ဖြူစင်သောနှလုံး ကြည်လင်သောအပြုံးများဖြင့် ကမ္ဘာဆုံးတိုင်ခိုင်မြဲနေမည့် နှစ်နိုင်ငံချစ်ကြည်ရေး

Posted_Date

Image

ဖြူစင်သောနှလုံး ကြည်လင်သောအပြုံးများဖြင့် ကမ္ဘာဆုံးတိုင်ခိုင်မြဲနေမည့် နှစ်နိုင်ငံချစ်ကြည်ရေး

Body

နိုင်ငံတစ်နိုင်ငံသည် နိုင်ငံတကာဝန်းကျင်အသိုင်း အဝိုင်းနှင့်မလွဲမသွေဆက်ဆံရမည်သာဖြစ်သည်။  ယင်းသို့ဆက်ဆံမှုပြုရာတွင် မိမိအကျိုး၊ သူတစ်ပါး အကျိုးမျှတမှုရှိသည်နှင့်အမျှ နိုင်ငံအချင်းချင်းဆက်ဆံမှုသည် အလွန်ပင်ကောင်းမွန်နေမည်ဖြစ်သည်။ ကောင်းမွန် သည်နှင့်အမျှ လူ့အဖွဲ့အစည်းသည်တိုးတက်နေမည်၊ စည်ပင်ဝပြောနေမည်၊ ငြိမ်းချမ်းသာယာနေပေလိမ့် မည်။ နိုင်ငံအချင်းချင်းဆက်ဆံရာတွင် မာန်မာနနှင့် အသာစီးရလိုမှုကိုလျှော့ချ၍ ညီညွတ်မျှတသည့် လူမှုစီးပွားဝန်းကျင်နှင့် ကြီးပွားဖွံ့ဖြိုးတိုးတက်သည့် ချမ်းသာသုခကိုတန်းတူညီမျှ ငြိမ်းအေးစွာအတူမျှဝေ ခံစားနိုင်မည့် ရာစုသစ် နိုင်ငံတကာဆက်ဆံမှုပုံစံသစ် ကိုပုံဖော်ကြရမည်ဖြစ်သည်။ ရိုးသားမှု၊ ပွင့်လင်းမှု၊  စိတ်ကောင်းစေတနာကောင်းရှိမှုတို့သည် အပြန်အလှန် အကျိုးပြုစောင့်ရှောက်၍ ခိုင်မြဲသောဆက်ဆံရေးဖြစ် လာပေလိမ့်မည်။   ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ နှင့်  တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့၏  နှစ်နိုင်ငံဆက်ဆံ ရေးမှာ ထာဝရခိုင်မြဲသောဆက်ဆံရေးဖြစ်သည်။

မြန်မာနှင့်တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေး သည် ၂၀၂၅ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် (၇၅)နှစ်ပြည့် မြောက်ခဲ့ပြီဖြစ်သည်။ အိမ်နီးချင်းဆွေမျိုးပေါက်ဖော် ဆက်ဆံရေးခိုင်မြဲလျက်ရှိသည်မှာ စိန်ရတုအချိန်ကာလသို့ ရောက်ရှိပြီဖြစ်သည်။ မိမိတို့နှစ်နိုင်ငံသည်အိမ်နီးချင်း ကောင်းများအဖြစ် နေထိုင်လာခဲ့သည်မှာ နှစ်ပေါင်းထောင်ချီကြာမြင့်ခဲ့ပြီဖြစ်သော သမိုင်းကောင်းများကသက်သေထူလျက်ရှိသည်။ တရုတ်နိုင်ငံ၏ရှေးဟောင်း ရာဇဝင်သမိုင်းစဉ်ကိုလေ့လာကြည့်သည့်အခါ တရုတ်နိုင်ငံ၏ယဉ်ကျေးမှုသည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ဖြစ်သည်။ ရှေးဟောင်းဒဏ္ဍာရီတွင် စစ်သေနာပတိ  သုံးဦးနှင့် ဧကရာဇ်မင်းငါးပါးတို့သည် တရုတ်ပြည်၏ ပထမဆုံးအုပ်ချုပ်သူများဖြစ်ကြသည်။ ၎င်းတို့ကို တရုတ်ပြည်သူများ၏ ဘိုးဘေးများအဖြစ်သတ်မှတ်ထားခဲ့သည်။

မြန်မာတို့သည်    မြန်မာအစတကောင်းကဟု မှတ်တမ်းပြုထားသည်။ ထိုမှတစ်ဆင့်ပျူခေတ်၊ ပုဂံခေတ်  စသည်ဖြင့်ခေတ်ကာလများပြောင်းလဲလာခဲ့သည်။  မြန်မာနိုင်ငံတွင် ပထမမြန်မာနိုင်ငံဟုမော်ကွန်းထိုး နိုင်လောက်အောင်  စည်းလုံးညီညွတ်ခဲ့သည့်ကာလသည် ပုဂံခေတ်ကာလဖြစ်သည်။ ပုဂံခေတ်၏ဗိသုကာ လက်ရာများ၊ ဘုရား၊ ပုထိုး၊ စေတီကျောင်းကန်များကိုလေ့လာကြည့်လျှင်   ထိုခေတ်က မြန်မာတို့၏ ယဉ်ကျေးမှုအဆင့်အတန်းသည် နိမ့်ကျခြင်းမရှိကြောင်း သိရှိနိုင်သည်။ အနော်ရထာဘုရင်နှင့်  စစ်သူကြီး လေးဦးဖြစ်သည့် ကျန်စစ်သား၊ ငထွေရူး၊ ငလုံးလက်ဖယ် နှင့်ညောင်ဦးဖီးတို့အကြောင်းသည်စံပြုထိုက်သူများ ဖြစ်ကြသည်။

ပုဂံခေတ်မတိုင်မီ ပျူခေတ်သည်လည်း ဖွံ့ဖြိုး တိုးတက်ပြီး စစ်ရေးစစ်ရာတွင်ရဲရင့်ကျွမ်းကျင်သော သူရဲကောင်းရှိခဲ့မည်သာဖြစ်သည်။ မှတ်တမ်းတင်မှု နည်းပါးသည့်အတွက် ခိုင်ခိုင်မာမာမပြောနိုင်သော်လည်း ပြန်လည်တူးဖော်တွေ့ရှိထားသော အထောက်အထားများက  သက်သေပြလျက်ရှိသည်။ ထို့ပြင် ပျူခေတ်တွင် မြန်မာတို့၏ယဉ်ကျေးမှုအနုသုခုမပညာ အဆင့်အတန်းသည် မြင့်မားနေပြီဖြစ်ပြီး ပြည်ပနိုင်ငံများသို့ပင်ချစ်ကြည်ရေးခရီးသွားလာနေပြီဖြစ်သည်။ ထိုအချက်အလက်အကြောင်းအရာများကို  တရုတ်နိုင်ငံ၏မှတ်တမ်းများတွင်တွေ့မြင်ရသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတကြီး မစ္စတာရှီကျင့်ဖျင်ကိုယ်တိုင်ရေးသားခဲ့သည့် နှစ်ပေါင်းထောင်ချီ ကြာမြင့်သော ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရေးကို ဆက်လက်ပုံဖော်မည့် စာမျက်နှာသစ်များဆောင်းပါး တွင် “အေဒီ ၄ ရာစုတုန်းက ကျွန်တော်တို့၏ဘိုးဘွားများသည် စီချွမ်-ယူနန်-မြန်မာ-အိန္ဒိယကိုဖြတ်သန်းသည့် ရွှေလမ်းငွေလမ်းကိုဖောက်လုပ်ခဲ့ပြီး ကုန်သွယ်မှုပြုလုပ်ခဲ့ကြသည်။ တရုတ်ထန်မင်းဆက်ခေတ်က မြန်မာပျူခေတ်မင်းသားဦးဆောင်သည့် အနုပညာရှင်များအဖွဲ့သည် မိုင်ထောင်ချီခရီးနှင်၍ ချန်အန်းမြို့သို့ လာရောက်ခဲ့ရာ တရုတ်နာမည်ကြီးကဗျာဆရာ ပိုင်ဂျီးယိကကျော်ကြားလှသည့် ပျူခေတ်တေးသံကဗျာကို ရေးစပ်သီကုံးခဲ့ပါသည်” ဟု  ဖော်ပြထားသည်။ ဤဆောင်းပါးမှာ မြန်မာ-တရုတ်သံတမန်ဆက်ဆံရေး နှစ်(၇၀)ပြည့်အထိမ်းအမှတ်အတွက် ရေးသားသည့် ဆောင်းပါးဖြစ်သည်။

