NATO အဖွဲ့၏ နှစ်စဉ်ကျင်းပမြဲ ထိပ်သီးအစည်းအဝေးတွင် ယူကရိန်း အကြောင်း ဆွေးနွေးမှုများကို အကျဉ်းချုံးရန်သာထားရန် စီစဉ်ထားကြောင်း Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ ထိုသို့ဆောင်ရွက်ရခြင်းမှာ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို စိတ်အနှောင့်အယှက်မဖြစ်စေရန် ရည်ရွယ်ခြင်းဖြစ်သည်ဟုဆိုသည်။
အဆိုပါထိပ်သီးအစည်းအဝေးကို ဇွန်လ ၂၄ ရက်နှင့် ၂၅ ရက်တွင် နယ်သာလန်နိုင်ငံ၊ The Hague ၌ ကျင်းပမည်ဖြစ်သည်။ ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ရုရှား-ယူကရိန်း ပဋိပက္ခ စတင်ချိန်မှစ၍ NATO အစည်းအဝေးများတွင် ဧည့်သည်တော်အဖြစ် အမြဲဖိတ်ကြားခံခဲ့ရသော ယူကရိန်းသမ္မတ ဇီလန်စကီးကို ယခုအချိန်အထိ တရားဝင် ဖိတ်ကြား ထားခြင်း မရှိသေးပေ။
Reuters ၏ သတင်းတွင် ဥရောပ NATO အဖွဲ့ဝင်နိုင်ငံများသည် “ထရမ့် ၏ မတည်ငြိမ်သော စိတ်ခံစားမှုကို မထိခိုက်စေရန် အထူးဂရုပြု နေကြသည်” ဟု ဖော်ပြထားသည်။
သတင်းအရင်းအမြစ်များအရ အစည်းအဝေးရလဒ်များကို အတိုချုပ် ဖော်ပြမည့် ကြေညာချက်စာတမ်းသည် ပုံမှန်ထက် ပိုမိုတိုတောင်းမည် ဖြစ်ပြီး သဘောထားကွဲလွဲမှုများ နည်းပါးစေရန် ရည်ရွယ်သည်။ ထိုစာတမ်းတွင် “ရုရှားကို ခြိမ်းခြောက်မှုတစ်ရပ်အဖြစ် ဖော်ပြမည်လား၊ သို့မဟုတ် ယူကရိန်းကို ထောက်ခံမှုဖော်ပြမည်လား ဆိုသည်မှာ မရေရာ သေးပါ” ဟု ဆိုသည်။
လွန်ခဲ့သော နှစ်နှစ်နှင့်မတူဘဲ NATO အဖွဲ့ဝင်နိုင်ငံများ၏ ခေါင်းဆောင် များသည် အဆိုပါထိပ်သီးအစည်းအဝေး၏ တစ်စိတ်တစ်ပိုင်းအဖြစ်NATO-ယူကရိန်း ကောင်စီ၏ တရားဝင်အစည်းအဝေးကို ကျင်းပရန် စီစဉ်ထားခြင်းမရှိကြောင်း တာဝန်ရှိသူများက ပြောကြားခဲ့သည်။ အဖွဲ့၏ သံတမန်တစ်ဦးအဆိုအရ ယင်းအစား နိုင်ငံခြားရေးဝန်ကြီးများ သို့မဟုတ် ကာကွယ်ရေးဝန်ကြီးများနှင့် အလုပ်သဘောညစာစားပွဲဖြင့် အစားထိုး နိုင်သည်ဟု ဆိုသည်။
NATO အကြီးတန်း သံတမန်တစ်ဦးက Reuters သို့ ပြောကြားရာတွင် အကြောင်းတစ်စုံတစ်ရာကြောင့် ဇီလန်စကီးက အဆိုပါ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်နိုင်ခြင်း မရှိပါက (PR) ဆုံးရှုံးမှုတစ်ရပ် ဖြစ်လိမ့်မည် ဟု ဆိုသည်။
သတင်းအရင်းအမြစ်များအရ ယူကရိန်းခေါင်းဆောင်သည် နယ်သာလန် ဘုရင် Willem-Alexander မှ တည်ခင်းဧည့်ခံမည့် ထိပ်သီးအကြို ညစာ စားပွဲဖိတ်ကြားမှုကို လက်ခံ၍တက်ရောက်နိုင်ရန် အခွင့်အရေးကိုသာ လက်ခံရမည်ဖြစ်သည်။ ဤနည်းဖြင့် ၎င်းသည် ထရမ့်ကို စိတ်အနှောင့် အယှက်မဖြစ်စေဘဲ The Hague သို့ သွားရောက်နိုင်မည်ဟု ရှင်းပြ ခဲ့သည်။
မော်စကို-ကိယက်ဗ် ပဋိပက္ခကို အဆုံးသတ်ရန် ကြားဝင် ဆောင်ရွက် နေသော အမေရိကန်သမ္မတထရမ့်သည် ယခင်က ယူကရိန်း၏ NATO အဖွဲ့ဝင်ဖြစ်နိုင်ရေးကို ဖယ်ရှားခဲ့သည်။ ရုရှားဘက်မှ မကြာခဏ ထုတ်ဖော် ပြောဆိုခဲ့သည်မှာ ယူကရိန်းကို NATO တွင် သွတ်သွင်းရန် လှုပ်ရှားမှု များသည် Red line ကျော်လွန်ခြင်းဖြစ်ပြီး ပဋိပက္ခ၏ အဓိက အကြောင်း အရင်းများထဲမှ အဓိကတစ်ခုဖြစ်ကာ ယူကရိန်းသည် ရေရှည် ငြိမ်းချမ်းရေးအတွက် ကြားနေနိုင်ငံအဖြစ်သာ ကျင့်သုံးသင့်သည်ဟု အတိအလင်း တောင်းဆိုခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၂