စပိန်နှင့်ပေါ်တူဂီတို့၌ တောမီးလောင်မှုများကိုရင်ဆိုင်နေရစဉ် သေဆုံးသူဦးရေမြင့်တက်လာ
စပိန်နိုင်ငံနှင့်ပေါ်တူဂီနိုင်ငံတို့၌ တောမီးလောင်မှုများကို ရင်ဆိုင်နေရစဉ် သေဆုံးသူအရေအတွက် သည်လည်း မြင့်တက်လာကြောင်း သိရသည်။ ဩဂုတ်လ ၁၈ ရက်တွင် မီးသတ်သမား ထောင်ပေါင်းများစွာသည် စစ်သည်များ၊ မီးသတ်လေယာဉ်များ၏ အကူအညီဖြင့် တောမီးလောင်မှုများကို ငြှိမ်းသတ်နေကြောင်း၊ တစ်ချိန်တည်းမှာပင် သေဆုံးသူခြောက်ဦး အထိရှိလာပြီ ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
မြေထဲပင်လယ်တောင်ပိုင်း ဒေသအပေါ် အပူလှိုင်းဖြတ်မှုများ၊ မိုးခေါင်မှုများကြောင့် အိုင်ဘီရီယံ ကျွန်းဆွယ်၌ တောမီးလောင်မှုများ ဖြစ်ပွားလာခြင်း ဖြစ်သည်။
တောမီးကြောင့်သေဆုံးသူများအနက်နှစ်ဦးသည် မီးသတ်သမားများဖြစ်ပြီး နှစ်ဦးစလုံးသည် ယာဉ်မတော်တဆမှုများ ဖြစ်ပွားစဉ် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ သေဆုံးမှုများကြောင့် စပိန်နိုင်ငံ၌လေးဦးနှင့် ပေါ်တူဂီနိုင်ငံ၌ နှစ်ဦးတို့ဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။
အလားတူ မြေထဲပင်လယ်တောင်ပိုင်းဒေသရှိ တူကီယဲနိုင်ငံတွင်လည်း တောမီးလောင်ကျွမ်းမှုဖြစ်ပွားရာ အဆိုပါတောမီးကို ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း တာဝန်ရှိသူများကပြောသည်။ မိုးရွာသွန်းခြင်းနှင့် အပူချိန် လျော့ကျသွားခြင်းတို့ကြောင့် မီးသတ်သမားများအနေဖြင့် မီးလောင်မှုများကို အလွယ်တကူ ငြှိမ်းသတ်နိုင်ခြင်း ဖြစ်သည်။
စပိန်နိုင်ငံ၌လောင်ကျွမ်းနေသော တောမီးကိုငြှိမ်းသတ်နိုင်ရေးအတွက် ပြင်သစ်၊အီတလီ၊ ဆလိုