ကျရှုံးတာတွေ များလွန်းပြီ
Posted_Date
Image

Body
ဒီဓာတ်ပုံထဲက အဆောက်အအုံကြီးလိုပဲ သူတို့ရဲ့ခေါင်းထဲမှာ အမှောင်ဖုံးနေတယ်။ ဉာဏ်ရည်ဉာဏ်သွေးဆိုတာလည်း သိပ်မရှိလှဘူး။ သူတို့ရဲ့ မအောင်မြင်မှုတွေ တစ်ခုပြီးတစ်ခု ပေါ်လွင်လာလေလေ၊ သူတို့ဟာ ပိုပြီးတော့ အရေးမပါတဲ့သူတွေ ဖြစ်လာလေလေပဲ။ ဉာဏ်ရှိရှိ စဉ်းစားတွေးခေါ် တတ်တာမျိုးမဟုတ်တဲ့အတွက်ကြောင့်ဘဲ သူတို့ဟာ အမြဲတမ်းကျရှုံးနေရတာ။ ကြာတော့လည်း ကျရှုံးတာတွေနဲ့ပဲ ထုံပေပေဖြစ်နေကြပြီထင်ပါရဲ့။ ကိုယ့်အမှားကိုလည်း ကိုယ်ကိုယ်တိုင်လက်မခံဘဲ ကိုယ်ပိုင်စိတ်ကူးယဉ်ကမ္ဘာလေးထဲမှာပဲ နေနေကြတော့တာပေါ့။
နယူးယောက်မှာရှိတဲ့ ဆင်စွယ်နန်းတော်ကြီးရဲ့ထိပ်ဆုံးမှာ ထိုင်နေကြတဲ့ ထွေချုပ်ကြီးနဲ့ သံတမန်ကြီးတို့ကိုလည်းကြည့်ပါဦး။ ရှိရှိသမျှ ရှုပ်ထွေးပွေလီမှုပေါင်းစုံနဲ့ ဆီးရီးယားအရေးကိစ္စဟာ သူတို့ရဲ့ နောက်ဆုံးပေါ်ကျရှုံးခန်းပါပဲ။ ဆီးရီးယားအတွက် သံတမန်တွေလည်း တစ်ယောက်ပြီးတစ်ယောက် ရောက်ခဲ့ကြပြီးပြီ။ ဒါပေမယ့် သူတို့တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြတဲ့လူတွေက ဆီးရီး ယားကို ပိုပြီးနက်သထက်နက်တဲ့ ချောက်ထဲကိုပဲ ဆွဲချသွားခဲ့ကြတယ်။
မြန်မာနိုင်ငံအတွက် စေလွှတ်ခဲ့တဲ့ သံတမန်တွေ ဘယ်လောက်တောင်များနေပြီလဲ။ သူတို့ အားလုံး ပေါင်းပြီး တစ်ခုတည်းသော အောင်မြင်မှုဆိုတာကို များ ပြနိုင်လို့လား။
သူတို့ကို လစ်ဗျား၊ ဟေတီ၊ ဆူဒန်၊ ကွန်ဂို၊ ဆိုမာလီယာစတဲ့ နိုင်ငံတွေရဲ့ အရေးတွေနဲ့ပတ်သက်ပြီး ပြန်ပြီးသတိပေးနှိုးဆော်ကြဦးမှ။ စာရင်းက တော်တော်ရှည်နေပြီလေ။ လက်တွေ့မှာတော့ ပဋိပက္ခတွေရပ်သွားတာ ဒါမှမဟုတ် ဖြေရှင်းစရာနည်းလမ်းတွေပေါ်လာတာက ‘‘အန်ကယ်ကြီးတွေ’’ အဆုံးအဖြတ်ပေးလိုက်မှသာ ဖြစ်လာနိုင်တာ။ ဂျီနီဗာနဲ့ နယူးယောက်က ဆင်စွယ်နန်းတော်ကြီးတွေရဲ့ စားပွဲကြီးတွေနောက်မှာထိုင်ရင်း လစာကောင်းကောင်း၊ အခွင့်အရေးများများ ရယူခံစားပြီး သာယာယစ်မူးနေတဲ့ ဒီလူတွေရဲ့ စွမ်းဆောင်ချက်ကြောင့်တော့ လုံးဝမဟုတ်ပါဘူး။
