးများဖြင့် အလှဆင် ထားပြီး ယခင်ခေတ်ကအဆောက်အအုံအား ခေတ်မီအဆောက်အအုံအဖြစ် ပြန်လည်မွမ်းမံထားသော စာကြည့်တိုက်အပြင်အဆင်ကဲ့သို့ ထူးခြားလှပလျက်ရှိသည်။ စာအုပ်စာပေစုံလင်စွာ ကမ္ဘာ့အကောင်းဆုံးစာကြည့်တိုက်တစ်ခုအဖြစ် ရပ်တည်လျက်ရှိသည်။
Johns Hophins University မှ George Peabody Library
ခေတ်မီအိုင်တီနည်းပညာခေတ်တွင် စာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်လာသည်နှင့်အညီ နှစ်ပေါင်း ၂၀၀ ကျော်ကတည်ဆောက်ခဲ့သော စာကြည့်တိုက်များကို ပြန်လည်ပြုပြင်မွမ်းမံ၍ ထိန်းသိမ်းစောင့် ရှောက်လျက်ဖွင့်လှစ်ထားသော စာကြည့်တိုက်အိုကြီးများ၏ ကျော်ကြားမှုကိုလည်း ယနေ့ခေတ် တက္ကသိုလ်စာကြည့်တိုက်များ ယှဉ်ပြိုင်ရန် မဝံ့မရဲဖြစ်နေသည်မှာ ဆန်းကြယ်လှသည်မဟုတ်ပေ။ အမေရိကန်နိုင်ငံ၌ ၁၈၇၈ ခုနှစ်တွင် တည်ရှိခဲ့သော Johns Hophins University မှ George Peabody Library သည် မှတ်တမ်းသုတေသနဟောင်းများစွာ သိုမှီးထိန်းသိမ်းထားသော ကမ္ဘာ့တက္ကသိုလ်စာကြည့်တိုက်များတွင် တစ်ခုအပါအဝင်ဖြစ်သည်။
University of Coimbra မှ The Joanine Library
University of Coimbra မှ The Joanine Library သည်လည်း ရှေးကျသော စာကြည့်တိုက်တစ်ခုဖြစ်ပြီး အဆိုပါစာကြည့်တိုက်ကြီးအား ၁၈ ရာစုတွင် ပေါ်တူဂီဘုရင် King John V အမိန့်ဖြင့် တည်ဆောက်ခဲ့ရာ ပေါ်တူဂီနိုင်ငံ၏ အမွေအနှစ်တစ်ခုလည်း ယနေ့တိုင် ထိန်းသိမ်းထားရှိလျက်ရှိသည်။
ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်စာကြည့်တိုက်
ကမ္ဘာပေါ်တွင် ကမ္ဘာ့အကြီးဆုံးစာကြည့်တိုက်များ ဂုဏ်ယူဖွယ်တည်ရှိသည့်အပြင် ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်များလည်း တည်ရှိလျက်ရှိသည်။ စာပေသည် နိုင်ငံတစ်နိုင်ငံ၏ ရတနာများစုဝေးရာ ရတနာသိုက်ကြီးလည်းဖြစ်သည်။
ဟားဗတ်စာကြည့်တိုက်
ကမ္ဘာ့အကောင်းဆုံးတက္ကသိုလ်ဖြစ်သည့် ဟားဗတ်တက္ကသိုလ်တွင် ကမ္ဘာ့အကောင်းဆုံး စာကြည့်တိုက်များ တည်ရှိနေခြင်းသည် ထူးခြားမှုမဟုတ်သော်လည်း ထိုစာကြည့်တိုက်များအတွင်း၌ ရှားပါးစာအုပ်များ၊ ရှားပါးဓာတ်ပုံများနှင့် ရှားပါး Collection များသည် အံ့ဩဖွယ်ထူးခြားမှုတစ်ခုပင်ဖြစ်သည်။ ဟားဗတ်စာကြည့်တိုက်ကို ၁၆၃၈ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ယခုဆိုလျှင် နှစ်ပေါင်း ၃၈၇ နှစ် သက်တမ်းရှိခဲ့ပြီဖြစ်သည်။ ဟားဗတ်စာကြည့်တိုက်သည် အမေရိကန်ပြည်ထောင်စုတွင် သက်တမ်းအရင့်ဆုံး တက္ကသိုလ်စာကြည့်တိုက်တစ်ခုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံး Academic စာကြည့်တိုက်ကြီးတစ်ခုဖြစ်သည်။ အွန်လိုင်းနှင့်ငှားရမ်းဖတ်ရှုလေ့လာနိုင်သော ပညာရပ်ဆိုင်ရာ စာအုပ်များစွာရှိပြီး Digitized ဖြင့်ပြုလုပ်ထားသော Item ပေါင်းခြောက်သန်းကျော်ရှိကာ လက်ရေးမူဖြင့် သန်း ၄၀၀ ကျော်ပြုစုထားသည်။ ထို့ပြင် Digital Image ပေါင်း သန်းချီပိုင်ဆိုင်ထားသောကြောင့် စာအုပ်စာတမ်း ကြွယ်ဝမှုတွင် ဟားဗတ်စာကြည့်တိုက်၏တန်ဖိုးသည် တန်ဖိုးဖြတ်၍မရကြောင်းကို တွေ့မြင်ရမည်ဖြစ်သည်။ အထူးသဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က လူသားတို့၏ သိပ္ပံဆိုင်ရာတွေ့ရှိချက်များကို ရေးသားပြုစုထိန်းသိမ်းထားရာ စာကြည့်တိုက်ကြီးတစ်ခုဖြစ်၍ ကမ္ဘာ့ရတနာသိုက်ကြီးသဖွယ် တင်စားခေါ်ဝေါ်ကြခြင်းဖြစ်သည်။
