“ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union- EAEU) နှင့် မြန်မာနိုင်ငံ၏ အခွင့်အလမ်း”
Posted_Date
Image

Body
သမိုင်းကြောင်း
ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union- EAEU) သည် ၂၀၁၄ ခုနှစ် မေလ ၂၉ ရက်နေ့တွင် ဘယ်လာရုစ်၊ ကာဇက်စတန်၊ ရုရှားသမ္မတနိုင်ငံတို့မှ စာချုပ် လက်မှတ် ရေးထိုးခြင်းဖြင့် စတင်တည်ထောင်ခဲ့ပါသည်။ ၂၀၁၅ ခုနှစ်အတွင်း စတင်၍ တရားဝင်ဖွဲ့စည်း ဆောင်ရွက်ခဲ့ပြီးနောက်ပိုင်းတွင် အာမေးနီးယားနှင့် ကာဂျစ္စတန်တို့သည် အဖွဲ့ဝင်အဖြစ် ဝင်ရောက်ခဲ့ပါသည်။ ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (Eurasian Economic Union- EAEU) သည် ဥရောပ-အာရှတိုက်ရှိ အဖွဲ့ဝင်နိုင်ငံ ၅ နိုင်ငံမှ တည်ထောင်ထားသည့် ဒေသတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ တစ်ခုလည်းဖြစ်ပါသည်။ EAEU ၏ အဓိက ရည်ရွယ်ချက်မှာ အဖွဲ့ဝင်နိုင်ငံများအကြား ကုန်စည်၊ ဝန်ဆောင်မှု၊ အလုပ်သမားနှင့် ရင်းနှီးမြှုပ်နှံမှုများ လွတ်လပ်စွာ စီးဆင်းနိုင်ရန်အတွက် တစ်ခုတည်းသော စျေးကွက်တစ်ခုကို ဖန်တီးရန် ဖြစ်သည်။ ယခုအခါ EAEU သည် လူဦးရေ ၁၈၃ သန်းကျော်၊ စုစုပေါင်း GDP ၂.၄ အမေရိကန် ထရီလီယံကျော် ရှိပြီး၊ ကမ္ဘာ့စီးပွားရေးတွင် အရေးပါသည့် စီးပွားရေးသမဂ္ဂတစ်ခုအဖြစ် ရပ်တည်လာပါသည်။ EAEU သည် ကမ္ဘာ့ရေနံထုတ်လုပ်မှု၏ ၁၄.၅%၊ သဘာဝဓာတ်ငွေ့ ၂၀.၃% ထုတ်လုပ်နိုင်ပါသည်။
Eurasian Economic Union : Russia, Belarus, Kazakhstan, Armenia, Kyrgyzstan
အဖွဲ့ဝင်နိုင်ငံများ၏ အခန်းကဏ္ဍ
ရုရှားနိုင်ငံသည် EAEU တွင် အကြီးဆုံးစီးပွားရေးအင်အားကြီးနိုင်ငံဖြစ်ပြီး ဥရောပ-အာရှ စီးပွားရေး သမဂ္ဂ၏မူဝါဒများနှင့် ဦးတည်ချက်များကို လွှမ်းမိုးနိုင်စွမ်းရှိပါသည်။ စွမ်းအင်အရင်း အမြစ်များ ကြွယ်ဝသောကြောင့် ရုရှားသည် အခြားအဖွဲ့ဝင်နိုင်ငံများအတွက် အရေးပါသော ကုန်သွယ်ဖက်နှင့် စွမ်းအင်ထောက်ပံ့သူနိုင်ငံအဖြစ်ရပ်တည်လျက်ရှိပါသည်။ ဘယ်လာရုစ်နိုင်ငံသည် စက်မှုထွန်းကားသော နိုင်ငံဖြစ်ပြီး စိုက်ပျိုးရေးနှင့် စက်မှုကုန်ထုတ်လုပ်မှုတွင် အားသာ ချက်များစွာရှိပါသည်။ ရုရှားနှင့် မဟာဗျူဟာမိတ်ဖက်ဆက်ဆံရေးရှိပြီး EAEU ၏ အဓိက မိတ်ဖက်နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ကာဇက်စတန်နိုင်ငံသည် သဘာဝအရင်းအမြစ်များ ကြွယ်ဝ ပြီး ရေနံနှင့် သတ္တုများထုတ်လုပ်ရာတွင် အဓိကကျပါသည်။ EAEU ၏ အလယ်ဗဟိုတွင် တည်ရှိပြီး ကုန်သွယ်ရေးလမ်းကြောင်းအတွက် အရေးပါသောနိုင်ငံဖြစ်ပါသည်။ အာမေးနီးယား နှင့် ကာဂျစ္စတန်နိုင်ငံတို့သည် စီးပွားရေးအရ သေးငယ်သော်လည်း EAEU တွင် ပါဝင်ခြင်းအားဖြင့် ၎င်းတို့၏ စီးပွားရေးကို မြှင့်တင်ရန်နှင့် ရင်းနှီးမြှုပ်နှံမှုများကို ဆွဲဆောင်ရန် အခွင့်အလမ်းများရရှိ နေကြပါသည်။ ထို့အပြင် မောလ်ဒိုဗာ၊ ဥဇဘက်ကစ္စတန်၊ ကျူးဘားနိုင်ငံနှင့် အီရန် တို့သည် လေ့လာသူနိုင်ငံ (Observer Status) များအဖြစ် ပါဝင်ဆောင်ရွက်လျက်ရှိပါသည်။
EAEU နှင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုများ
EAEU သည် အခြားသော နိုင်ငံများ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှု များ တိုးမြှင့်ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်ရာတွင် Belt and Road Initiative (BRI)နှင့် ချိတ်ဆက်ကာ ကုန်သွယ်ရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုများ တိုးမြှင့်လုပ်ဆောင်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။ ၂၀၁၈ ခုနှစ်တွင် EAEU-China Trade and Economic Cooperation Agreement ကို လက်မှတ်ရေးထိုးခဲ့ပြီး ကုန်သွယ် ရေး အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာခဲ့သည်။ ထို့အတူ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (SCO)နှင့်လည်း ပူးပေါင်းနီးကပ်စွာ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ ဗီယက်နမ်၊ ဆားဘီးယား၊ အင်ဒိုနီးရှား၊ အီရန်နိုင်ငံတို့ဖြင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်များ (FTAs) ချုပ်ဆိုထားရှိသည်။ အိန္ဒိယ၊ အီဂျစ်၊ တူရကီနိုင်ငံများနှင့် စီးပွားရေးဆွေးနွေးမှုများ ပြုလုပ်လျက် ရှိသည်။ ယခုအခါ EAEU သည် တတိယနိုင်ငံများနှင့် ပိုမိုကျယ်ပြန့်သော ကုန်သွယ်မှု ဆက်ဆံ ရေးများ ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်တည်ဆောက်နေပြီး ဥရောပ-အာရှတိုက်အတွင်း စီးပွားရေးတိုးတက်မှုအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါသည်။ စိန်ခေါ်မှုများရှိသော်လည်း ဒေသတွင်းနှင့် ကမ္ဘာ့စီးပွားရေးတွင် ၎င်း၏ဩဇာ လွှမ်းမိုးမှုကို ဆက်လက်တည်ဆောက်နိုင်ရန် အလားအလာကောင်းများ ရှိနေသည်။ သို့ဖြစ်ရာ ရုရှားသမ္မတ ဗလာဒီမာပူတင်က ယခုပြုလုပ်သည့် ဖိုရမ်၏ မျက်နှာစုံညီအစည်းအဝေးတွင် “တရားမျှတသည့် ဘက်ပေါင်းစုံပါဝင်သော ကမ္ဘာကို ပုံဖော်ရာတွင် EAEU ၏ အခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ မိမိတို့၏ မဟာမိတ်အဖွဲ့အစည်းသည် စိတ်ဝင်စားသည့် နိုင်ငံခြားမိတ်ဖက်အားလုံးနှင့် ပူးပေါင်း