မျက်စိနာနှင့် ဆေးနည်းကောင်းများ

Posted_Date

Image

မျက်စိနာနှင့် ဆေးနည်းကောင်းများ

Body

ယခုတစ်လော မျက်စိနာသူ အတော်များသည်။ မိုးရွာသောအခါ ကမ္ဘာမြေကြီး အတွင်းမှ အပူများသည်  အငွေ့ပြန်၍ ထွက်လာသည်။ မိုးရေထဲတွင် သွားလာနေကြသူများသည်ခြေထောက်ရေစိုသဖြင့် အပူငွေ့အပေါ်တက်ကာ မျက်စိသို့  အခိုးရောက်ပြီး မျက်စိနာခြင်းဖြစ်သည်။

အနောက်တိုင်းအယူအဆမှာ မျက်စိနာ ခြင်းသည် ပိုးကြောင့်ဖြစ်သည်။ တိုင်းရင်း ဆေးအယူအဆမှာ ခြေဖဝါးအအေးပတ်လျှင် အခိုးပိတ်ပြီး အထက်ဆန်သဖြင့်ခြေဖဝါးမှထွက်ရမည့်အခိုးအငွေ့များ မျက်စိမှ ကန်ထွက်ခြင်းကြောင့် မျက်စိ သွေးကြောများနီရဲကာ မျက်စိနာရခြင်း ဖြစ်လေသည်။

တိုင်းရင်းမြန်မာအကြောပြင်ပညာအယူအဆတွင် မဏိဥက္ကပ်ခေါ် အကြောခွေသည် မျက်စိအတွင်းနှာခေါင်းရင်းဘက်တွင်ရှိပြီး ယင်းအကြောခွေတွင် မျက်ရည် ထွက်ပေါက်နှင့်အငွေ့ထွက်ပေါက်များ ရှိသည်။ အပူအခိုးကန်၍ ထွက်ပေါက်ပိတ်သွားသောအခါ မျက်စိအတွင်းမှ အကြော များရောင်ပြီး မျက်သားတက်ကာ မျက်စိ နာရောဂါရရှိလေတော့သည်။

မျက်စိနာ ချောင်ပို့ဟူသော မြန်မာစကားရှိသည်။ အဓိပ္ပာယ်မှာ မျက်စိနာသူသည် မှောင်ရိပ်ကျသော ချောင်တွင် နေရမည်။ အလင်းရောင်ကို မကြည့်ရ။ အလင်းတုံ့ပြန်သော နေရောင်၊ မီးရောင်များကို မကြည့်သင့်။  ယခုခေတ်ဆိုလျှင်  တီဗွီ၊  ဇာတ်လမ်းများ ကြည့်ရှုခြင်းကို နားထားသင့်သည်။    အလင်း ရောင်ကိုကာကွယ်သော နေကာမျက်မှန်တပ်ထားသင့်သည်။

မျက်စိကို အပြင်မှကြည့်လျှင်  မမြင်ရသော  နေကာမျက်မှန်မှာ   အကောင်းဆုံးဖြစ်သည်ဟု မျက်စိ ဆရာဝန်ကြီးများက ပြောကြားထားသည်။

မျက်စိနာလျှင် မျက်စိအတွင်းရှိ သွေးကြောလေးများရောင်သဖြင့် နီရဲပြီး ယားယံခြင်း ဖြစ်တတ်သည်။ ယား၍ပွတ်မိလျှင်မျက်ကြည်လွှာ (အနက်ရောင်) ပျက်စီးတတ်သည်။တစ်သျှူးစက္ကူဖြင့် ပွတ်ခြင်းလည်း မကောင်းပါ။ စက္ကူတွင် ကြမ်းရှသောမျက်နှာပြင်ရှိသည်။ အသားချောသော လက်ကိုင်ပဝါ၊ အမွေးပွ သော မျက်နှာသုတ်ပဝါငယ်ဖြင့် အပေါ်မှအုပ်၍တို့ပေးခြင်းသာ အကောင်းဆုံးဖြစ်သည်။ ဖြစ်နိုင်လျှင် ကြွေဇလုံတစ်ခုတွင် ရေနွေးအပူ ဓာတ်ဘူးငယ်တစ်လုံးစာထည့်ပါ။ ယင်းနောက်ဆားဇွန်းငယ်တစ်ဇွန်း ထည့်ဖျော်ပါ။ဆားခါးထည့်လျှင် ပို၍ကောင်းသည်။ ယင်းရေနွေးအတွင်းသို့ မျက်နှာသုတ်ပဝါငယ် ကိုထည့်စိမ်ကာ (ရေနွေးနွေးဖြစ်မှစိမ်ပါ) ယင်းတဘက်ကို ရေစင်အောင် ညှစ်ပြီး   မျက်စိနာဖြစ်နေသော   မျက်စိ မျက်ခွံပေါ်မှအုပ်ပေးပါ။   ခြောက်သွေ့သွားလျှင် တစ်ဖန်ဆားရည်နွေးဇလုံတွင် ပြန်စိမ်ပြီး   ရေညှစ်ပါ။  မျက်စိအရောင် ကျသွားပါလိမ့်မည်။