အမေရိကန်နိုင်ငံတွင် တည်ရှိသော University of Chicago ၏ The Joe and Rika Mansueto Library သည် ခေတ်မီသော ဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားပြီး ၂၀၁၁ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ ၍ စာအုပ်စာပေများစွာ သိုမှီးထားသော မှန်သားအမိုးဖြင့် တည်ဆောက်ထားသည့် တက္ကသိုလ်စာကြည့် တိုက်တစ်ခုအဖြစ် ကျော်ကြားလျက်ရှိသည်။ ဂျပန်နိုင်ငံတွင်ရှိသော Tama Art University ၏ Hachioji Library တက္ကသိုလ်စာကြည့်တိုက်သည် နိုင်ငံ၏ဂုဏ်ယူဖွယ် စာကြည့်တိုက်တစ်ခုအဖြစ်တည်ရှိလျက် ရှိပြီး ရှေးစာပေများပါမကျန် စုဆောင်းထားရှိသော စာကြည့်တိုက်တစ်ခုအဖြစ် ဖွင့်လှစ်လျက်ရှိကာ စာကြည့်တိုက်အဆောက်အအုံကို ဥရောပဗိသုကာလက်ရာများဖြင့် တည်ဆောက်ထားသည်။ အမေရိကန်ပြည်ထောင်စုတွင် Johns Hopkins University ၏ George Peabody Library ၊ ပေါ်တူဂီနိုင်ငံ University of Coimbra ၏ The Joanina Library တို့သည် ၁၈ ရာစုတွင်တည်ဆောက်ခဲ့သော စာကြည့်တိုက်များဖြစ်ပြီး ယနေ့တွင် ခေတ်မီစာပေများအပြင် သုတေသနအတွက် ရှေးဟောင်းစာပေများ ထိန်းသိမ်းထားရှိရာ စာပေဘဏ်တိုက်ကြီးများအဖြစ် တည်ရှိလျက်ရှိသည်။ ကမ္ဘာ့တက္ကသိုလ်များတွင် စာကြည့်တိုက်ကိုယ်စီရှိကြပြီး စာပေအသိမြင့်မားမှုမှ နည်းပညာခေတ်မီတိုးတက်သောခေတ်သို့ တဖြည်းဖြည်းတက်လှမ်းလာကြလျက်ရှိသည်။ အမေရိကန်၊ တရုတ်၊ ရုရှားနှင့် အိန္ဒိယစသည့် ကမ္ဘာ့အင်အားကြီးနိုင်ငံတို့တွင် ကမ္ဘာ့စာကြည့်တိုက်များဖွင့်လှစ်ထားရှိပြီး ခေတ်မီတိုးတက်လာခြင်းသည် စာပေလေ့လာဖတ်ရှုမှု၊ သင်ကြားမှုတန်ဖိုးပေါ်မူတည်၍ ဖွံ့ဖြိုးလာခြင်းဖြစ်သည်။
စံပြုထိုက်သော စာကြည့်တိုက်ကြီးတစ်ခုအဖြစ်တစ်ချိန်က အရှေ့တောင်အာရှ၌ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီးတွင် စာပေပညာရပ်များကိုလေ့လာ၍ ရန်ကုန်တက္ကသိုလ်ကြီးတွင် ဥရောပနှင့်အာရှသားများ ပညာဆည်းပူးခဲ့ကြသည်။
ရန်ကုန်တက္ကသိုလ်သည် နိုင်ငံ့ဂုဏ်ဆောင် တက္ကသိုလ်ကြီးတစ်ခုအဖြစ်သင်းပျံ့ခဲ့ပြီးရန်ကုန်တက္ကသိုလ်စာကြည့်တိုက်သည်လည်း ကမ္ဘာ့စာပေများစုဝေးရာရတနာဘဏ်တိုက်ကြီးပမာကျော်ကြားခဲ့သည်။ စာပေသည် နိုင်ငံတစ်နိုင်ငံ ခေတ်မီဖွံ့ဖြိုးတိုးတက်မှုနှင့် အမျိုးသားယဉ်ကျေးမှုလက္ခဏာကို ထုတ်ဖော်ပြသခြင်းဖြစ်၍ နှစ်ပေါင်း ၉၂ နှစ်တိုင်တည်ရှိခဲ့သော ရန်ကုန်တက္ကသိုလ်စာကြည့်တိုက်ကြီး ဆက်လက်အဓွန့်ရှည်တည်တံ့လျက် အရှေ့တောင်အာရှတွင် စံပြုထိုက်သော စာကြည့်တိုက်ကြီးတစ်ခုအဖြစ် တည်ရှိနေမည်ဖြစ်ပါကြောင်း ရေးသားလိုက်ပါသည်။ ။
Source: MWD Web Portal