မြန်မာနိုင်ငံသည် ၁၉၄၉ ခုနှစ်တွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံထူထောင်ခြင်းကို ဆောလျင်စွာ  အသိအမှတ်ပြုထားသည့်နိုင်ငံဖြစ်သည်။ ၁၉၅၀ ပြည့်နှစ်  ဇွန်လ ၈  ရက်တွင်  နှစ်နိုင်ငံသံတမန်ဆက်ဆံရေး စတင်ထူထောင်နိုင်ခဲ့သည်။ ခေတ်သစ်ကာလတွင် သံတမန်ထူထောင်ခြင်းမှာ စိန်ရတုသို့တိုင်ခဲ့ပြီဖြစ်သော်လည်း ရှေးယခင်နှစ်ပေါင်းများစွာကတည်းက  ချစ်ခင်ရင်းနှီးသည့်ဆက်ဆံရေးကောင်းများကိုထူထောင် ထားရှိသည့်နိုင်ငံများဖြစ်သည်။ ဘာသာရေးယုံကြည် ကိုးကွယ်မှုတွင်လည်း မြန်မာနှင့်တရုတ်နှစ်နိုင်ငံသည် ဗုဒ္ဓဘာသာကို  အထူးပင်သက်ဝင်ယုံကြည်ကိုးကွယ် ကြသည်။ တရုတ်နိုင်ငံ၏နေရာအနှံ့အပြားတွင် ဘုရား စေတီများ၊ ကျောင်းကန်များတည်ရှိနေခြင်း၊ မြတ်ဗုဒ္ဓ၏စွယ်တော်အစစ်တည်ရှိနေခြင်းတို့ကိုကြည့်ခြင်းအားဖြင့် ဗုဒ္ဓဘာသာသက်ဝင်ယုံကြည်မှုအရှိန်အဟုန် မြင့်မားကြောင်းသိရှိနိုင်သည်။

မြန်မာနိုင်ငံနှင့်တရုတ်နိုင်ငံတို့မှာ    ရေမြေချင်း ရှည်လျားစွာဆက်စပ်လျက်ရှိသည်။ ဘာသာရေး အရ၊ လူမျိုးရေးအရ ပဋိပက္ခဖြစ်ပွားခြင်းမျိုးမရှိဘဲ   အေးအတူပူအမျှ   နေထိုင်လျက်ရှိသည်။ အိမ်နီးချင်း ဆိုသည်မှာ  မိတ်ဆွေရင်းချာများဖြစ်သည်။ တစ်နည်း ဆိုရလျှင်  မိတ်ကောင်းဆွေကောင်းများဖြစ်သည်။

နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများမှာ   အနာဂတ်အတွက်မိတ်ကောင်းဆွေကောင်းနှင့်ခရီးသွားနေသည့် အသွင်သဏ္ဌာန်ဖြစ်သည်။  မိတ်ကောင်းဆွေကောင်း ဆိုသည်မှာ   မိမိကိုအင်မတန်ပေးနိုင်ခဲသည့်အရာကိုပေးတတ်သည်။ အင်မတန်ပြုနိုင်ခဲသည့်အမှုမျိုး၊ အကူအညီမျိုးကိုလုပ်ဆောင်ပေးတတ်သည်။

ဘေးရန်အန္တရာယ်များနှင့်ကြုံရသည့်အခါ   မိမိကို စွန့်ပစ်ကျောခိုင်းမသွားဘဲ အတူတူကူညီဖြေရှင်းပေးသည်။

