ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ထိုက်ထိုက်တန်တန်အောင်မြင်မှုရရှိရေးဆီသို့ …

Posted_Date

Image

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးမှသည် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ထိုက်ထိုက်တန်တန်အောင်မြင်မှုရရှိရေးဆီသို့ …

Body

အားကစားဟူသော ဝေါဟာရကို နိုင်ငံတကာ အဘိဓာန်များက “ယှဉ်ပြိုင်မှုရှိသော ရုပ်ပိုင်းဆိုင်ရာ ပြုမူဆောင်ရွက်မှုပုံစံအားလုံးကို အားကစား” ဟု အဓိပ္ပာယ်ဖွင့်ဆိုကြသည်။

အားကစား၏ အဓိကရည်မှန်းချက်မှာ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးကို ရှေးရှုသည်ဆိုသော်လည်း ယခုအခါ အားကစားမှာ တစ်ဦးချင်းယှဉ်ပြိုင်ရသော ပြိုင်ပွဲများမှသည် လူပေါင်းရာထောင်ချီပါဝင်ယှဉ်ပြိုင်သော ပြိုင်ပွဲများအထိလည်းကောင်း၊ ကျေးလက်အဆင့် အားကစားပြိုင်ပွဲများမှသည် ကမ္ဘာနှင့်ချီသော အိုလံပစ်ပြိုင်ပွဲများအထိလည်းကောင်း ကျင်းပလျက်ရှိနေပြီဖြစ်သည်။ တစ်ချိန်တည်းမှာပင် အားကစားအောင်မြင်မှုသည် နိုင်ငံနှင့်လူမျိုး၏ ဂုဏ်သိက္ခာကို နိုင်ငံတကာအလယ်တွင် ထည်ဝါခံ့ညားစေသည်။ ထိုမှတစ်ဆင့် အားကစားပြိုင်ပွဲများကို လက်နက်မပါသော တိုက်ပွဲများဟုပင် တင်စားခေါ်ဝေါ်လာနေကြပြီ ဖြစ်ပါသည်။

အားကစားသည် အမျိုးသားရေးတာဝန်

အားကစားသည် ပြောင်းလဲလာသော အခြေအနေအရပ်ရပ်နှင့်အညီ အရှိန်အဝါနှင့် အနေအထားအရပါ မြင့်မားလာသည်ဖြစ်ရာ ကျန်းမာရေးသက်သက်၊ အားကစားသက်သက်အဆင့်တွင်သာ ရပ်တန့်မနေဘဲ နိုင်ငံနှင့် လူမျိုးဂုဏ်ကို မြှင့်တင်ပေးသည့် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်လာခဲ့သည်။ သို့ဖြစ်ရာ အမျိုးသားရေးတာဝန်တစ်ရပ်၏ အဆင့်နှင့်အညီ အားကစားလှုပ်ရှားမှုများ၊ အားကစားပြိုင်ပွဲများကို အမျိုးသားအားကစားပွဲတော်အဖြစ် တစ်နိုင်ငံလုံးပါဝင်သည့် အားကစားပြိုင်ပွဲကြီးများ ကျင်းပပြီး အားကစားနည်းအလိုက် နိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်နိုင်မည့် လက်ရွေးစင်အားကစားသမားများကို စိစစ်ရွေးချယ်လာကြခြင်းမှာ မဖြစ်မနေဆောင်ရွက်ရမည့် အရေးပါသော အဓိကလုပ်ငန်းတစ်ရပ်လည်း ဖြစ်လာခဲ့ပါသည်။

မြန်မာနိုင်ငံ၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရေး ခေတ်အဆက်ဆက်ကပင် ကြိုးစားဆောင်ရွက်ခဲ့ကြပြီး ယခင့်ယခင်ကာလ များကပင် ပြည်နယ်/ တိုင်းဒေသကြီး အားကစားပြိုင်ပွဲများ၊ ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲများ၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီဥက္ကဋ္ဌဖလား အားကစားပြိုင်ပွဲများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ် ဥက္ကဋ္ဌဖလားအားကစားပြိုင်ပွဲများ ကျင်းပကာ နိုင်ငံ့ကိုယ်စားပြုလက်ရွေးစင်အားကစားသမားများကို ရွေးချယ်ပျိုးထောင်ပြီး နိုင်ငံတကာပြိုင်ပွဲများတွင် အောင်မြင်မှုများရရှိခဲ့သည့် သာဓကများလည်း ခိုင်ခိုင်မာမာရှိခဲ့ပြီး ဖြစ်ပါသည်။