ဆောင်ရွက်ရန်အတွက် အမြဲတမ်းလမ်းဖွင့်ထားပါကြောင်း၊ အပြန်အလှန်အကျိုးရှိသည့် ဆက်ဆံ ရေးများသည် ဥရောပ-အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတစ်ခွင်ရှိ နိုင်ငံများနှင့်အတူ တက်ကြွစွာ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမှာဖြစ်ကြောင်း” အလေးအနက် ပြောကြားခဲ့ခြင်းဖြစ်သည်။
EAEU နှင့် မြန်မာနိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုများ
EAEU နိုင်ငံများသို့ မြန်မာ၏ အဓိကပို့ကုန်များတွင် ဆန်၊ ကော်ဖီ၊ စားအုန်းဆီ၊ ကိုကိုးစေ့ များ ပါဝင်ပါသည်။ မြန်မာနိုင်ငံသို့ သွင်းကုန်ပြုလုပ်ရာတွင် ဓာတ်မြေသြဇာများ၊ စားသုံးသူ သုံးကုန်ပစ္စည်းများ၊ စက်ကိရိယာများနှင့်ပစ္စည်းများ၊ သတ္တုများ၊ စားသုံးဆီများ၊ ဘိလပ်မြေနှင့် ဆေးဝါးများက အဓိကနေရာယူထားပါသည်။ ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) နှင့် မြန်မာနိုင်ငံတို့အကြားရှိ ကုန်သွယ်မှုသည် ၂၀၁၉ ခုနှစ်မှစ၍သုံးဆကျော် တိုးလာခဲ့ကြောင်း ဥရောပ-အာရှစီးပွားရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။ မင့်(စ်)ခ် မြို့၌ ပြုလုပ်ခဲ့သော ဥရောပ-အာရှစီးပွားရေးဖိုရမ်၏ ဆွေးနွေးပွဲ၌ ဥရောပ-အာရှ စီးပွားရေး ကော်မရှင်၏ ဘုတ်အဖွဲ့ဥက္ကဋ္ဌ Mr.Bakytzhan Abdirovich Sagintayev သည် နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင် နှင့် အလုပ် သဘော တွေ့ဆုံဆွေးနွေးစဉ် “၂၀၁၉ ခုနှစ်မှ ၂၀၂၄ ခုနှစ်အထိ EAEU နိုင်ငံများနှင့် မြန်မာ နိုင်ငံအကြားရှိ ကုန်သွယ်မှုပမာဏသည် သုံးဆကျော်အထိ တိုးတက်လာခဲ့ပြီး အမေရိကန် ဒေါ်လာ ၁.၅ ဘီလီယံကျော်လွန်သွားပါတယ်” ဟု ပြောကြားခဲ့ပါသည်။
ထို့အပြင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးသမဂ္ဂတို့ကြား ထိတွေ့ဆက်ဆံမှုသည် ၂၀၂၂ ခုနှစ်က စတင်ခဲ့ကာ မြန်မာနိုင်ငံ၏ ဖိတ်ကြားချက်အရ EAEU နှင့် ဥရောပ အာရှစီးပွားရေး ကော်မရှင် (EEC) ၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့သည် မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် လျှပ်စစ်နှင့်စွမ်းအင်ကဏ္ဍ၊ စိုက်ပျိုးရေးကဏ္ဍ၊ ပညာရေးကဏ္ဍ၊ သယ်ယူ ပို့ဆောင်ရေးကဏ္ဍ စသည့်ကဏ္ဍပေါင်းစုံကို ကျယ်ပြန့်စွာဆွေးနွေးနိုင်ခဲ့ပြီး ထိတွေ့ ဆက်ဆံမှု သည် ၂၀၂၃ ခုနှစ်က စပြီး အရှိန်အဟုန်မြင့် တက်လာခဲ့ကာ (၂၆)ကြိမ်မြောက် စိန့်ပီတာ စဘတ် နိုင်ငံတကာစီးပွားရေး ဖိုရမ်တွင် မြန်မာနိုင်ငံနှင့် ဥရောပအာရှစီးပွားရေးကော်မရှင် တို့ကြား ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကိုလက်မှတ်ရေးထိုးနိုင်ခဲ့ပါသည်။
