ရွှေစိမ်း ခေါ် ဝါး (ဝါးအကြောင်းသိကောင်းစရာနှင့် ဝါးပျိုးထောင်စိုက်ပျိုးခြင်းနည်းလမ်းများ)
Posted_Date
Image

Body
ယမန်နေ့မှအဆက်
ဝါးပင်ပေါက်များရွှေ့ပြောင်းပျိုးထောင်ခြင်း
မျိုးဖောက်ပေါင်အတွင်း မျိုးဖောက်ထားသောဝါးပင်ငယ်များ အရွက်သုံးရွက်မှလေးရွက်ထွက်ရှိလာချိန် သက်တမ်းအားဖြင့် ရက်သတ္တတစ်ပတ်ခွဲခန့်ရှိ ဝါးပျိုးပင်ငယ်များကို အသင့်ပြင်ဆင်ထားသော ပလတ်စတစ်အိတ်များသို့ရွှေ့ပြောင်း၍ ဆက်လက်ပျိုးထောင်ရမည်။ ယင်းသို့ပျိုးထောင်ချိန်တွင် နေရောင်ခြည်အနည်းငယ်ထားရှိပေးရန်နှင့် အစိုဓာတ်မပြတ်စေရန် ဂရုပြုဆောင်ရွက်ပေးရန် အထူးလိုအပ်သည်။
ဝါးပင်ပိုင်း(ခန္ဓာပိုင်း) မျိုးပွားခြင်း
ဝါးမျိုးများပျိုးထောင်ရာတွင် အဓိကအားဖြင့် လက်တွေ့ဆောင်ရွက်ရာတွင် လွယ်ကူထိရောက်သော ဝါးခန္ဓာပိုင်းမျိုးပွားနည်းစနစ်သုံးနည်းရှိသည်။ ၎င်းတို့မှာ -
(က) ဝါးအမြစ်ဆုံကိုအသုံးပြုမျိုးပွားခြင်း၊
( ခ ) ဝါးဘေးကိုင်းတက်များအား မြေထုပ်စည်းမျိုးပွားခြင်း၊
( ဂ ) ဝါးအဆစ်ဖြတ်ပိုင်းမျိုးပွားခြင်းတို့ဖြစ်သည်။
ဝါးအမြစ်ဆုံအသုံးပြု မျိုးပွားခြင်း
ဤနည်းသည် မြန်မာနိုင်ငံတွင် မိရိုးဖလာဝါးပျိုးထောင်စိုက်ပျိုးသော နည်းတစ်နည်းဖြစ်ပြီး ကျေးလက်ဒေသများရှိ ဥယျာဉ်ခြံများ၊ ပုဂ္ဂလိကဝါးစိုက်ခင်းများတွင် ကျယ်ကျယ်ပြန့်ပြန့်အသုံးများသည့်နည်းတစ်နည်းဖြစ်ကြောင်းလေ့လာတွေ့ရှိရသည်။ တစ်နှစ်သားဝါး (ဝါးနု)၏ အမြစ်ဆုံအပိုင်းအား မိခင်ဝါးရုံမှ စနစ်တကျဖြတ်တောက်ယူ၍ ပျိုးထောင်စိုက်ပျိုးသောနည်းဖြစ်သည်။ ဤနည်းဖြင့် ပျိုးထောင်စိုက်ပျိုးပါက သုံးနှစ်မှလေးနှစ်အတွင်း ဝါးထုတ်ယူနိုင်သည့် ဝါးရုံအဆင့်သို့ရောက်ရှိနိုင်သည်။ ဤနည်းဖြင့် ဧရိယာကျယ်ပြန့်သော ဝါးစိုက်ခင်းတည်ထောင်ရန် မျိုးပင်အရေအတွက် အလုံအလောက်ရရှိရန် အခက်အခဲရှိနိုင်သည်။ ငှက်ပျောကဆုန်၊ ဝါးနယုန်ဆိုသည့်အတိုင်း တစ်နှစ်သားဝါးပင်၏ အမြစ်ဆုံအား ဝါးရုံမှမျှစ်မထွက်မီ မိုးကြိုကာလ ဧပြီလနှင့်မေလတို့တွင် စုဆောင်းပျိုးထောင်သင့်သည်။
အမြစ်ဆုံဖြင့် ပျိုးထောင်မျိုးပွားရာတွင် အောက်ပါအချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့်ကောင်းမွန်အောင်လုံသည့် အမြစ်ဆုံဖြတ်ပိုင်းပျိုးပင်ကို ပျိုးထောင်နိုင်မည်ဖြစ်သည်-