သို့ရာတွင် ၁၉၈၀ ပြည့်နှစ်များနောက်ပိုင်းတွင် မြန်မာ့အားကစားအဆင့်မှာ အရှေ့တောင်အာရှတွင် တဖြည်းဖြည်းကျဆင်းလာခဲ့ပြီး နိုင်ငံအလိုက် ရပ်တည်မှုမှာ အဆင့် ၇ အထိ ရောက်ရှိလာခဲ့ပါသည်။ ထိုသို့သော အခြေအနေကို ကာကွယ်နိုင်ရန်အတွက် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့အစိုးရ လက်ထက်ကပင် ကြိုတင်ပြင်ဆင်မှုများဖြင့် ကြိုးစားခဲ့ပြီး ၁၉၉၂ ခုနှစ်တွင် ပထမအကြိမ်၊ ၁၉၉၄ ခုနှစ်တွင် ဒုတိယအကြိမ်နှင့် ၁၉၉၇ ခုနှစ်တွင် တတိယအကြိမ် အမျိုးသားအားကစားပွဲတော်များအား ကျင်းပပေးခဲ့သည့်အပြင် ဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၅ ခုနှစ်တွင် စတုတ္ထအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအား ပြန်လည်ကျင်းပပေးခဲ့သည်ကိုလည်း တွေ့ရှိခဲ့ရပါသည်။

အားကစားပြိုင်ပွဲများကျင်းပခြင်းသည် နိုင်ငံတကာပြိုင်ပွဲများ အောင်မြင်မှုရရှိရေးများစွာ အထောက်အကူပြုနေမှုများ

အမျိုးသားအားကစားပွဲတော်ကြီးကျင်းပခြင်းမှာ အားကစားနည်းအလိုက် မျိုးဆက်သစ်များ ပေါ်ထွက်ရေးနှင့် နိုင်ငံတကာပြိုင်ပွဲများ အောင်မြင်မှုရရှိရေးအဓိကထားရည်ရွယ်ဆောင်ရွက်ခြင်း ဖြစ်ပါသည်။ ဖွံ့ဖြိုးတိုးတက်ပြီး နိုင်ငံများပင်လျှင် မိမိတို့နိုင်ငံ၏ အားကစားဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြည်တွင်းအားကစားပြိုင်ပွဲမျိုးစုံနှင့် နိုင်ငံတကာ ဖိတ်ခေါ်အားကစားပြိုင်ပွဲများအား ပုံစံအမျိုးမျိုးဖြင့် စဉ်ဆက်မပြတ် ကျင်းပပေးလျက်ရှိရာ အားကစားနည်းအလိုက် အားကစားသမားများ၏ စွမ်းဆောင်ရည်နှင့် စံချိန်စံညွှန်းများ တိုးတက်အောင် ဖော်ဆောင်ပေးလျက်ရှိပါသည်။

အိမ်နီးချင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ၌ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်း ပထမအကြိမ် ကျောင်းသားလူငယ်အားကစားပြိုင်ပွဲ The First Student (Youth) Game ကို နန်နင်းမြို့တွင် ကျင်းပခဲ့ရာ အဆိုပါလူငယ်အားကစားပြိုင်ပွဲမှ ကမ္ဘာ့လူငယ်စံချိန် ၁၁ ခု ချိုးနိုင်ခဲ့ပြီး ထိုစံချိန် ၁၁ ခုအနက်မှ ကမ္ဘာ့စံချိန်တစ်ခုချိုးနိုင်ခဲ့သည်အထိ အောင်မြင်မှုများ မြင့်မားခဲ့ကြောင်း သိရှိခဲ့ရပါသည်။

အဆိုပါပြိုင်ပွဲ၏ အကျိုးဆက်အဖြစ် ၂၀၂၄ ခုနှစ် ပြင်သစ်နိုင်ငံတွင် ကျင်းပပြီးစီးခဲ့သည့် ပါရီအိုလံပစ်ပြိုင်ပွဲကြီးတွင် တရုတ်နိုင်ငံအနေဖြင့် ရွှေတံဆိပ် ၄၀ ရရှိခဲ့ပြီး အမေရိကန်ပြည်ထောင်စုနှင့် ရွှေတံဆိပ်အရေအတွက် ရရှိမှုတူညီခဲ့သော်လည်း ငွေတံဆိပ်လျော့နည်းရရှိခဲ့မှုကြောင့် ဒုတိယနေရာတွင်သာ ရပ်တည်နိုင်ခဲ့ကြောင်း တွေ့ရှိခဲ့ရပါသည်။ အားကစားပြိုင်ပွဲများ စဉ်ဆက်မပြတ်ကျင်းပခြင်းဖြင့် အားကစားနည်းအလိုက် မျိုးဆက်သစ်များ စဉ်ဆက်မပြတ်ပေါ်ထွက်နေရုံမျှမက လူငယ်ပြိုင်ပွဲများမှ ကမ္ဘာ့စံချိန်များကိုပင် ချိုးနိုင်ခဲ့ပြီး နောက်ဆုံးအဆင့် ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲများအထိပါ အထောက်အကူပြုလျက်ရှိခြင်းကို ထင်သာမြင်သာရှိသည့် သာဓကအဖြစ်မြင်တွေ့နိုင်ပါသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး

လက်ရှိ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရလက်ထက်တွင် မြန်မာ့အားကစားဖွံ့ဖြိုး တိုးတက်ရေးအား ရေရှည်အထောက်အကူပြုနိုင်မည့် အမျိုးသားရေးဦးတည်ချက်များဖြင့် ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးအား ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့မှ ၂၀ ရက်နေ့အထိ နေပြည်တော်ဝဏ္ဏသိဒ္ဓိအားကစားပြိုင်ဝင်းနှင့် ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်းရှိ အားကစားကွင်း/အားကစားရုံများတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါသည်။

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး မှာ ၂၀၁၃ ခုနှစ်တွင် အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့သည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲကြီး ပြီးလျှင် အားကစားနည်းအများဆုံးနှင့် ပြိုင်ပွဲဝင်အားကစားသမားအများဆုံး ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြိုင်ပွဲကြီးတစ်ခုအဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါသည်။

ပဉ္စမအကြိမ်အမျိုးသားအားကစားပြိုင်ပွဲတွင် ထည့်သွင်းကျင်းပခဲ့သည့် အားကစားနည်းများ

ပဉ္စမအကြိမ်အမျိုးသားအားကစားပွဲတော်ကြီးတွင် ဝန်ကြီးဌာနအဆင့်၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့်နှင့် မသန်စွမ်းအားကစားပြိုင်ပွဲဟူ၍ ပြိုင်ပွဲအား အဆင့်သုံးဆင့်ခွဲခြားကာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ဝန်ကြီးဌာနအဆင့်တွင် ပြေးခုန်ပစ် (အမျိုးသား/ အမျိုးသမီး)၊ ဘောလုံး(အမျိုးသား)၊ ဖူဆယ်(အမျိုးသား)၊ ဂေါက်သီး(အမျိုးသား)၊ ပိုက်ကျော်ခြင်း(အမျိုးသား)နှင့် ဘော်လီဘော(အမျိုးသား/အမျိုးသမီး) ပြိုင်ပွဲဟူ၍ အားကစားနည်းခြောက်မျိုး ထည့်သွင်းကျင်းပပေးခဲ့ပါသည်။

ပြည်နယ်/တိုင်းဒေသကြီးအဆင့်တွင် အားကစားနည်း ၂၃ နည်း ထည့်သွင်းကျင်းပပေးခဲ့ပြီး ပြေးခုန် ပစ်(အမျိုးသား/အမျိုးသမီး)၊ ဘတ်စကက်ဘော (အမျိုးသား)၊ ကြက်တောင် (အမျိုးသား/ အမျိုးသမီး)၊ ဘိလိယက်/စနူကာ(အမျိုးသား)၊ လက်ဝှေ့ (အမျိုး သား/အမျိုးသမီး)၊ ကာယဗလနှင့်ကာယကြံ့ခိုင်မှု (အမျိုးသား/အမျိုးသမီး)၊ ခရစ်ကက် (အမျိုး သား/အမျိုးသမီး)၊ ဘောလုံး(အမျိုးသား/ အမျိုးသမီး)၊ ဖူဆယ်(အမျိုးသား/ အမျိုးသမီး)၊ ဂေါက်သီး (အမျိုးသား)၊ ဂျူဒို(အမျိုးသား/အမျိုးသမီး)၊ ကရာတေး (အမျိုး သား/အမျိုးသမီး)၊ ပိုက်ကျော်ခြင်း (အမျိုးသား/အမျိုးသမီး)၊ ရေကူး(အမျိုးသား/ အမျိုးသမီး)၊ စားပွဲတင်တင်းနစ် (အမျိုးသား/အမျိုးသမီး)၊ တိုက်ကွမ်ဒို(အမျိုးသား/အမျိုးသမီး)၊ တင်းနစ် (အမျိုးသား/ အမျိုးသမီး)၊ ရိုးရာခြင်းလုံး(အမျိုးသား/ အမျိုးသမီး)၊ မြန်မာ့သိုင်း(အမျိုးသား/အမျိုးသမီး)၊ ဘော်လီဘော (အမျိုးသား/ အမျိုး သမီး)၊ ဗိုဗီနမ်(အမျိုး သား/အမျိုးသမီး)၊ အလေးမ(အမျိုးသား/အမျိုးသမီး)၊ ဝူရှူး (အမျိုးသား/ အမျိုးသမီး) ပြိုင်ပွဲများ ပါဝင်ပါသည်။