ကျိုးကြောင်းဆီလျော်ပြီး လက်တွေ့ကျတဲ့ စဉ်းစားပုံမျိုး သူတို့မှာ လုံးဝမရှိပါဘူး။ အကောင်းဆုံးဥပမာကတော့ စက်တင်ဘာလကုန် နယူးယောက်မှာလုပ်မယ့် တစ်ရက်တာ အချိန်ကုန်ငွေဖြုန်း ဆွေးနွေးပွဲပေါ့။ အဲဒီရက်ဆို နိုင်ငံတကာ နိုင်ငံရေးနယ်ပယ်က ထိပ်တန်းပုဂ္ဂိုလ်ဘယ်သူမှရှိတော့မှာ မဟုတ်ဘူး။ အရေးကြီးတဲ့သူတွေအားလုံးက တစ်ပတ်စောပြီး ရောက်နှင့်ပြီးသားဖြစ်နေမှာ။ အရေးကြီးတဲ့ ထိပ်သီးပုဂ္ဂိုလ်တွေ ရောက်နေတုန်း အစည်းအဝေးလုပ်ဖို့ကိစ္စကို သံတမန်ကြီးကတောင် အကောင်အထည်မဖော်နိုင်ဘူးဆိုတော့ တကယ်တမ်းစိတ်ဝင်စားမှုမရှိကြဘူးဆိုတာ ရှင်းနေပြီမဟုတ်လား။ အကျိုးမရှိဘဲ အချိန်ဖြုန်းတာဖြစ်ပေမယ့် ဒီလိုပွဲမျိုးက သံတမန်ကြီးနဲ့ တခြား ‘‘ဒေါင်းယောင်ဆောင်တဲ့ကျီးတွေ’’ အတွက် နယူးယောက်ကို စရိတ်ငြိမ်းအပန်းဖြေခရီးလေး ထွက်ခွင့်ရတာပေါ့။
ဒီညီလာခံကို ‘‘အရပ်ဘက်လူ့အဖွဲ့အစည်း’’ လို့ခေါ်တဲ့ အဖွဲ့တွေရဲ့ လက်ထဲမှာရှိတယ်လို့ဆိုတယ်။ အဲဒီလူတွေက ဘယ်သူတွေလဲ။ အဲဒီလူတွေကို ဘယ်လိုနည်းနဲ့ ရွေးချယ်ထားတာလဲ။ နောက်လာတဲ့မောင်ပုလဲ၊ ဒိုင်းဝန်ထက်ကဲတွေ။ ဒီအဖွဲ့တွေက ဒီလိုရှုပ်ထွေးတဲ့ပြဿနာတွေကို ဖြေရှင်းပေးမယ်ဆိုရင်တော့ … အားလုံးကံကောင်းပါစေလို့ပဲ ပြောရတော့မှာပဲ။ ထပ်ပြောပါဦးမယ်၊ ဒါတွေအားလုံးက ဘာမှအရေးမကြီးဘူး။ နယူးယောက်ကို စမတ်ကျကျ စရိတ်ငြိမ်းအလည်သွားဖို့က အဓိကပဲလေ။
ကျရှုံးမှုတွေနဲ့ ပြည့်နေတဲ့ ကိုးနှစ်တာကာလထဲက နမူနာပြစရာကောင်းတဲ့ ကျရှုံးမှုတစ်ခုကို ပြန်ဆွဲထုတ်ကြည့်ကြရအောင်။ ၂၀၁၇ ခုနှစ်က ရာထူးစရတဲ့ ပထမဆုံးရက်သတ္တပတ်အနည်းငယ် အတွင်းမှာပဲ ထွေချုပ်ကြီးဟာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ဆိုက်ပရပ်စ်ပဋိပက္ခကို ဖြေရှင်းဖို့ အားကုန်ညှစ်ထုတ်လုပ်ခဲ့တယ်။ အဲဒါက စုတ်ပြတ်နေအောင်အရေးနိမ့်ခဲ့ရတယ်။ အခုရာထူးသက်တမ်း ကိုးနှစ်မြောက်မှာထပ်ပြီး ကြိုးစားတဲ့အခါ…ထပ်ပြီး ရှုံးနိမ့်ပြန်ပါရော။
သူတို့ဟာ ပြဿနာတစ်ခုလေးတောင် ဖြေရှင်းနိုင်စွမ်းမရှိကြဘူး။ သူတို့ကျွမ်းကျင်တာက အဓိပ္ပာယ်မရှိတဲ့၊ ဝေ့လည်ကြောင်ပတ်နိုင်တဲ့၊ ကိန်းကြီးခမ်းကြီးနိုင်တဲ့ ကြေညာချက်တွေ ထုတ်ပြန် ဖို့ပဲ။
နိုင်ငံရေးမှာ ‘စကားလုံးအသုပ်စုံ’ (word salad) ဆိုတဲ့ဝေါဟာရရှိတယ်။ (နက်နဲပုံပေါက်ပေမဲ့ တကယ်တမ်း အဓိပ္ပာယ်မရှိတဲ့၊ နားမလည်နိုင်တဲ့ စကားလုံးတွေ ရောထွေးနေတာကို ပြောတာပါ။)