ယနေ့အချိန်တွင် EAEU အနေဖြင့် စိန်ခေါ်မှုများကိုလည်း ကြံ့ကြံ့ခိုင် ရင်ဆိုင်ဖြေရှင်း ကျော်လွှားနိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ရုရှား-ယူကရိန်းစစ်ရေးအခြေအနေ ကြောင့် အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကို ရင်ဆိုင်နေရပြီး EAEU ၏ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လှုပ်ရှားမှုများကို ထိခိုက်စေသည်။ ဥပမာအားဖြင့် SWIFT Digital ငွေလွှဲ စနစ်မှ ရုရှားနိုင်ငံ၏ ဘဏ်များကို ပိတ်ပင်ခြင်း၊ ဖယ်ရှားခံရခြင်း အခြေအနေများသည် EAEU အဖွဲ့ဝင်နိုင်ငံများအတွင်း နိုင်ငံတကာငွေလဲလှယ်မှုကို အနည်းငယ်ထိခိုက်ခက်ခဲစေခဲ့သည်။ သို့ဖြစ်၍လည်း ဥရောပ-အာရှစီးပွား ရေးသမဂ္ဂ (EAEU) သည် နိုင်ငံတကာ၏ အာရုံစိုက်မှုကို ဆွဲဆောင်လျက် ရှိပြီးအချို့က ၎င်း၏ ကောင်းကျိုးကို လိုလားကြသကဲ့သို့ အချို့ကလည်း ၎င်းအား ယိုင်နဲ့ သွားသည်ကို သို့မဟုတ် ပြိုကွဲသွားသည်ကိုပင် လိုလားကြကြောင်း ဘယ်လာရုစ် သမ္မတ အလက်ဇန်းဒါး လူကာရှန်ကိုက ထုတ်ဖော်ပြောကြားခဲ့ခြင်းသည် ယနေ့ EAEU အဖွဲ့အစည်း၏ ကမ္ဘာ့အလယ်တွင် မည်မျှအရေးပါမှု အခြေအနေများကို မီးမောင်းထိုးပြခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ၏ အခွင့်အလမ်းများ
ကမ္ဘာလုံးဆိုင်ရာမတည်မငြိမ်မှုများနှင့် မဟာမိတ် စုဖွဲ့မှုအပြောင်းအလဲများ ဖြစ်ပေါ် နေသော ယခုကဲ့သို့ ကာလမျိုးတွင် EAEU ကဲ့သို့သော အဖွဲ့အစည်းများသည် ဝန်ဆောင်မှု လွတ်လပ်ခွင့်၊ ကုန်သွယ်ရေးလွယ်ကူမှုနှင့် ကျယ်ပြန့်သော အပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှု စသည့် အရေးကြီးသော ကိစ္စရပ်များကို အတူတကွပူးပေါင်းရင်ဆိုင်နိုင်မည့် အဖွဲ့အစည်းတစ်ခုဖြစ်ပါသည်။ မြန်မာနိုင်ငံသည် သဘာဝအရင်းအမြစ်များ၊ စိုက်ပျိုးရေး ထွက်ကုန်များ၊ သတ္တုတွင်းထွက်ကုန်များနှင့် အခြားအထွက်ကုန်များအတွက် EAEU အဖွဲ့ဝင် နိုင်ငံများသို့ တင်ပို့နိုင်သည့် အလားအလာများစွာရှိပါသည်။ အလားတူပင် ရုရှားနှင့် အခြား EAEU အဖွဲ့ဝင်နိုင်ငံများ၏ စက်မှုထုတ်ကုန်၊ နည်းပညာနှင့် စွမ်းအင်ထုတ်ကုန်များကို မြန်မာနိုင်ငံသို့ တင်သွင်းနိုင်မည်ဖြစ်ပါသည်။ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးအတွက် နည်းပညာသစ်များ၊ စွမ်းအင် နည်းပညာ၊ အခြားစက်မှုလုပ်ငန်းများအတွက် ရုရှားနှင့် EAEU အဖွဲ့ဝင်နိုင်ငံများမှ ရင်းနှီးမြှုပ်နှံမှု