မသန်စွမ်းအားကစားပြိုင်ပွဲတွင် ပြေးခုန်ပစ် (အမျိုးသား/အမျိုးသမီး)၊ ရေကူး (အမျိုးသား/ အမျိုးသမီး)၊ ထိုင်လျက်ဘော်လီဘော(အမျိုးသား)နှင့် မျက်မမြင်စစ်တုရင် ( အမျိုးသား/အမျိုးသမီး) စသည့်အားကစားနည်းလေးမျိုး ထည့်သွင်းကျင်းပပေးခဲ့ပါသည်။

ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားအင်အားနှင့် ဒိုင်/ဂျူရီအင်အား

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည့် အားကစားသမားအင်အားအနေဖြင့် ဝန်ကြီးဌာနအဆင့် ပြိုင်ပွဲများတွင် ၂၅၀၄ ဦး၊ ပြည်နယ်/တိုင်းဒေသကြီးအဆင့် ပြိုင်ပွဲများတွင် ၆၀၂၉ ဦး၊ မသန်စွမ်းအားကစားပြိုင်ပွဲများတွင် ၁၈၃ ဦး စုစုပေါင်း ၈၇၁၆ ဦး ပါဝင်ယှဉ်ပြိုင် ခဲ့ကြပြီး အားကစားပြိုင်ပွဲအသီးသီးတွင် ကြီးကြပ်ဆောင်ရွက်ခဲ့ကြသည့် ဒိုင်/ဂျူရီအင်အားအနေဖြင့် ၈၂၃ ဦးခန့် တာဝန်ထမ်းဆောင်ခဲ့ကြပါသည်။

ချီးမြှင့်ပေးအပ်ခဲ့သည့် ဆုတံဆိပ်အရေအတွက်

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးတွင် ပြည်နယ်/တိုင်းဒေသကြီးအဆင့် အားကစားပြိုင်ပွဲ ၂၃ မျိုးအတွက် ရွှေတံဆိပ် ၂၃၈ ခု၊ ငွေတံဆိပ် ၂၃၈ ခု၊ ကြေးတံဆိပ် ၃၃၁ ခု စုစုပေါင်း ၈၀၇ ခု၊ ဝန်ကြီးဌာနအဆင့် အားကစားပြိုင်ပွဲ ခြောက်မျိုးအတွက် ရွှေတံဆိပ် ၅၁ ခု၊ ငွေတံဆိပ် ၅၁ ခု၊ ကြေးတံဆိပ် ၅၁ ခု စုစုပေါင်း ၁၅၃ ခု၊ မသန်စွမ်းအားကစားပြိုင်ပွဲ လေးမျိုးအတွက် ရွှေတံဆိပ် ၅၀၊ ငွေတံဆိပ် ၅၀၊ ကြေးတံဆိပ် ၄၉ ခု၊ စုစုပေါင်း ၁၄၉ ခု၊ ပြိုင်ပွဲ သုံးရပ်လုံးအတွက် ရွှေတံဆိပ် ၃၃၉ ခု၊ ငွေတံဆိပ် ၃၃၉ ခု၊ ကြေးတံဆိပ် ၄၃၁ ခု စုစုပေါင်း ၁၁၀၉ ခု ချီးမြှင့်ပေးအပ်ခဲ့ပါသည်။

ပြိုင်ပွဲကြီးအပြီးတွင် ရွေးချယ်ရရှိခဲ့သည့် မျိုးဆက်သစ်များနှင့် စံချိန်ချိုးခဲ့မှုမှတ်တမ်းများ