မကြာသေးခင် လအနည်းငယ်အတွင်းက သူတို့အပေါ် သြဇာညောင်းတဲ့ အန်ကယ်ကြီးက သူတို့ဘာတစ်ခုမှမဖြေရှင်းနိုင်ဘူးလို့ ပြောခဲ့တယ်။ တာဝန်ခံမှုဆိုတာလည်း သူတို့မှာ သိပ်မရှိဘူး။ ဟေတီမှာ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ မတော်မတရားလုပ်ခဲ့တဲ့ကိစ္စကြောင့် ခံစားခဲ့ရတဲ့ နာကျင်မှုတွေအတွက် စီမံခန့်ခွဲသူတွေထဲက ဘယ်သူမှ ပြန်လည်ပေးဆပ်ရတာမရှိဘူး။ ဒါရိုးရိုး လိင်စော်ကားမှုမျိုးမဟုတ်ဘူးနော်။ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာစော်ကားမှု။ အဲဒါကိုတောင် တစ်ကောင်တစ်မြီးမှ အလုပ်ထုတ်မခံရဘူး။ ဒင်းတို့တစ်တွေ ငရဲဘုံကို တန်းတန်းမတ်မတ်ဆင်းပါစေ။ ဒါကြောင့် အန်ကယ်ကြီးက ဒီနေရာကို အလဟဿဖြုန်းတီးတဲ့နေရာကြီးတစ်ခုလို့ ထင်တာလည်း အံ့ဩစရာမဟုတ်တော့ပါဘူး။
ဒါ့အပြင် ရာထူးသက်တမ်း ကိုးနှစ်မြောက်မှာ ခေါင်းဆောင်ကြီးက အတော်ကို သနားကြင်နာ စိတ်တွေယိုဖိတ်ပြီး ကော့စ်ဘဇားကို လည်လည်သွားခဲ့တာကိုလည်း သတိရကြဦးစို့။ အားကိုးရာမဲ့၊ ကံမကောင်းရှာတဲ့ ကလေးတွေနဲ့အတူ ရိုက်ထား တဲ့ ဓာတ်ပုံလေးတွေကလည်း လှမှလှပေါ့။
ဒီနှစ်ကုန်ပိုင်းမှာ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲတွေလုပ်ဖို့ စီစဉ်ထားတယ်။ အဲဒီ ဆင်စွယ် နန်းတော်ကြီးထဲမှာ ရွေးကောက်ပွဲအကူအညီပေးရေးဌာန (Electoral Assistant Division) ဆိုတာ ရှိတယ်တဲ့။ နား - စမ်း - ပါ။ အဲဒီငတိတွေက ဗျူရိုကရက်ထဲမှာတောင် အပေါစား အဆင့်နိမ့်တွေ။ သူတို့ကို ဘယ်နားမှ ကပ်မလာစေနဲ့။ သံတမန်ကြီးက ရွေးကောက်ပွဲလုပ်ငန်းစဉ်ကို ဝင်နှောင့်ယှက်မယ်ဆိုရင် ချက်ချင်းခပ်ပြင်းပြင်း ပြန်ထိုးနှက်ပစ်ရမယ်။ သူတို့ရဲ့သုံးစားမရမှုတွေကိုလည်း အမြဲထောက်ပြနေရမယ်။ မြန်မာနိုင်ငံမှာ ကိုယ့်လမ်းကိုယ် ဖြောင့်ဖြောင့်တန်းတန်းဆက်သွားဖို့ မိတ်ဆွေတွေနဲ့ နိုင်ငံရေးအင်အားတွေ အလုံအလောက်ရှိပြီးသား။ ဒီလူတွေကဝင်လာပြီး ‘‘အားလုံးပါဝင်ရေး’’၊ ‘‘အဓိကပါဝင်ပတ်သက်သူအားလုံး’’ ဘာညာအာပေါင်အာရင်းသန်သန်နဲ့ ရှုပ်ထွေးအောင် ပဲမွှေကြမှာ။ စာရင်းပြည့်အောင် ကျား-မကိစ္စတွေတောင် ထည့်ပြောဦးမှာ။ တကယ်တော့ သူတို့က ရှိသမျှအမှိုက်တွေချည်းပဲ သယ်လာမယ့်သူတွေပါဗျာ။
(ဤဆောင်းပါးပါ အမြင်များနှင့် ထင်မြင်ချက်များသည် စာရေးသူ၏ အမြင်များနှင့် ထင်မြင်ချက်များသာဖြစ်သည်။)
(၂၇ - ၇ -၂၀၂၅ ရက်နေ့ထုတ် The Global New Light of Myanmar သတင်းစာပါ Kyaw Myint Htoon (Paris) ၏ Failures ကို ဆီလျော်အောင် ဘာသာပြန်ဆိုထားပါသည်။)