နှင့် ပူးပေါင်းဆောင်ရွက်မှုအခွင့်အလမ်းများလည်း ရှိနေပါသည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေး ကိုအခြေခံသည့် နိုင်ငံဖြစ်သဖြင့် EAEU အဖွဲ့ဝင်နိုင်ငံများ၏ နည်းပညာ၊ ရင်းနှီး မြှုပ်နှံမှုနှင့် ဈေးကွက်ဝင်ရောက်မှုအခွင့်အလမ်းများက စိုက်ပျိုးရေးထွက်ကုန်များ၊ စက်မှု ထုတ်ကုန်များ တိုးတက်မှုအတွက် အထောက်အကူဖြစ်စေနိုင်ပါသည်။ အထူးသဖြင့် စိုက်ပျိုးရေး နည်းပညာ၊ စိုက်ပျိုးရေးစက်ယန္တရား၊ အရည်အသွေးမြှင့်တင်ရေးနည်းပညာများ ရင်းနှီးမြှုပ်နှံမှု အနေဖြင့် ဝင်ရောက်လာနိုင်ပါသည်။
EAEU နိုင်ငံများမှ နည်းပညာသစ်များ၊ စက်မှုလုပ်ငန်းနည်းပညာ၊ သုတေသနနှင့် ပညာရေးပူးပေါင်းမှုများသည် မြန်မာနိုင်ငံ၏ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါ ပါသည်။ ပညာရေး၊ သုတေသန၊ လူမှုရေးပူးပေါင်းမှုများအတွက်လည်း အလားအလာများစွာ ရှိပါသည်။ အထူးသဖြင့် ပညာရေးအတန်းမြှင့်တင်ရေး၊ နည်းပညာ လေ့လာရေး၊ ကျောင်းသား လဲလှယ်ရေးအစီအစဉ်များတွင် ပိုမိုတိုးတက်လာနိုင်ပါသည်။ မြန်မာနိုင်ငံအတွက် လိုအပ်သည့် ဓါတ်မြေဩဇာ၊ ရေနံထွက်ပစ္စည်းများ၊ လယ်ယာသုံးစက်ကိရိယာများကို EAEU နိုင်ငံများမှ တင်သွင်းနိုင်သလို၊ မြန်မာ့ထုတ်ကုန်များကိုလည်း ဈေးကွက်အသစ်များသို့ ပို့နိုင်မည် ဖြစ်ပါသည်။ EAEU သည် ဒေသတွင်းနှင့် နိုင်ငံတကာစီးပွားရေးပူးပေါင်းဆောင်ရွက်မှု၊ နည်းပညာလွှဲပြောင်းမှု၊ ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို မြန်မာနိုင်ငံအတွက် တိုးမြှင့်ပေးနိုင်မည် ဖြစ်ပါသည်။ ရုရှားနှင့် အခြား EAEU အဖွဲ့ဝင်နိုင်ငံများနှင့် သံတမန်ဆက်ဆံရေး၊ စီးပွားရေးသဘောတူညီချက်များ တိုးမြှင့်ခြင်းက မြန်မာနိုင်ငံအတွက် နိုင်ငံတကာစီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အလမ်းများ ပိုမိုကျယ်ပြန့်လာစေပါသည်။ ကမ္ဘာ့စီးပွားရေး ဩဇာသက်ရောက်မှုများ ပြောင်းလဲလာပြီး အသစ်အသစ်သော ကုန်သွယ်ရေးလမ်းကြောင်းများ ပေါ်ထွန်းလာသည်နှင့်အမျှ မြန်မာနိုင်ငံအနေဖြင့် အောက်ပါအကျိုးကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ပါသည်-
(က) မဟာဗျူဟာကျသော ချိတ်ဆက်မှုများကို စူးစမ်းရှာဖွေခြင်း။ ၂၀၂၅ ခုနှစ်အတွင်း မြန်မာနိုင်ငံသည် EAEU တွင် လေ့လာသူနိုင်ငံ (Observer Status) အဖြစ် အဆိုပြုခဲ့ခြင်းသည် EAEU ၏ အာရှဒေသသို့ ချဲ့ထွင်မှုအတွက် အခွင့်အလမ်းတစ်ရပ်အဖြစ်လည်း ပုံဖော်လာနိုင်စွမ်းရှိမည်ဖြစ်ပါသည်။ EAEU အဖွဲ့ဝင်နိုင်ငံ မဟုတ်သေးသော်လည်း မြန်မာနိုင်ငံသည် အဖွဲ့၏ ပူးပေါင်းဆက်ဆံရေး