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအပြီးတွင် အားကစားနည်း ၂၃ မျိုးအတွက် လူငယ်မျိုးဆက်သစ်အမျိုးသားအင်အား ၅၄၀ ကျော်၊ အမျိုးသမီးအင်အား ၃၀၀ ကျော် စုစုပေါင်းအင်အား ၈၄၀ ကျော်ရွေးချယ်ရရှိခဲ့ပြီး ပြေးခုန်ပစ်အားကစားနည်းမှ လမ်းလျှောက် Event တွင် အမျိုးသားနှစ်ဦး၊ အမျိုးသမီးနှစ်ဦးတို့က အနီးကပ်ဆုံးကျင်းပပြီးစီးခဲ့သည့် (၃၂)ကြိမ်မြောက် အရှေ့တောင်အာရှအားကစားပြိုင်ပွဲစံချိန်များအားလည်းကောင်း၊ အမျိုးသားတစ်ဦးက သံလုံးပစ်အားကစားနည်းတွင် ဝန်ကြီးဌာနစံချိန်နှင့် မြန်မာပြည်စံချိန်အားလည်းကောင်း၊ အလေးမပြိုင်ပွဲတွင် အမျိုးသားသုံးဦးနှင့် အမျိုးသမီးတစ်ဦးတို့က မြန်မာပြည်စံချိန်များအား ချိုး၍ စံချိန်သစ်များ တင်နိုင်ခဲ့ကြကြောင်း သိရှိရပါသည်။

မြန်မာ့အားကစား ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးစားပေးဖော်ဆောင်ရမည့် လူထုအားကစား

မြန်မာ့အားကစားရေရှည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များစွာ ရှိသော်လည်း မဖြစ်မနေတစိုက်မတ်မတ်အကောင် အထည်ဖော်ဆောင်ရွက်ရမည့် ဦးစားပေးလုပ်ငန်းစဉ်တစ်ခုမှာ “လူထုအားကစားလှုပ်ရှားမှုများကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျယ်ကျယ်ပြန့်ပြန့် လှုပ်ရှားဆောင်ရွက်လာစေရေးတွန်းအားပေး ကြပ်မတ်ဆောင်ရွက်ခြင်း၊ စည်းရုံးဆောင်ရွက်ခြင်းများအပြင် လူထုအားကစားလှုပ်ရှား ဆောင်ရွက်ခြင်း၏ အကျိုးကျေးဇူးများအား အများပြည်သူများ (ကျောင်းသား ကျောင်းသူများအပါအဝင်) ကျယ်ကျယ် ပြန့်ပြန့်သိရှိပြီး အင်တိုက်အားတိုက် လိုက်ပါဆောင်ရွက်လာစေရေးအတွက် အားကစားအသိပညာပေးလုပ်ငန်းများအား ပိုမိုတိုးမြှင့် ဆောင်ရွက်သွားရေးပင်ဖြစ်ပါသည်။”

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီး ကျင်းပပေးခြင်း၏ အမျိုးသားရေးဦးတည်ချက်များ အောင်မြင်စေရေး

ပဉ္စမအကြိမ် အမျိုးသားအားကစားပွဲတော်ကြီးအား နိုင်ငံတော်က အမျိုးသားရေးဦးတည်ချက် (၅) ရပ်ဖြင့် ခမ်းနားထည်ဝါစွာ ကျင်းပပေးခဲ့ခြင်းဖြစ်ပါသည်။ ပြိုင်ပွဲကြီးမှ အားကစားနည်းအလိုက် မျိုးဆက်သစ်များလည်း မြောက်မြားစွာ ပေါ်ထွက်ခဲ့ပြီးဖြစ်ရာ ရရှိခဲ့သည့် မျိုးဆက်သစ်အားကစားသမားများနှင့် ယခင်ရှိပြီး မြန်မာ့လက်ရွေးစင်၊ ပဏာမလက်ရွေးစင် အားကစားသမားများအား ထိရောက်စွာအသုံးချ၍ မြန်မာ့အားကစားအဆင့်အတန်း ပိုမိုမြင့်မားတိုးတက်လာစေရေးအတွက်လည်းကောင်း၊ မကြာမီကျင်းပမည့် အရှေ့တောင်အာရှအားကစားပြိုင်ပွဲနှင့် နိုင်ငံတကာအားကစားပြိုင်ပွဲများတွင် ထိုက်ထိုက်တန်တန်အောင်မြင်မှု ရရှိစေရေးအတွက်လည်းကောင်း၊ ပြည်သူတစ်ရပ်လုံး အားကစားကို ပိုမိုစိတ်ပါဝင်စားလာပြီး အင်တိုက် အားတိုက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်လာစေရေးအတွက်လည်းကောင်း၊ အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန၏ အဓိကတာဝန်ဖြစ်သည့် တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေး အတွက်လည်းကောင်း၊ မြန်မာနိုင်ငံအိုလံပစ်ကော်မတီ၊ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များက ဆက်လက်အကောင်အထည်ဖော်ပေးကြပါရန် တိုက်တွန်းရေးသားတင်ပြလိုက်ရပါသည်။          ။

MOI