မြန်မာနိုင်ငံသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ပတ်သက်လာလျှင် တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လက်ကိုင်ထားရှိသည်။ တရုတ်နိုင်ငံပြိုကွဲရေးလုပ်ဆောင် မည့်ရန်စွယ်အန္တရာယ်မှန်သမျှကိုလည်းအားပေးမည် မဟုတ်ပါ။ ထို့အတူ တရုတ်နိုင်ငံသည်လည်း  မြန်မာ နိုင်ငံနှင့်ပတ်သက်လာလျှင် နိုင်ငံတကာမျက်နှာစာ၌ တိကျပြတ်သားစွာ မြန်မာနိုင်ငံဘက်ကရပ်တည်ပေးလျက်ရှိသည်။ အိမ်နီးချင်းဆိုသည်မှာ ရွေးချယ်၍ရသည့် အရာမဟုတ်သည့်အတွက် နှစ်နိုင်ငံအိမ်နီးချင်းကောင်း ဖြစ်နေစေရေးအတွက် နှစ်နိုင်ငံခေါင်းဆောင်များ၏ အမြော်အမြင်ကြီးမားမှုသည်  အဓိကဖြစ်သည်။ မြန်မာ-တရုတ်   နှစ်နိုင်ငံခေါင်းဆောင်ကြီးများ အဆက်ဆက်သည် နှစ်နိုင်ငံချစ်ကြည်ရေးကိုသာ ခိုင်မာစွာတည်ဆောက်ပေးခဲ့ကြသည်။ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးမူသည် လွန်စွာသမာသမတ်ရှိပြီး ကောင်းမွန်သည့်မူဝါဒဖြစ်သည်။  တစ်နိုင်ငံ၏ အချုပ်အခြာအာဏာကိုတစ်နိုင်ငံကလေးစားခြင်းမှာမြင့်မားသောဂုဏ်သိက္ခာဖြစ်သည်။