ဗျူဟာများကို အနီးကပ်လေ့လာနိုင်ပါသည်။ ဤသို့လေ့လာခြင်းမှတစ်ဆင့် မြန်မာနိုင်ငံအနေဖြင့် ရှိပြီးသား သမားရိုးကျဈေးကွက်များအပြင် အခြားသော နိုင်ငံတကာဈေးကွက် များသို့ ချဉ်းကပ်ရေးနည်းလမ်းများ၊ နိုင်ငံတကာစီးပွားရေး အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန် နည်းဗျူဟာများ၊ ဒေသတွင်းနှင့် နိုင်ငံတကာအဆင့်တွင် မိမိ၏စီးပွားရေးအခန်းကဏ္ဍကို မြှင့်တင်ရန် နည်းလမ်းများစသည်တို့ကို ပူးပေါင်း ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
(ခ) ကုန်သွယ်ရေးနှင့် ဈေးကွက်အခွင့်အလမ်းများ။ EAEU သည် ဝန်ဆောင်မှု လွတ်လပ်ခွင့် (Service Liberation) နှင့် ပြင်ပမိတ်ဖက်များနှင့် ကုန်သွယ်ရေး ချဲ့ထွင်မှုဆိုင်ရာ ဆွေးနွေးမှုများကို ပြုလုပ်နေခြင်းဖြစ်သည့်အတွက် မြန်မာနိုင်ငံအနေဖြင့် စိုက်ပျိုးရေး၊ စွမ်းအင်နှင့် သယ်ယူပို့ဆောင်ရေး၊ အထည်ချုပ်လုပ်ငန်း ကဲ့သို့သော ကဏ္ဍများတွင် အထူးအခွင့်အလမ်းများကို ရှာဖွေဖော်ထုတ်နိုင် ပါသည်။
(ဂ) ဒေသတွင်းပေါင်းစည်းမှုပုံစံများကို လေ့လာခြင်း။ EAEU သည် ဒေသတွင်း ပေါင်းစည်းမှု၏ ဥပဒေသ တစ်ခုဖြစ်ပါသည်။ ASEAN တွင် တက်ကြွစွာပါဝင် နေသော မြန်မာနိုင်ငံအတွက် ဒေသတွင်းအဖွဲ့အစည်းများသည် အချုပ်အခြာ အာဏာနှင့် စီးပွားရေးညှိနှိုင်းမှုတို့အား မည်သို့ချိန်ညှိကြပုံကို နားလည်ရန် အထောက်အကူ ဖြစ်စေနိုင်ပါသည်။
(ဃ) နည်းပညာနှင့် အခြေခံအဆောက်အအုံဆိုင်ရာပူးပေါင်းဆောင်ရွက်မှု အလားအလာ များ။ ဒစ်ဂျစ်တယ်အသွင်ကူးပြောင်းမှု၊ သယ်ယူပို့ဆောင်ရေးလမ်းကြောင်းများနှင့် ရေရှည်တည်တံ့သည့် ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ကဲ့သို့သော ကဏ္ဍများသည် မြန်မာနိုင်ငံအတွက် အနာဂတ်ပူးပေါင်းဆောင်ရွက်မှု သို့မဟုတ် အသိပညာ ဖလှယ်ရန် ရှာဖွေနိုင်သည့် နယ်ပယ်အသစ်များဖြစ်ပါသည်။
(င) ဒေသတွင်းအဆင့်တွင် မြန်မာနိုင်ငံ၏အခန်းကဏ္ဍကို ပိုမိုထင်ရှားစွာ ပြသနိုင်ခြင်း။ လေ့လာသူ အဆင့်ဖြင့်သော်လည်းကောင်း၊ ဆက်စပ်ဖိုရမ်များတွင်သော်လည်းကောင်း ပါဝင်ခြင်းဖြင့် မြန်မာနိုင်ငံသည် တောင်အာရှနှင့် အရှေ့တောင် အာရှကြားရှိ ၎င်း၏ မဟာဗျူဟာကျသော တည်နေရာကို အသုံးချခြင်းဖြင့် နိုင်ငံပေါင်းစုံနှင့် စီးပွားရေး ချိတ်ဆက် ဆောင်ရွက်မှုများကို ဖွင့်လှစ်ထားကြောင်း ပြသနိုင်ပါသည်။