- အမြစ်ဆုံယူမည့် မိခင်ဝါးပင်၏ အသက်သည် တစ်နှစ်သားဖြစ်ရမည်။
- တူးယူဖြတ်တောက်ရာတွင် တစ်နှစ်သားဝါးပင်အမြစ်ဆုံအား နှစ်နှစ်သားဝါးပင်၏ အမြစ်ဆုံအခြေနှင့်ဆက်နေသည့်လည်တိုင်အား သေချာကြည့်၍ ဂရုပြုဖြတ်တောက်ရမည်။
- တူးယူသည့်အခါ အမြစ်ဆုံရှိ ဘေးမျက်စိများမပျက်စီးရန်နှင့် အမြစ်ခေါင်းကွဲအက်ပျက်စီးမှုမရှိစေရန် ဂရုပြုတူးယူရမည်။
- ဖြတ်တောက်ယူထားသော အမြစ်ဆုံများအား သယ်ဆောင်ရန်အတွက် ရေစိုအဝတ်ဖြင့် အုပ်ခြင်း သို့မဟုတ် ရေမပြတ်စွတ်ပေးရန်လိုအပ်သည်။
- အမြစ်ဆုံကို မိုးမကျမီ ကဆုန်လ (ဇွန်လ)တွင် တိုက်ရိုက်မြေချစိုက်ပျိုး၍သော်လည်းကောင်း၊ ပျိုးအိတ်ကြီးများတွင်လည်းကောင်း ၄၅ ဒီဂရီခန့် ခပ်စောင်းစောင်း သို့မဟုတ် ထောင်မတ်သည့်အနေအထားဖြင့် လှုပ်နိုင်ရန် တန်းတွင်ခိုင်မြဲစွာချည်နှောင်၍ ပျိုးထောင်စိုက်ပျိုးပေးရသည်။
- စိုက်ပျိုးပြီးပါက တစ်နေ့ ရေနှစ်ကြိမ်မှန်မှန်လောင်းပေးရမည်။ ဝါးဘေးကိုင်းတက်များအား မြေထုပ်စည်းမျိုးပွားခြင်းဤနည်းသည် ဘေးကိုင်းတက်ထွက်သော ဝါးမျိုးများအတွက် သင့်လျော်သော မျိုးပွားနည်းတစ်မျိုးဖြစ်သည်။ ဝါးလုံးတစ်လျှောက်ရှိ ဝါးအဆစ်များမှထွက်နေသော ကိုင်းတက်များ၏အောက်ခြေမှ မြေထုပ်စည်း၍ ဝါးပင်သစ်တစ်ပင်ရရှိအောင် မျိုးပွားသောနည်းဖြစ်သည်။
ဤနည်းသည် မျိုးပွားမည့် ဘေးကိုင်းတက်များကို မိခင်ဝါးရုံမှဖြတ်တောက်ခြင်းမပြုဘဲ ဘေးကိုင်းတက်အား အပင်သစ်တစ်ပင်အဖြစ် ရှင်သန်စေသောကြောင့် ရှင်သန်မှုနှုန်းကောင်းသည်ကိုတွေ့ရှိရသည်။ အရွယ်ညီ ဝါးပျိုးပင်များရရှိနိုင်ပြီး ပျိုးပင်အရေအတွက်များများကို ကုန်ကျစရိတ်နည်းနည်းဖြင့် ပျိုးထောင်နိုင်သည့်နည်းဖြစ်သည်။
ဘေးကိုင်းတက်မရှိသော ဝါးမျိုးများအတွက် သင့်လျော်မှုမရှိပေ (ဥပမာ ထီးရိုးဝါး)။ ခြောက်သွေ့သောရာသီတွင်လည်း ဆောင်ရွက်နိုင်သည်။ မတ်လနှင့်ဧပြီလတို့တွင် မြေထုပ်အား အစိုဓာတ်မပြတ်စေရန်လိုအပ်သည်။ မြေထုပ်စည်းပြီး တစ်လအကြာတွင် အမြစ်များဖွံ့ဖြိုးနိုင်သည်။ နောက် သုံးလမှလေးလကြာပါက အမြစ်များကောင်းစွာဖွံ့ဖြိုးနိုင်သည်။
