လူမှုစီးပွားဘဝတိုးတက်ရေး သမဝါယမကဖော်ဆောင်ပေး
Posted_Date
Image

Body
လူမှုစီးပွားဘဝအခြေခံ
စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကိုရည်ရွယ်ဆောင်ရွက်နေကြသည့် ယနေ့ခေတ်တွင် လူမှုစီးပွားဘဝတိုးတက်ရေးအတွက် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများအပါအဝင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ၏မောင်းနှင်အားကိုလည်း မေ့ထား၍မရပေ။ ပြည်သူလူထု၏နေ့စဉ်လူနေမှုဘဝလိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ခြင်း၊ အလုပ်အကိုင်အခွင့်အလမ်းများဖန်တီးပေးနိုင်ခြင်း စသည့်အကျိုးကျေးဇူးများကြောင့် အသေးစားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရေး အစိုးရများက ကြိုးစားဆောင်ရွက်နေကြသည်။ မည်သည့်အလုပ်တွင်မဆို အရင်းအနှီးက အဓိကကျလှသဖြင့် စတင်အကောင်အထည်ဖော်ကာစ စီးပွားရေးလုပ်ငန်းငယ်များအတွက် လိုအပ်သည့်ငွေကြေးအပါအဝင် အခြားသောအရင်းအနှီးများကို ပံ့ပိုးပေးရန်လိုအပ်သည်။
ပြည်သူလူထု၏လူမှုစီးပွားဘဝလိုအပ်ချက်များနှင့် စီးပွားရေးအတွက်လိုအပ်သည့်အရင်းအနှီးများနှင့်အရင်းအမြစ်များကို တစ်ဦးကောင်းတစ်ယောက်ကောင်းဖြင့် ရှာဖွေစုဆောင်းနိုင်ခြင်းမရှိသည့်အခါ အများစုပေါင်းစွမ်းအားဖြင့် ကြိုးစားရှာဖွေရသည်။ မိမိတို့တွင်ရှိသည့်အရင်းအမြစ်များကို မျှဝေခံစားနိုင်ရေးကြိုးစားခြင်းဖြင့် အစုအဖွဲ့ပုံစံဖြစ်လာကြသည်။ စိတ်တူကိုယ်တူများ စုဖွဲ့ထားသည့်အဖွဲ့များက အဖွဲ့ဝင်များ၏လူမှုစီးပွားဘဝလိုအပ်ချက်များကို “ငွေကြေးထောက်ပံ့ပေးခြင်းဖြင့်လည်းကောင်း၊ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းဖြင့်လည်းကောင်း၊ အရင်းအမြစ်များကို မျှဝေပေးခြင်းဖြင့်လည်းကောင်း” အပြန်အလှန်ကူညီပေးကြသည်။
ထိုအဖွဲ့များသည် လူမှုစီးပွားဘဝအခြေခံလိုအပ်ချက်များကို တတ်နိုင်သမျှ ကြိုးစားဖြည့်ဆည်းပေးနေကြသည့် သမဝါယမအသင်းအဖွဲ့များပင်ဖြစ်သည်။
သမိုင်းကြောင်းအစ သမဝါယမ
“တစ်ဖက်သားကို ကူညီလိုသည့်စိတ်၊ အချင်းချင်း အပြန်အလှန်ထိန်းကျောင်းတည့်မတ်ပေးလိုသည့်စိတ်၊ မိမိတွင်ရှိသည့်အရာများကို သူတစ်ပါးတို့လိုအပ်ချိန်တွင် ပြန်လည်ပေးဝေငှလိုသည့်စိတ်၊ စည်းလုံးညီညွတ်စွာ အခက်အခဲဟူသမျှကိုရင်ဆိုင်ဖြေရှင်းလိုသည့်စိတ်” စသည့်စိတ်ဓာတ်များကို သမဝါယမအသင်းများတွင် တွေ့ရသည်။ မိမိတို့တွင်ရှိသည့် “ငွေကြေးနှင့် ပစ္စည်းများ”ကို စုပေါင်းထည့်ဝင်ထားပြီး လိုအပ်သည့်အခါ အခြားအဖွဲ့ဝင်များသို့ စနစ်တကျပြန်လည်ထုတ်ချေးပေးနိုင်သည့် တစ်ခုတည်းသောစနစ်ပင်ဖြစ်သည်။ သမဝါယမအသင်းများ၏ ကနဦးအစသည်ကလည်း လူမှုစီးပွားအခက်အခဲများကို အတူတကွလက်တွဲရင်ဆိုင်ဖြေရှင်းကြမည်ဆိုသည့်စိတ်ဓာတ်များဖြင့် စခဲ့သည်ဟုဆိုနိုင်သည်။
၁၈၄၄ ခုနှစ်တွင် အင်္ဂလန်နိုင်ငံ ရော့ခ်ဒေးမြို့၌နေထိုင်၍ ရက်ကန်းအလုပ်ဖြင့်အသက်မွေးရသည့် ရက်ကန်းသမားတို့သည် စီးပွားရေးအတွက်လိုအပ်သည့်အရင်းအနှီးများရှာဖွေခြင်းနှင့် ကုန်ပစ္စည်းများရှာဖွေခြင်းတို့တွင် အခက်အခဲများရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ထိုအခါ သမဝါယမစွန့်ဦးတီထွင်ကြသူများဟုပင် ကင်ပွန်းတပ်နိုင်သည့် ရက်ကန်းသမား ၂၈ ဦးတို့က အစုအဖွဲ့ပုံစံဖြင့်စုဖွဲ့ကာ မိမိတို့တွင်ရှိသော ငွေကြေးအရင်းအနှီးများကိုစုပေါင်းထည့်ဝင်၍ ကုန်ပစ္စည်းများကို ဝယ်ယူစုဆောင်းထားကာ အဖွဲ့ဝင်များအနက် လိုအပ်သူများရှိလာသည့်အခါ ဈေးနှုန်းသက်သာစွာ ပြန်လည်ရောင်းချပေးခဲ့သည်။ ထို ၂၈ ဦးအဖွဲ့သည် နောင်အခါတွင် ကမ္ဘာ့ပထမဦးဆုံးသော သမဝါယမအသင်းအဖွဲ့ဖြစ်လာခဲ့ရတော့သည်။
အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်
၁၈၄၄ ခုနှစ် ဝန်းကျင်ခန့်က အင်္ဂလန်နိုင်ငံ ရော့ခ်ဒေးမြို့ရှိ ရက်ကန်းသမားများသည် လုပ်ငန်းခွင်အခက်အခဲများ ကြုံတွေ့နေရသကဲ့သို့ လုပ်ခလစာများနည်းပါးနေသည့်အချိန်တွင် လူသုံးကုန်ပစ္စည်းများအပါအဝင် ကုန်ပစ္စည်းများ၏ဈေးနှုန်းများကလည်း အဆမတန်ကြီးမြင့်နေပြန်သည်။ အဘက်ဘက်မှချွတ်ခြုံကျနေသည့် လူမှုစီးပွားဘဝလိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရေး စုပေါင်းအဖြေရှာခဲ့ရသည်။
မိမိတို့တွင်ရှိသော အနည်းငယ်သောအရင်းအမြစ်များကိုစုစည်းပြီး အခြေခံစားသောက်ကုန်များဖြစ်သည့် “ဂျုံမှုန့်၊ သကြား၊ ထောပတ်”စသည်တို့ကို အရေအတွက်များများဝယ်ယူနိုင်ခဲ့သည်။ အများစုပေါင်းငွေဖြင့် အရေအတွက်များများဝယ်ယူသည့်အခါ ကုန်ဈေးနှုန်းနှင့် သယ်ယူပို့ဆောင်စရိတ်များက များစွာသက်သာခဲ့သဖြင့် အဖွဲ့ဝင်များသို့ ဈေးနှုန်းသက်သာစွာ လက်လီပြန်လည်ရောင်းချနိုင်ခဲ့သည်။ ထိုအချိန်မှစ၍ ရော့ခ်ဒေးသမဝါယမအသင်း၏လုပ်ဆောင်ချက်များအတိုင်း အခြားသောစီးပွားရေးရပ်ဝန်းများက လိုက်ပါဆောင်ရွက်ကြည့်ကြရာမှအစပြု၍ သမဝါယမဆိုသည့်အသင်းများ ကမ္ဘာတစ်လွှားပေါ်ထွန်းလာခဲ့သည်။
သမဝါယမလုပ်ငန်းများ၏ ကနဦးသန္ဓေတည်မွေးဖွားရှင်သန်ကြီးပြင်းခဲ့ရာ လန်ဒန်မြို့မှာပင် ကမ္ဘာ့ပထမဦးဆုံးသော သမဝါယမညီလာခံကြီးကို ၁၈၉၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်မှ ၂၃ ရက်အထိ ကျင်းပခဲ့သည်။ ထိုညီလာခံသို့ “အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘယ်လ်ဂျီယံ၊ အင်္ဂလန်၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ ဟော်လန်၊ အိန္ဒိယ၊ အီတလီ၊ ဆွစ်ဇာလန်၊ ဆားဘီးယား၊ အမေရိကန်” စသည့် နိုင်ငံကြီးများကပင် ပါဝင်တက်ရောက်ခဲ့သည်။ ထိုညီလာခံကြီး၌ပင် တက်ရောက်လာသည့်နိုင်ငံများ၏ သဘောထားဆန္ဒများနှင့်အညီ နိုင်ငံများသို့သမဝါယမအသင်းများနှင့်စပ်လျဉ်းသည့်သတင်းအချက်အလက်များဖလှယ်ခြင်း၊ နည်းပညာမျှဝေခြင်း၊ အပြန်အလှန်အကူအညီပေးခြင်း စသည်တို့ကို ဆောင်ရွက်နိုင်စေရန်အတွက် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်ကို စတင်ဖွဲ့စည်းခဲ့သည်။
အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်သည် သမဝါယမများ၏အကျိုးစီးပွားနှင့်အောင်မြင်မှုတို့ကို ရှေးရှုသည့် အသိပညာ၊ ကျွမ်းကျင်မှုနှင့်ပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုတို့ကို ဖြစ်ပေါ်စေသည့် အလုပ်ရုံဆွေးနွေးပွဲများ၊ ညီလာခံများကို ကျင်းပပေးလျက်ရှိသည်။
သမဝါယမနေ့
၁၈၉၅ ခုနှစ် ဩဂုတ်လ ၁၉ ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်သည် သမဝါယမလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ “ဆန္ဒအလျောက် အသင်းသားအဖြစ် လွတ်လပ်စွာပါဝင်ခွင့်ရှိခြင်း၊ ဒီမိုကရေစီနည်းလမ်းတကျအသင်းသားများ၏ဆန္ဒနှင့်အညီ စီမံခန့်ခွဲခြင်း၊ သမဝါယမအသင်း၏ စီးပွားရေးလုပ်ငန်းများတွင် အသင်းသားများ ပူးပေါင်းပါဝင်ဆောင်ရွက်ခြင်း၊ ကိုယ်ပိုင်အုပ်ချုပ်ခြင်းနှင့်လွတ်လပ်မှုရှိခြင်း၊ ပညာပေးရေး၊ လေ့ကျင့်ရေးနှင့်သမဝါယမသတင်းအချက်အလက်ဖြန့်ဝေရေးလုပ်ငန်းများဆောင်ရွက်ခြင်း၊ သမဝါယမအသင်းအချင်းချင်း ပူးပေါင်းဆောင်ရွက်ခြင်း၊ အခြေခံလူ့အဖွဲ့အစည်းဖွံ့ဖြိုးရေးအတွက် တာဝန်ခံခြင်း” စသည့်အခြေခံမူ(၇)ချက်ကို ချမှတ်ထားသည်။ ထိုမူဝါဒ(၇)ချက် အကောင်အထည်ဖော်မှုကို ပိုမိုထိရောက်အောင်မြင်နိုင်စေရေးအတွက် အထွေထွေညီလာခံအပါအဝင်အစည်းအဝေးများနှင့် အလုပ်ရုံဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ကျင်းပပေးလျက်ရှိသည်ကို တွေ့ရသည်။ ၁၉၉၄ ခုနှစ်တွင်ကျင်းပခဲ့သည့် ကုလသမဂ္ဂအထွေထွေညီလာခံက နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့ကို အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အဖြစ်သတ်မှတ်ကာ နှစ်စဉ်အထိမ်းအမှတ်အခမ်းအနားများကို ကမ္ဘာ့နိုင်ငံများတွင် ကျင်းပနေသည်ကိုတွေ့ရသည်။
ကမ္ဘာ့သမဝါယမအသင်းများသည် အလုပ်လုပ်ကိုင်သူ ကမ္ဘာ့လူဦးရေ၏ ၁၀ ရာခိုင်နှုန်းကျော်ကို အလုပ်ခန့်ထားပေးနိုင်လျက်ရှိသည်။ သမဝါယမအသင်းများသည် ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုနှင့် ကမ္ဘာသူ၊ကမ္ဘာသားများ၏ လူမှုစီးပွားဘဝတိုးတက်ရေးအတွက် များစွာအထောက်အကူဖြစ်စေသဖြင့် ကုလသမဂ္ဂက ၂၀၂၅ ခုနှစ်ကို သမဝါယမနှစ်(International Year of Cooperatives)အဖြစ် သတ်မှတ်ထားပြီး အနာဂတ်ကမ္ဘာသာယာလှပရေး သမဝါယမကဆောင်ရွက်ပေး(Cooperative Build a Better World)ဆိုသည့်မူဝါဒကိုချမှတ်၍ သမဝါယမကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အလေးထားဆောင်ရွက်လျက်ရှိသည်။ ၂၀၂၅ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာသမဝါယမနေ့၏ဆောင်ပုဒ်ကိုမူ အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်က “အနာဂတ်ကမ္ဘာသာယာလှပရေး အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သောသမဝါယမကဏ္ဍကိုဖော်ဆောင်ပေး”(Cooperatives : Driving Inclusive and Sustainable Solutions for a Better World) ဟုချမှတ်ထားသည်။
ပါဝင်ဆောင်ရွက် ပြည်သူ့အတွက်
သမဝါယမစုပေါင်းရောင်းချရေးလုပ်ငန်းကို မြန်မာနိုင်ငံ၌ ၁၉၅၁-၁၉၅၂ ခုနှစ်တွင် စတင်လုပ်ကိုင်ခဲ့ပြီး ဆန်စပါး၊ ဝါဂွမ်းနှင့်ကြံများ အဓိကထားလုပ်ကိုင်ခဲ့သည်ဟုသိရသည်။ ၁၉၉၂ ခုနှစ် သမဝါယမအသင်းဥပဒေအရ ၂၈-၂-၂၀၂၅ ရက်အထိ မြန်မာနိုင်ငံ၌ သမဝါယမအသင်းစုစုပေါင်း ၃၈၆၄၀ သင်းရှိသည်ကိုတွေ့ရသည်။ ၁၉၉၃ ခုနှစ် စက်တင်ဘာလ ၇ ရက်တွင် အပြည်ပြည်ဆိုင်ရာသမဝါယမအဖွဲ့ချုပ်သို့ အဖွဲ့ဝင်အဖြစ် စတင်ဝင်ရောက်ခဲ့ပြီး နှစ်စဉ် ဇူလိုင်လ ပထမပတ် စနေနေ့ရောက်တိုင်း အပြည်ပြည်ဆိုင်ရာသမဝါယမနေ့အထိမ်းအမှတ်အခမ်းအနားများကို ကျင်းပလျက်ရှိသည်။ သမဝါယမလုပ်ငန်းများနှင့် သမဝါယမစနစ်ဖွံ့ဖြိုးရေးဆိုင်ရာမူဝါဒများကိုလည်း အောက်ဖော်ပြပါအတိုင်း ချမှတ်ထားသည်ကိုတွေ့ရသည်-