သို့ဖြစ်၍လည်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ဘယ်လာရုစ်နိုင်ငံ၌ ကျင်းပပြုလုပ်သည့် ဥရောပ-အာရှ စီးပွားရေးဖိုရမ်၌ “ဥရောပ-အာရှစီးပွားရေးသမဂ္ဂ (EAEU) ၏ အခြေခံမူများတွင် အဖွဲ့ဝင်နိုင်ငံ များ၏ အချုပ်အခြာအာဏာတူညီမှုနှင့် နယ်နိမိတ်တည်တံ့မှုအပါအဝင် အပြည်ပြည်ဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာခြင်း၊ အမျိုးသားအကျိုးစီးပွားကိုလေးစားခြင်းတို့သည် ကမ္ဘာတွင် လက်တွေ့လိုအပ် နေသည့်အရာများပင်ဖြစ်ကြောင်း၊ ယနေ့ကမ္ဘာတွင် အင်အားကြီးနိုင်ငံများက နိုင်ငံငယ်များအပေါ် နိုင်ငံရေး၊ စီးပွားရေးအရ ဖိအားပေးမှုများ၊ ပိတ်ဆို့မှုများသည် ကမ္ဘာ့နိုင်ငံများ ၏ အခြေခံမူများကို ချိုးဖောက်နေခြင်းပင်ဖြစ်ကြောင်း၊ ကမ္ဘာ့နိုင်ငံ့အသီးသီးတွင် ရှိသင့်ရှိထိုက် သည့် ကောင်းမွန်သည့်အခြေခံမူများကို အလေးထားပြီး ကမ္ဘာ့နိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်မှုကို အကောင်အထည်ဖော်နေသည့် ဥရောပ-အာရှ စီးပွားရေးသမဂ္ဂ (EAEU) ၏ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများအတွက် မြန်မာနိုင်ငံအနေဖြင့် ဂုဏ်ယူဝမ်းမြောက် ထောက်ခံကြောင်းကို ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် EAEU ၏ လုပ်ဆောင်ချက်များ၊ အောင်မြင်မှုများကို အလေးထားစိတ်ဝင်စားသကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုများကိုလည်း တိုးမြှင့်ဆောင်ရွက်သွား မည် ဖြစ်ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ဥရောပ-အာရှစီးပွားရေးသမဂ္ဂ၏ မိသားစု အဖွဲ့ဝင်နိုင်ငံအဖြစ်ပါဝင်ရန် များစွာစိတ်အားထက်သန်လျက်ရှိပါကြောင်း” အလေးနက်ထား ပြောကြားခဲ့ခြင်းဖြစ်ပါသည်။
ယနေ့ကမ္ဘာတွင် ဒေသတွင်းစီးပွားရေးပူးပေါင်းချိတ်ဆက်မှုများ အရှိန်အဟုန်မြှင့် တိုးမြင့် လာသည်နှင့်အမျှ ယခုကဲ့သို့ EAEU အဖွဲ့အစည်းအတွင်း လေ့လာသူနိုင်ငံအဆင့်၊ ၎င်းမှအမြဲတမ်း အဖွဲ့ဝင်နိုင်ငံဖြစ်လာပါက မြန်မာနိုင်ငံအတွက် မိမိ၏ လက်ရှိဖွံ့ဖြိုးမှုအခြေအနေကို မှန်တစ်ချပ် ကဲ့သို့ ပြန်လည်သုံးသပ်နိုင်ပြီး အနာဂတ် ပူးပေါင်းဆောင်ရွက်မှုအတွက် အခွင့်အရေး လမ်းကြောင်းများ ပါဝင်သည့် မြေပုံတစ်ချပ်ကို လက်ဝယ်ရရှိလိုက်သကဲ့သို့ အခွင့်အလမ်းများ ရရှိမည်ဖြစ်ပါကြောင်း.....
ကိုးကား
https://sacoffice.gov.mm/my/niungngntteaaciimnaupkhuprekeaangciiukktttth-niungngntteaawnkiikhup-biulkhupmuukii-297
https://www.eaeunion.org/?lang=en
https://eng.belta.by/economics/view/trade-between-eaeu-myanmar-triples-since-2019-169293-2025/
https://eng.belta.by/economics/view/putin-lauds-eaeus-role-in-shaping-fair-multipolar-world-169339-2025/