အမြစ်များကောင်းစွာဖွံ့ဖြိုးပြီးပါက ဘေးကိုင်းတက်ပျိုးပင်များကို မိခင်ဝါးပင်မှ ဂရုတစိုက်ဖြတ်တောက်ယူ၍ မြေဆွေး၊ နွားချေး၊ ဖွဲပြာအား (၅:၃:၂) အတိုင်းရောစပ်အသင့်ပြင်ဆင်ထားသည့် ပျိုးအိတ်များအတွင်း ပြောင်းရွှေ့ ပျိုးထောင်စိုက်ပျိုးနိုင်သည်။ မိုးဦးကျပြီး အစိုဓာတ်များများရသည့်ကာလတွင် မြေချစိုက်ပျိုးနိုင်မည်ဖြစ်သည်။ ဤနည်းဖြင့်ပျိုးထောင်ပြီး စနစ်တကျပြုစုမှုပေးပါက စိုက်ပျိုးပြီး လေးနှစ်မှငါးနှစ်ကျော်သည့်အချိန်တွင် ဝါးရင့်များ စတင်ခုတ်ယူနိုင်မည်ဖြစ်သည်။
ဘေးကိုင်းတက်မြေထုပ်စည်းခြင်းတွင် အောက်ပါအချက်များအား လိုက်နာဆောင်ရွက်ခြင်းဖြင့်ကောင်းမွန်အောင်လုံသည့် ဘေးကိုင်းတက်မြေထုပ်စည်းဝါးပျိုးပင်ကို ပျိုးထောင်နိုင်မည်ဖြစ်သည်-
- ဘေးကိုင်းတက်မြေထုပ်စည်းမည့်မိခင်ဝါးပင်သည် တစ်နှစ်သားဖြစ်ရမည်။
- မြေထုပ်စည်းမည့် ဘေးကိုင်းတက်၏အမြစ်ခေါင်းအား ထိခိုက်မှုမရှိစေရန် မိခင်ဝါးပင်နှင့်ဆက်စပ်နေသည့် အဆစ်အပေါ်ပိုင်းမှ အသားအနည်းငယ်ချန်၍ သံဖြတ်လွှဖြင့် တည်းတည်းဖြတ်ထားပေးရမည်။
- ဝါးပင်၏ အလယ်ပိုင်းရှိ ဘေးကိုင်းတက်များကို မြေထုပ်စည်းရန် ရွေးချယ်ရမည်။ ဝါးလုံး၏ အရင်းပိုင်းနှင့်အဖျားပိုင်းရှိ ဘေးကိုင်းတက်များအား မရွေးချယ်ရပါ။
- မြေထုပ်စည်းမည့် ဘေးကိုင်းတက်အထက်တွင် ဆစ်ကြားသုံးဆစ်မှလေးဆစ်ခန့်ချန်ထား၍ ကျန်အပေါ်ပိုင်းအားလုံး ဖြတ်တောက်ရမည်။
- မြေထုပ်တွင်ထည့်မည့် အုန်းဆန်မှုန့်၊ မြေဆွေးနှင့် ဖွဲပြာတို့ကို ဆတူရော၍ သမအောင်မွှေပြီး ရေဖြင့်ကြိုတင်နှပ်၍ စပ်မြေပြင်ဆင်ထားရမည်။
- ဘေးကိုင်းတက်အောက်ခြေတွင် မြေထုပ်စည်းရန် ၉ လက်မ ပတ်လည်ပလတ်စတစ်ထား၍ အတွင်းသို့ အသင့်စပ်ထားသော စပ်မြေထည့်ပြီးပါက အစိုဓာတ်မပြတ်စေရန် သေချာစွာကြိုးဖြင့် တင်းတင်းချည်နှောင်ပေးရမည်။
- မြေထုပ်စည်းအား ရေအစိုဓာတ်မပြတ်ရှိနေစေရန် ဂရုပြုဆောင်ရွက်ရမည်။
ဝါးအဆစ်ဖြတ်ပိုင်းမျိုးပွားခြင်း
ဤမျိုးပွားနည်းသည် နှစ်နှစ်သားသက်တမ်းရှိ ဝါးပင်များ၏အလယ်ပိုင်းရှိ အဆစ်များကို (တစ်ဆစ်၊ နှစ်ဆစ်) ဖြတ်တောက်၍ မြေတွင်မြှုပ်၍ အဆစ်ရှိဘေးဖူးများမှ ဝါးပင်သစ်များအဖြစ် ဖွံ့ဖြိုးလာစေရန် ပျိုးထောင်သောနည်းဖြစ်သည်။ ဤမျိုးပွားနည်းသည် လုပ်ဆောင်ရလွယ်ကူပြီး လုပ်အားသက်သာကာ သယ်ယူပို့ဆောင်ရာတွင်လည်းလွယ်ကူမှုရှိသည်။