ဆားရည်ကြည်သည် မျက်စိနှင့်သင့်ကြောင်း ရှေးက တိုင်းရင်းဆေးကျမ်းများတွင်ဖော်ပြထားသည်။  မျက်စိမှာရေ၊ နားမှာဆီ၊ ဒန္တီမှာဆား၊ ဝမ်းမှာခါးဟူသော စာနှင့်အညီ ဆားအနည်းငယ်ကို ရေတွင် ဖျော်ပြီး အရည်ကြည်ကိုယူကာ မျက်စိတွင် ခတ်ပေးခြင်းဖြင့် မျက်သားအရောင်ကို ကျစေနိုင်သည်။ ဆားကို ဖျော်သောရေသန့်ရမည်။ ဆူပြီးရေနွေးကို အအေးခံထားသောရေကျက်အေးနှင့် ဖျော်ခြင်းကသာ အကောင်းဆုံးဖြစ်သည်။ ယခုခေတ်သောက်ရေသန့်ဘူးများတွင်အနည်ပါတတ်သဖြင့် စိတ်မချရပါ။ ဆူပွက်ပြီးသားရေနွေး၏ ရေကျက်အေးကသာ စိတ်အချရဆုံးဖြစ်သည်။

လက်တွေ့တစ်နည်းမှာ ဆားအနည်းငယ်ကို ရေနွေးအဖြူဖြင့်ဖျော်ပြီး အအေးခံ၍ မျက်စိတစ်လုံး ဝင်ဆံ့သည့် ကိုင်းခွက်ငယ်တွင်ထည့်ကာ  ယင်းခွက်အတွင်းသို့ မျက်နှာအပ်၍ မျက်စိကို ဆားရည် အတွင်း ဖွင့်၊ ပိတ်၊ ဖွင့်၊ ပိတ်လုပ်ပေးခြင်းဖြစ်သည်။

ရှားစောင်းလက်ပပ်ပင်မှကျောက်ကျောကဲ့သို့အနှစ်ကိုခွဲယူပြီး  အနေတော်အတုံးလေးများပြုလုပ်ကာ မျက်ခွံပေါ်အုပ်ထားပါက မျက်စိနာသက်သာစေသည်။

တခြားထူးခြားသောမျက်စဉ်းတစ်ခုမှာ မိခင်နို့ရည်ကို မျက်စဉ်းအဖြစ်ခတ်ခြင်းဖြစ်သည်။ ထိုနည်းမှာ နို့တိုက်နေသော မိခင်တစ်ဦးထံမှ နို့ရည်ကို လက်ဖက်ရည်ပန်းကန်ငယ်ဖြင့်ခံ၍ ညှစ်ယူပြီး မျက်စဉ်းခတ်ပိုက်ငယ်  သို့မဟုတ်    မင်စုပ်ပိုက်အသုံးပြု၍ နို့ရည်ကို မျက်စဉ်းခတ်ပေးခြင်းဖြစ်သည်။

မြန်မာ့ရိုးရာအိမ်သုံးဆေးနည်းဖြစ်သည့် သနပ်ခါးမြစ်၊ မန်ကျည်းခေါက်၊ သီးခေါက်၊ ကျားမနိုင်မြစ်များကိုသွေးပြီး မျက်စိကွင်းပေးခြင်းဖြင့် မျက်လုံးအရောင် ကျစေနိုင်သည်။

တိုင်းရင်းဆေးအယူအဆတွင် ညှော်ကိုလည်း အဓိကထားသည်။ငရုတ်သီးညှော်၊အမှိုက်မီးရှို့သောအနံ့များရှူရှိုက်မိလျှင် မျက်စိနာကို ပိုဆိုးစေသဖြင့် သတိပြုရှောင်ကြဉ်သင့်သည်။ထို့အတူ မီးခိုးငွေ့များ ရှိသောနေရာများသို့လည်း မသွားသင့်၊ မနေသင့်ပါ။ မီးခိုးငွေ့များ    မျက်စိအတွင်း ဝင်လျှင် မျက်စိအာရုံ ကြောများစပ်သဖြင့်   အပိတ်၊  အဖွင့်များပြီး  မျက်စိသူငယ်အိမ်ကို   ပို၍ရောင် စေနိုင်သည်။

မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ပြသခြင်းမဟုတ်ဘဲ မိမိသဘောဖြင့် ဆေးအရောင်းဆိုင်များမှ တွေ့ကရာမျက်စဉ်းများကို ဝယ်မခတ်သင့်ပါ။ မိမိနှင့် ဓာတ်မတည့်သောမျက်စဉ်းများကို မှားခတ်မိသဖြင့် မျက်စိကွယ်ရသူများရှိကြောင်း မျက်စိဆရာဝန်ကြီးများ ကိုယ်တိုင်ရေးသည်ကို ဖတ်ရှုရဖူးသည်။  ထို့အတူ တိုင်းရင်းဆေးဟုဆိုကာ မိုးရေတွင် သွပ်၊ ဒန်၊ ဆေးဒန်း၊ တခြားဆေးမြစ်များ စိမ်ထားသော မျက်စဉ်းဆေးများကို ခတ်မိသဖြင့် မျက်စိကွယ်ရသူများလည်း ရှိသည်။ တိုင်းရင်းဆေးဆိုတိုင်း အန္တရာယ်မရှိဟု မထင်ပါနှင့်။ ရောင်းတမ်းဆေးများကြောင့် အမှားများစွာတွေ့ကြုံရသဖြင့် တိုင်းရင်းဆေးပညာဦးစီးဌာနဗဟိုဆေးဝါးကြီးကြပ်မှုအဖွဲ့မှစစ်ဆေးပြီး  အန္တရာယ်ကင်းရှင်းကြောင်း အတည်ပြု ထားသော ခွင့်ပြုချက်လိုင်စင်ယာယီမှတ်ပုံတင် နံပါတ်ပါရှိသော ဆေးဝါးများမှလွဲလျှင် ဝယ်ယူသုံးစွဲခြင်းမပြုပါနှင့်။

မျက်စိအဆုံး၊  နားအရှုံးဟု  အဆိုရှိသဖြင့် မျက်စိကွယ်လျှင် အလွန်ကြီးသော ဆုံးရှုံးမှုကြီးဖြစ်ပါသည်။ သာမန်မျက်စိနာရာမှ ပေါ့ဆမှုကြောင့် မျက်စိကွယ်ရသည်အထိ မဖြစ်စေရန် -

- မျက်စိနာလျှင်  အရမ်းမပွတ်ပါနှင့်။

- တွေ့ကရာမျက်စဉ်းများကို (ဆရာဝန်များ ညွှန်ကြားချက်မရှိဘဲ) မခတ်ပါနှင့်။

- ညှော်၊ မီးခိုးများကို ရှောင်ပါ။

- စူးရှသောနေရောင်၊ အလင်းရောင်တွင်မနေပါနှင့်။

- တီဗွီမကြည့်ပါနှင့်။ ကြည့်ချင်လျှင်နေကာမျက်မှန် အမည်းရောင်တပ်ကြည့်ပါ။

- အသီးအနှံပို၍စားပါ။  အသားစားခြင်းကို ရှောင်ပါ။  အသားစားလျှင်မျက်စိပို၍ ယားတတ်သည်။

- အပူအစပ်နှင့် မဆလာပါသောအစာများကို ရှောင်ပါ။ မျက်စိကို ရောင်စေပါသည်။

-နေအိမ်အပြင်ဘက်မထွက်ပါနှင့်။ဆိုင်ကယ်မစီးပါနှင့်။လေတိုက်လေတိုးလျှင် မျက်စိပို၍ ရောင်တတ် သည်။

- ဆားရည်ကြည်ခတ်ခြင်း၊ ဆားရည်ငွေ့ပါသော တဘက်ငယ်ဖြင့် အုပ်ခြင်းပြုလုပ်ပါ။

Photo - Park Slope eye

MWD Web Portal