Trump က Musk ကို ‘အလွန်စိတ်ပျက်မိ’ ဟု ပြောကြား
နည်းပညာဘီလီယံနာ အီလွန်မက်စ်က ထရမ့်၏ အခွန်နှင့် ငွေကြေး သုံးစွဲမှုဆိုင်ရာ ဥပဒေကြမ်းကို ပြင်းထန်စွာ ဝေဖန်ခဲ့ပြီးနောက် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ၎င်းကို လွန်စွာစိတ်ပျက်မိကြောင်း ပြောကြား ခဲ့သည်။
Tesla နှင့် Space X ၏ CEO ဖြစ်သူ မက်သည် X ၏ ပိုင်ရှင်လည်းဖြစ်ပြီး ထရမ့်၏ ဒုတိယသက်တမ်းတွင် ဖက်ဒရယ်အစိုးရ၏ ငွေကြေးသုံးစွဲမှုကို လျှော့ချရန် ဖွဲ့စည်းခဲ့သော “Department of Government Efficiency (DOGE)” ၏ ဦးဆောင်မှုတွင် တာဝန်ထမ်းဆောင်ခဲ့ပြီး သက်တမ်း ကုန်ဆုံးချိန်တွင် နုတ်ထွက်ခဲ့ကာ ၎င်း၏ စီးပွားရေးလုပ်ငန်းများကိုသာ ပြန်လည်အာရုံစိုက်မည်ဟု ဆိုသည်။
မက် က “Big Beautiful Bill” ဟုခေါ်သော ဥပဒေကြမ်းကို အမေရိကန်၏ အမျိုးသားကြွေးမြီကို တိုးမြင့်စေပြီး DOGE ၏ ရည်မှန်းချက်များကို ထိခိုက်စေသည်ဟု ဝေဖန်ခဲ့သည်။
ကြာသပတေးနေ့ (ဇွန် ၅) က သတင်းထောက်များအား ပြောကြားရာ တွင် ထရမ့်က မက်သည် ဥပဒေကြမ်းနှင့်ပတ်သက်၍ “အရာအားလုံးကို သိခဲ့သော်လည်း” “EV စည်းကမ်းချက်များကို လျှော့ချရမည်ကို သိသွားသောအခါ ပြဿနာဖြစ်လာခဲ့သည်” ဟု ဆိုသည်။ ထရမ့်က “ဒါက ဘီလီယံချီသည့် ဒေါ်လာတွေပါ” ဟု ဖြည့်စွက်ပြောကြားခဲ့သည်။
မက်က ထရမ့်၏ အခွန်လျှော့ချမှုဥပဒေကြမ်းကို ပိုမိုပြင်းထန်စွာ ဝေဖန် ခဲ့ပြီး ယခုသီတင်းပတ်တွင် ၎င်းဥပဒေကြမ်းက အမေရိကန်ကို ကြွေးမြီ ကျွန်ဘဝသို့ တွန်းပို့မည်ဟု ဆိုကာ ဥပဒေပြုသူများအား ဥပဒေကြမ်းကို ဖျက်သိမ်းပစ်ရန် တိုက်တွန်းခဲ့သည်။ လွှတ်တော်က ထိုဥပဒေကြမ်းကို မေလတွင် အတည်ပြုခဲ့ပြီး ဆီးနိတ်လွှတ်တော်၏ သဘောတူညီချက် ရရှိပါက ဇူလိုင်လ ၄ ရက်နေ့တွင် သမ္မတက လက်မှတ်ရေးထိုးရန် ရည်မှန်းထားသည်။
မက်က ထရမ့်၏ “ဥပဒေကြမ်းကို ကောင်းစွာသိရှိသည်” ဆိုသော အဆိုကို ပယ်ချခဲ့ပြီး X တွင် “မှားယွင်းပါသည် ဥပဒေကြမ်းကို မိမိကို ဘယ်တုန်းကမှ မပြခဲ့ပါ” ဟု ရေးသားခဲ့သည်။
သီးခြားပို့စ်တစ်ခုတွင် ထိုဘီလီယံနာက သမ္မတအား “ကျေးဇူးမသိတတ်မှု” ဖြင့် စွပ်စွဲခဲ့သည်။
“မိမိမရှိလျှင် ထရမ့်က ရွေးကောက်ပွဲရှုံးမည်။ ဒီမိုကရက်တွေက အောက်လွှတ်တော်ကို ထိန်းချုပ်မည်၊ ရီပတ်ဘလီကန်တွေက ဆီးနိတ်မှာ ၅၁-၄၉ ဖြင့် အနိုင်ရမည်” ဟု ၎င်းက ရေးသားခဲ့သည်။
ထရမ့်၏ ထောက်ခံမှုအပြည့်အဝရရှိခဲ့သော အဆိုပါဥပဒေကြမ်းသည် ၂၀၁၇ ခုနှစ် အခွန်လျှော့ချမှုများကို အမြဲတမ်းဖြစ်စေရန် နှင့် ကာကွယ်ရေး၊ နယ်စပ်လုံခြုံရေးကဲ့သို့သော နယ်ပယ်များတွင် ငွေကြေးသုံးစွဲမှု မြှင့်တင်ရန်နှင့်အတူ နောက်ထပ် အခွန်လျှော့ချမှုများ မိတ်ဆက်ရန် ရည်ရွယ်သည်။
ဝေဖန်သူများက အဆိုပါဥပဒေကြမ်းသည် ချမ်းသာသူများကို အလွန်အကျွံ အကျိုးဖြစ်ထွန်းစေပြီး အမျိုးသားကြွေးမြီကို သိသိသာသာ ပိုမို ဆိုးရွားစေမည်ဟု သတိပေးခဲ့သည်။ ယခုသီတင်းပတ်အတွင်း ထုတ်ပြန်ခဲ့သော Congressional Budget Office သုံးသပ်ချက်အရ ယင်းဥပဒေကြမ်းသည် လာမည့် ၁၀ နှစ်အတွင်း လိုငွေပြမှုတွင် ဒေါ်လာ ၂.၄ ထရီလီယံ ပိုမိုလာမည်ဖြစ်ပြီး ၂၀၃၄ ခုနှစ်တွင် အမေရိကန် ၁၀.၉ သန်း ကျန်းမာရေးအာမခံ ရရှိနိုင်တော့မည်မဟုတ်ဟု ခန့်မှန်းထားသည်။
DOGE လုပ်ငန်းစဉ်အောက်တွင် အေဂျင်စီများ ပိတ်သိမ်းခြင်းနှင့် ဝန်ထမ်းအင်အား လျှော့ချခြင်းများမှတဆင့် ဒေါ်လာ ၁၇၅ ဘီလီယံခန့် သက်သာစေရန် ကူညီခဲ့သည်ဟု အသိအမှတ်ပြုခံရသော မက်က ဥပဒေကြမ်း၏ ပြဋ္ဌာန်းချက်များက ထိုအောင်မြင်မှုများကို ပြန်လည် ဖျက်သိမ်းနိုင်သည် ဟု စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