ငလျင်ဘေးသင့်ဒေသပြည်သူများသို့ ရှာဖွေကယ်ဆယ်ရေးနှင့် ထောက်ပံ့ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ
မြန်မာနိုင်ငံတွင် မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့သော အင်အားအလွန်ပြင်းထန်သည့် ငလျင်ဒဏ်ကို ပြင်းထန်စွာခံစားခဲ့ရသော တိုင်းဒေသကြီး/ ပြည်နယ် ခြောက်ခုတွင် ဧပြီ ၁၀ ရက်အထိ သေဆုံးသူ ၃၆၀၃ ဦး၊ ထိခိုက်ဒဏ်ရာရရှိသူ ၄၈၁၇ ဦးနှင့် ပျောက်ဆုံးသူ ၁၄၁ ဦး ရှိသည်။
မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နှင့် ပြည်တွင်းပြည်ပမှ ရှာဖွေကယ်ဆယ်ရေးအဖွဲ့ဝင်များသည် လိုအပ်သည့် ဒေသများသို့ အချိန်နှင့်တစ်ပြေးညီ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိပြီး အဆောက်အအုံများအတွင်း ပိတ်မိနေသူများကို ရှာဖွေကယ်ဆယ်ခဲ့ရာ ယနေ့အထိ အသက်ရှင်သူ ၆၅၃ ဦးကို ရှာဖွေကယ်ဆယ်ပေးနိုင်ခဲ့ပြီး သေဆုံးသူ ၇၂၄ ဦးအား ရှာဖွေပေးနိုင်ခဲ့သည်။
ဘေးသင့်ပြည်သူများသို့ ပြည်တွင်းစေတနာရှင် အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိသကဲ့သို့ ပြည်ပနိုင်ငံများ၊ အဖွဲ့အစည်းများ၊ စေတနာရှင် အလှူရှင်များက ငွေနှင့် အလှူပစ္စည်းများ ထောက်ပံ့လှူဒါန်းလျက်ရှိရာ ဧပြီ ၉ ရက် ညနေပိုင်းမှ ဧပြီ ၁၀ ရက်အတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ အာရပ်စော်ဘွားများပြည်ထောင်စုနှင့် နီပေါနိုင်ငံတို့မှ လေယာဉ်စင်းရေသုံးစင်းတို့ဖြင့် ထောက်ပံ့ရေးပစ္စည်း စုစုပေါင်း တန်ချိန် ၉၁ ဒသမ ၂၆ တန် ဆိုက်ရောက်ခဲ့သည်။
ပြည်တွင်းပြည်ပအလှူရှင်များ၏ ထောက်ပံ့ရေးပစ္စည်းများကိုလည်း ဘေးသင့်ပြည်သူများ လက်ဝယ်အရောက် အမြန်ဆုံးခွဲဝေထောက်ပံ့လျက်ရှိကြောင်း သတင်းရရှိသည်။
Source: www.moi.gov.mm