ထိုသို့မှန်ကန်ကောင်းမွန်သည့်  မူကြီးငါးရပ်ကိုယနေ့တိုင်ခိုင်မြဲစွာကျင့်သုံးလျက်ရှိသည့်အတွက်မြန်မာ-တရုတ်ဆက်ဆံရေးသည် နှစ်ပေါင်းထောင်သောင်းမကတည်တံ့ခိုင်မြဲနေမည်သာဖြစ်သည်။ တရုတ်ပညာရှိကြီး ကွန်ဖြူးရှပ်က “နာကြည်းမှုတွေကို မေ့ပစ်ပါ။ ကြင်နာမှုတွေကိုမမေ့ပါနှင့်” ဟုဆိုထားသည်။ တရုတ်စကားပုံတစ်ခုတွင်    “ဖြည်းဖြည်းနင်းသောသူသည် ခရီးကို ပိုမို၍သွားနိုင်လေသည်” ဟု  ဖော်ပြထားသည်။ ဤအဆိုအမိန့်နှင့် စကားပုံတို့မှာ နှစ်နိုင်ငံချစ်ကြည်မှုခိုင်မြဲစေရေးအတွက်  အလေးထားရမည့်အရာများဖြစ်သည်။ ဖြူစင်သောစိတ်ထားကိုအခြေခံ၍   နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို   တည်ဆောက်ကြရမည်ဖြစ်သည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံ၏အကြီးဆုံးကုန်သွယ်ဖက်နှင့်ရင်းနှီးမြှုပ်နှံမှုနှင့်ဖွံ့ဖြိုးတိုးတက်မှုအကူအညီ၏အဓိကအရင်းအမြစ်ဖြစ်သည်။ မြန်မာနိုင်ငံ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုကို အရေးကြီးသည့်အခန်းကဏ္ဍမှပံ့ပိုးပေးလျက်ရှိသည်။ တစ်ချိန်တည်းမှာပင် နှစ်နိုင်ငံအကြားရှိ ထူးကဲသည့်ဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုမှာလည်း နှစ်နိုင်ငံပြည်သူများအကြား ကဏ္ဍစုံကူးလူးဆက်ဆံမှုများဖြင့် ဆက်လက်တိုးပွားလျက်ရှိသည်။ နှစ်နိုင်ငံပြည်သူများအကြား အပြန်အလှန်နားလည်မှု၊ ယုံကြည်မှုနှင့်ပူးပေါင်းဆောင်ရွက်မှုပိုမိုနက်ရှိုင်းလျက်ရှိသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် မြန်မာနိုင်ငံတွင် စစ်မှန်၍စည်းကမ်းပြည့်ဝသောပါတီစုံဒီမိုကရေစီစနစ်ကိုကျင့်သုံးလျက်ရှိသည်။ နိုင်ငံတော်အစိုးရ၏အန္တိမရည်မှန်းချက်သည် အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက လွတ်လပ်ပြီးတရားမျှတသော  ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပ၍ထွက်ပေါ်လာသည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေးဆက်လက် ဆောင်ရွက်သွားမည်ဖြစ်သည်။၂၀၂၅ ခုနှစ် နှစ်ကုန်တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအတွက်လိုအပ်သည့်အရာမှန်သမျှကိုလည်း  ပြင်ဆင်ထားပြီးဖြစ်သည်။ ရွေးကောက်ပွဲကျင်းပမည့်ကိစ္စနှင့်စပ်လျဉ်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတကြီးကလည်း အပြည့်အဝထောက်ခံထားပြီး လိုအပ်သည့်အကူအညီပေးမည်ဖြစ်ကြောင်း ပြောကြားထားသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်တို့သည်၂၀၂၅ ခုနှစ် ဇွန်လ ၈ ရက်တွင်ကျရောက်သည့်မြန်မာ-တရုတ်နှစ်နိုင်ငံသံတမန်ဆက်ဆံရေး(၇၅)နှစ် မြောက်အထိမ်းအမှတ်အခါသမယတွင် သဝဏ်လွှာများအပြန်အလှန်ပေးပို့ခဲ့ကြသည်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ်ကတရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတထံပေးပို့သည့်သဝဏ်လွှာတွင်“ယခုကဲ့သို့မင်္ဂလာရှိသည့်အခါသမယတွင်ရေရှည်တည်တံ့သည့်ငြိမ်းချမ်းရေးနှင့်တည်ငြိမ်မှုရရှိစေရေး၊အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့်လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာမြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို တရုတ်နိုင်ငံက  အခိုင်အမာထောက်ခံပံ့ပိုးပေးသည့်အတွက် လှိုက်လှဲစွာကျေးဇူးတင်ရှိပါကြောင်း  ပြောကြားလိုပါသည်။ မိမိတို့နှစ်နိုင်ငံအကြား ရှိရင်းစွဲချစ်ကြည်ရင်းနှီးမှု ပိုမိုနက်ရှိုင်းစေရေးနှင့် နောင်လာမည့်ဆယ်စုနှစ်များစွာအထိ ကြံ့ကြံ့ခိုင်မာပြီး အပြန်အလှန်အကျိုးရှိမည့် မိတ်ဖက်ဆက်ဆံရေးကဏ္ဍသစ်ကိုဖော်ထုတ်နိုင်ရေးအတွက်အဆွေတော်နှင့်အတူ ဆက်လက်၍ အနီးကပ်ပူးပေါင်းဆောင်ရွက်သွားရန်မျှော်လင့်ပါသည်”ဟူ၍ ဖော်ပြထားသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံအကြား ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုများမှာ ပိုမိုတိုးတက်များပြားလျက်ရှိသည်။ အထူးသဖြင့်  ရပ်ဝန်းနှင့်ပိုးလမ်းမစီမံကိန်းအောက်ရှိတရုတ်-မြန်မာစီးပွားရေးစင်္ကြံ မဟာဗျူဟာမြောက်စီမံကိန်းများကို နှစ်နိုင်ငံနှင့်ပြည်သူအကျိုးအတွက်    အကောင်အထည်ဖော်လျက်ရှိသည်။

မြန်မာနိုင်ငံတော်အကြီးအကဲအနေဖြင့် ၂၀၂၄ ခုနှစ် နိုဝင်ဘာလတွင် ကူမင်းမြို့၌ကျင်းပခဲ့သည့် မဟာမဲခေါင်ဒေသတွင်းထိပ်သီးအစည်းအဝေးသို့တက်ရောက်ခဲ့ပြီး စွမ်းအင်၊ စိုက်ပျိုးရေး၊ သယ်ယူပို့ဆောင်ရေးနှင့်ပြည်သူ့ကျန်းမာရေးအစရှိသည့်အဓိကကဏ္ဍများတွင်  ပူးပေါင်းဆောင်ရွက်မှုများကို  မြှင့်တင်နိုင်မည့်အခွင့်အလမ်းကောင်းများရရှိခဲ့သည်။ ထိပ်သီးအစည်းအဝေးကာလအတွင်း  ဒေသနှင့်ကမ္ဘာတစ်ဝန်းတည်ငြိမ်ရေးနှင့်လုံခြုံရေးကိုခြိမ်းခြောက်လျက်ရှိသည့်အွန်လိုင်းလိမ်လည်မှုများအား  အတူတကွပူးပေါင်းတိုက်ဖျက်မှုများကို အရှိန်အဟုန်မြှင့်တင်ရေးအတွက်ကတိကဝတ်ပြုခဲ့ကြသည်။

တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ မစ္စတာရှီကျင့်ဖျင်ထံမှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ထံပေးပို့သည့်သဝဏ်လွှာတွင် “ပြီးခဲ့သည့်မေလကအဆွေတော်နှင့်ရုရှားနိုင်ငံ၌တွေ့ဆုံစဉ် မြန်မာ-တရုတ်နှစ်နိုင်ငံအကြား  အေးအတူပူအမျှအသိုက်အဝန်း မြှင့်တင်ထူထောင်ခြင်းနှင့်ပတ်သက်၍ အရေးကြီးသည့်သဘောတူညီချက်များရရှိခဲ့ပါသည်။ တရုတ်-မြန်မာနှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုက တရုတ်နိုင်ငံအတွက် အရေးကြီးသည့်ကဏ္ဍတွင်ပါဝင်လျက်ရှိပါသည်။

နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု(၇၅)နှစ်မြောက်အခါသမယတွင် တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ရပ်ဝန်းနှင့်ပိုးလမ်းမပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများကို  အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်၊ ကမ္ဘာလုံးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာလုံခြုံရေးစီမံချက်၊ ကမ္ဘာလုံးဆိုင်ရာ လူသားယဉ်ကျေးမှုစီမံချက်များကို အကောင်အထည်ဖော်ဆောင်ရွက်သွားရန်၊ တရုတ်-မြန်မာအေးအတူပူအမျှအသိုက်အဝန်းတည်ထောင်ဆောင်ရွက်ရန်၊ နှစ်နိုင်ငံ ပြည်သူများအတွက်   ပိုမိုကောင်းမွန်သည့်အကျိုးစီးပွားများကို အတူတကွဆောင်ကြဉ်းရန်    အသင့်ရှိပါကြောင်းကို ပြောကြားလိုပါသည်”ဟူ၍  ထည့်သွင်းဖော်ပြထားသည်။

နိုင်ငံတော်အကြီးအကဲအနေဖြင့်၂၀၂၅ ခုနှစ် မေလအတွင်း ရုရှားနိုင်ငံ  မော်စကိုမြို့တွင်ကျင်းပခဲ့သည့် မဟာမျိုးချစ်စစ်ပွဲကြီးအောင်ပွဲ နှစ်(၈၀)ပြည့်အထိမ်းအမှတ်အခမ်းအနားကိုတက်ရောက်ခဲ့စဉ် တရုတ်ပြည်သူ့သမ္မတနိုင်ငံသမ္မတ  မစ္စတာရှီကျင့်ဖျင်နှင့်တွေ့ဆုံဆွေးနွေးခဲ့သည်။   စစ်မှန်သည့်မိတ်ဖက်ဆက်ဆံရေး၊ အပြန်အလှန်ယုံကြည်မှုနှင့် ရှိရင်းစွဲဆွေမျိုးပေါက်ဖော် ချစ်ကြည်ရင်းနှီးမှုကိုအခြေခံပြီး နှစ်နိုင်ငံဆက်ဆံမှု တိုးမြှင့်ဆောင်ရွက်ရေး၊  ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုပိုမိုတိုးမြှင့်ရေး၊  အေးအတူပူအမျှအသိုက်အဝန်းတည်ဆောက်မှုအရှိန်အဟုန်မြှင့်တင်ရေးနှင့်  ဒေသတွင်းတည်ငြိမ်အေးချမ်းရေးဆိုင်ရာကိစ္စရပ်များတွင်ပူးပေါင်းဆောင်ရွက်ရေးများကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးနိုင်ခဲ့သည်။

ယခုတွင်လည်း မြန်မာ-တရုတ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးထူထောင်မှု (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်အခမ်းအနားကို  ဇွန်လ  ၈ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်၍ အမှာစကားပြောကြားခဲ့ပါသည်။