ဤနည်းကို ဘေးကိုင်းတက်မထွက်သောဝါးမျိုးများ မျိုးပွားရယူရန် အသုံးပြုနိုင်သည်။ အသားပါးသော ဝါးမျိုးများအတွက် အဆစ်ဘေးဖူးမှ ရွက်ညွန့်နှင့် အမြစ်ထွက်ရှိရန်အားနည်းသည်။ ပျိုးထောင်ထားသောအဆစ်ပိုင်းများမှ တစ်လအတွင်း အညွန့်များထွက်၍ အမြစ်ထွက်ရန် တစ်လခွဲမှ သုံးလခန့် ကြာမြင့်တတ်သည်။ အမြစ်များကောင်းစွာဖွံ့ဖြိုးပြီးပါက ဝါးဆစ်ပိုင်းပျိုးပင်များကို မိုးဦးကျပြီး အစိုဓာတ်များများရသည့်ကာလတွင် မြေချစိုက်ပျိုးနိုင်သည်။ ဤနည်းဖြင့် ပျိုးထောင်ပြီး စနစ်တကျပြုစုမှုပေးပါက စိုက်ပျိုးပြီး ငါးနှစ်မှခြောက်နှစ်ကျော်သည့်အချိန်မှ ဝါးရင့်များစတင်ခုတ်ယူနိုင်မည်ဖြစ်သည်။
ဝါးအဆစ်ဖြတ်ပိုင်းဖြင့် ပျိုးထောင်ရာတွင် အောက်ပါအချက်များအား လိုက်နာဆောင်ရွက်ပါက ဝါးအဆစ်ဖြတ်ပိုင်းပျိုးပင်များ ပျိုးထောင်နိုင်မည်ဖြစ်သည်-
- တစ်နှစ်/တစ်နှစ်ခွဲ သက်တမ်းရှိ ဝါးပင်(မိခင်ပင်)၏အလယ်ပိုင်းရှိ ဝါးအဆစ်ပိုင်းများကို အသုံးပြုရသည်။ အဖျားပိုင်းနှင့်အရင်းပိုင်းမှ အဆစ်များမရွေးချယ်ရပါ။
- ဖြတ်တောက်ပြီးအဆစ်ပိုင်းများကို ပျိုးထောင်မည့်နေရာသို့ သယ်ဆောင်ရာတွင် ရေစိုဝတ်ဖြင့် ပတ်ထားရန်လိုအပ်မည်။
- အဆစ်နှစ်ဆစ်ကြား အလယ်တွင် အပေါက်ဖောက်၍ ရေ သို့မဟုတ် အပင်အားဆေးရည်ထည့်၍ ပျိုးထောင်ရသည်။
- မြေကြီးတွင် ဝါးအဆစ်များမြုပ်ရုံအနက်ထား၍ အပေါ်မှ ကောက်ရိုးများဖုံး၍ တစ်နေ့ရေနှစ်ကြိမ်လောင်းပေးရသည်။
- ရက်သတ္တနှစ်ပတ်ခန့်တွင် အညွန့်နှင့်အရွက်များထွက်လာပြီး တစ်လခန့်ကြာသော် အမြစ်ကောင်းစွာဖွံ့ဖြိုးလာပြီး ဝါးပျိုးပင်ငယ်များရရှိပြီး ပျိုးအိတ်တွင် သို့မဟုတ် မြေချ စိုက်ပျိုးနိုင်မည်ဖြစ်သည်။
ဝါးပျိုးထောင်စိုက်ပျိုးရာတွင် လိုက်နာရမည့်အချက်များ
အောက်ပါအဓိကအချက်များကို လိုက်နာဆောင်ရွက်ပါက ဝါးမျိုးပွားပျိုးထောင်စိုက်ပျိုးခြင်းကို ကောင်းစွာအထောက်အကူပြုနိုင်မည်ဖြစ်သည်-
- (ပျိုးထောင်ချိန်) ဝါးမျိုးပွားခြင်းကို ပွင့်လင်းရာသီ (ဝါးမြေအောက်ပင်စည်ပိုင်း နိုးကြားနေချိန်) ဖေဖော်ဝါရီလ၊ မတ်လနှင့် ဧပြီလတို့တွင် ပြုလုပ်ပါ။
- (ဝါးပင်အသက်) ဝါးမျိုးပွားနည်းအလိုက် ရှိသင့်သည့် မိခင်ဝါးပင်၏အသက်ကို (သတ်မှတ် အသက်ထက်မကျော်ရန်) ဂရုပြုရွေးချယ်ပါ။