(၁) သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေများနှင့်အညီ သမဝါယမအသင်းများဖွဲ့စည်းခြင်း၊ ထိန်းကျောင်းတည့်မတ်ခြင်းနှင့် သမဝါယမပညာပေးလုပ်ငန်းများကို ဆောင်ရွက်မည်၊
(၂) ဆောင်ရွက်လျက်ရှိသည့် အသေးစားအရင်းအနှီးချေးငွေ၊ လယ်ယာသုံးစက်ကိရိယာ အရစ်ကျရောင်းချရေးလုပ်ငန်းများနှင့်သွင်းအားစုများရောင်းချခြင်းအပါအဝင် သမဝါယမလုပ်ငန်းများကို ပိုမိုဖွံ့ဖြိုးအောင်ဆောင်ရွက်မည်၊
(၃) သမဝါယမအသင်းသားမိသားစုများ၏ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် လူနေမှုအဆင့်မြှင့်တင်ရေးအတွက် သက်ဆိုင်ရာအဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မည်၊
(၄) နိုင်ငံတကာသမဝါယမအဖွဲ့အစည်းများနှင့်ချိတ်ဆက်ပြီး ပူးပေါင်းဆောင်ရွက်သွားမည်၊
(၅) ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှု၊ ဝန်ဆောင်မှုဆိုင်ရာ သမဝါယမအသင်းများအား အဆင့်မြှင့်တင်ရေးဆောင်ရွက်မည်။
လူမှုစီးပွားဘဝတိုးတက်ရေး
“ကုန်ထုတ်လုပ်မှု၊ ကုန်သွယ်မှုနှင့်ဝန်ဆောင်မှု သမဝါယမအသင်းများအား စီးပွားရေးလုပ်ငန်းများဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ပေးခြင်းဖြင့် နိုင်ငံတော်၏လူမှုစီးပွားရေးတည်ဆောက်မှုလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းဆောင်ရွက်ရန်”ဆိုသည့်မျှော်မှန်းချက်ကိုချမှတ်ကာ သမဝါယမလုပ်ငန်းများ အရှိန်အဟုန်ဖြင့်တိုးတက်ရေးကို နိုင်ငံတော်ဘက်က ဘက်စုံထောင့်စုံဆောင်ရွက်ပေးနေသည်ကိုတွေ့ရသည်။ သမဝါယမအသင်းများသည် ပြည်သူတို့၏လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သည့်ကွက်လပ်များကို ဖြည့်ဆည်းပေးနေသည်မှာ ငြင်းချက်ထုတ်စရာမရှိပေ။ ပြည်သူလူထုအနေဖြင့် စိတ်တူကိုယ်တူများစုဖွဲ့၍ သမဝါယမအသင်းများကို ဥပဒေ၊ နည်းဥပဒေတို့နှင့်အညီ ဖွဲ့စည်းဆောင်ရွက်သွားခြင်းဖြင့် မိမိတို့၏လူနေမှုဘဝကို စုပေါင်းစွမ်းအားဖြင့် တိုးတက်အောင်ဆောင်ရွက်နိုင်မည်ဖြစ်သည်။ “ထုတ်လုပ်မှုကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍ၊ ဝန်ဆောင်မှုကဏ္ဍ”စသည့် မိမိတို့ကျင်လည်ရာနယ်ပယ်ကဏ္ဍအလိုက် သမဝါယမအသင်းများနှင့်ချိတ်ဆက်ဆောင်ရွက်နိုင်မည်ဆိုပါက လူမှုစီးပွားဘဝလိုအပ်ချက်များ ဖြည့်ဆည်းနိုင်ကြမည်ဖြစ်ပေသည်။ ။
MWD Web Portal