မြန်မာ-တရုတ်နှစ်နိုင်ငံ၏  သံတမန်ဆက်ဆံရေးသမိုင်းတွင်အဓိပ္ပာယ်ပြည့်ဝပြီး  ဂုဏ်ယူစရာကောင်းသည့်  အခါသမယဖြစ်သကဲ့သို့သမိုင်းတစ်လျှောက် ကာလကြာမြင့်စွာတည်တံ့ခိုင်မြဲခဲ့သည့်ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားယုံကြည်မှု၊ တက်ကြွစွာပူးပေါင်းဆောင်ရွက်မှုများနှင့် အနာဂတ်အတွက် တူညီသည့် သန္နိဋ္ဌာန်ရှိနေကြသည်ကိုလည်း   ဖော်ညွှန်းပြသသည့်အခမ်းအနားဖြစ်သည်။

ထို့နောက်  မြန်မာ-တရုတ် သံတမန်ဆက်ဆံရေး (၇၅)နှစ်မြောက် စိန်ရတုအထိမ်းအမှတ်ညစာစားပွဲအခမ်းအနားကို  ဇွန်လ  ၈ ရက်  ည ၆  နာရီတွင်နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ကျင်းပသည်။ 

မြန်မာနိုင်ငံဘက်မှတာဝန်ရှိသူများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံဘက်မှမြန်မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီးမစ္စမာကျားနှင့် ရန်ကုန်မြို့အခြေစိုက်နိုင်ငံခြားသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ သံတမန်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ  တာဝန်ရှိသူများနှင့်   ဖိတ်ကြားထားသော  ဧည့်သည်များ တက်ရောက်ကြသည်။

မြန်မာနိုင်ငံနှင့်တရုတ်ပြည်သူ့သမ္မတနိုင်ငံတို့သည် ၁၉၅၀ ပြည့်နှစ် နှစ်နိုင်ငံသံတမန်ဆက်ဆံရေးစတင် ထူထောင်ခဲ့ချိန်မှစ၍ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူကြီး(၅)ချက်နှင့်အညီ  ချစ်ကြည်ရင်းနှီးသည့်အိမ်နီးချင်းနိုင်ငံများအဖြစ်အတူယှဉ်တွဲနေထိုင်လျက်ရှိသည်မှာယနေ့တိုင်ဖြစ်သည်။ လွန်ခဲ့သည့်ဆယ်စုနှစ်များအတွင်း  နှစ်နိုင်ငံဆက်ဆံရေးမှာ တဖြည်းဖြည်းပိုမိုနက်ရှိုင်းလာခဲ့ပြီး   ရှိရင်းစွဲဆွေမျိုးပေါက်ဖော်ချစ်ကြည်ရင်းနှီးမှုမှသည် ဘက်စုံမဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်ဆက်ဆံရေး အဆင့်ကို မြှင့်တင်ခဲ့ကြသည်။ နှစ်နိုင်ငံအတွက်  အဓိကအရေးပါသည့်အကျိုးစီးပွားနှင့် ဘုံအရေးပါသည့်ကိစ္စရပ်များတွင် နှစ်ဖက်အကြား အပြန်အလှန်ခိုင်မာစွာထောက်ခံရပ်တည်ပေးလျက်ရှိခြင်းတို့သည် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေး၏ကောင်းမွန်သည့်သာဓကအဖြစ်တည်ရှိနေမည်ဖြစ်သည်။ အနှစ်ချုပ်ဆိုရသော်  မြန်မာ-တရုတ်နှစ်နိုင်ငံသံတမန်ဆက်ဆံရေး(၇၅)နှစ်မြောက် ချိန်အခါသည်ကျက်သရေမင်္ဂလာအပေါင်းနှင့်ပြည့်စုံသည့်အခါသမယဖြစ်ပြီး နှစ်နိုင်ငံခေါင်းဆောင်များ၊ ပြည်သူများ၏ဖြူစင်သောနှလုံးသား ကြည်လင်သောအပြုံးများဖြင့် ကမ္ဘာဆုံးတိုင်ခိုင်မြဲနေမည်ဟု အလေးအနက်ယုံကြည်ပါကြောင်း  ဂုဏ်ပြုရေးသားလိုက်ရပါသည်။   ။

MWD Web Portal