- (ရှင်သန်ခြင်း) ပျိုးထောင်သည့် ဝါးပင်သည် အညွန့်ထွက်ရုံဖြင့် ရှင်သန်သည်ဟု မဆိုနိုင်ပါ။ မြေအောက်အမြစ်ဆုံ၊ အဆစ်ဘေးမျက်စိဖူးများမှ (မျှစ်) ဝါးပင်ငယ်ထွက်လာမှသာ ရှင်သန်သည်ဟု ဆိုနိုင်သည်။ ဝါးအား ခန္ဓာပိုင်းမျိုးပွားခြင်းဆောင်ရွက်ရာတွင် ပျိုးပင်များမှ အပင်သစ် (မျှစ်) ထွက်ရှိအောင် ရေမှန်မှန်လောင်းပေးခြင်း၊ စိုထိုင်းဆရရှိအောင် ဆောင်ရွက်ပေးခြင်း၊ အရိပ်စင် ပြုလုပ်ပေးခြင်း ဆောင်ရွက်ပေးရမည်ဖြစ်သည်။
- ပျိုးထောင်စိုက်ပျိုးချိန်မှန်ကန်ရန် ဝါးပျိုးပင်များကို ငှက်ပျောကဆုန်၊ ဝါးနယုန်ဆိုသည့်အတိုင်း ကဆုန်လ (ဇွန်လ) ထက် နောက်မကျစေဘဲ ပျိုးထောင်စိုက်ပျိုးသင့်သည်။
- ပျိုးထောင်ထားသော ဝါးပျိုးပင်များ ကောင်းမွန်စွာရှင်သန်နိုင်ရန် ရေလောင်းပေါင်းသင်ခြင်း၊ လိုအပ်ပါကမြေဩဇာကျွေးခြင်း၊ ပိုးမွှားရောဂါဒဏ်ကာကွယ်ခြင်းများ စသည့်ပြုစုထိန်းသိမ်းခြင်းများ ဆောင်ရွက်ပေးရမည်ဖြစ်သည်။
ဝါးသယံဇာတသည် မြန်မာနိုင်ငံလူဦးရေ၏ ၇၀ ရာခိုင်နှုန်းခန့်သော ကျေးလက်နေပြည်သူများအတွက်အရေးကြီးသည့် သစ်မဟုတ်သည့် သစ်တောထွက်ပစ္စည်းတစ်မျိုးဖြစ်ပြီး ယခုအခါ ဝါးအခြေခံအသေးစား၊ အလတ်စားစက်မှုလက်မှုလုပ်ငန်းများ ထွန်းကားလာသည်နှင့်အမျှ ဝါးသယံဇာတအရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိရန်မှာ အရေးကြီးသည့်အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိသည်။ သို့ဖြစ်ပါ၍ သဘာဝဝါးတောများ ပြုစုထိန်းသိမ်းခြင်း၊ ပုဂ္ဂလိကဝါးစိုက်ခင်းများတည်ထောင်ထုတ်လုပ်ခြင်း၊ စနစ်တကျဝါးနှင့်မျှစ်ထုတ်ယူခြင်းဆောင်ရွက်ခြင်း၊ ဝါးအခြေပြုစက်မှုလက်မှုလုပ်ငန်းများ ဖွံ့ဖြိုးလာခြင်းနှင့်အတူ မြန်မာနိုင်ငံ၏ ဝါးနှင့်ပတ်သက်သည့်အခန်းကဏ္ဍသည်လည်း ပိုမိုတိုးတက်လာနိုင်မည်ဖြစ်သည်။ ယခုအခါ နိုင်ငံတော်မှလည်း အသေးစား၊ အငယ်စားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်လာစေရန် အားပေးလျက်ရှိသဖြင့် ဝါးအခြေပြုအသေးစား၊ အလတ်စားစက်မှုလုပ်ငန်းများအား မြှင့်တင်ပေးရန် လိုအပ်လျက်ရှိသည်။ သို့ဖြစ်ပါ၍ ဤဆောင်းပါးသည် ဝါးပျိုးထောင် စိုက်ပျိုးထုတ်လုပ် လိုသူများအတွက် အထောက်အကူပြုနိုင်မည်ဟုယုံကြည်မိပါသည်။ ။






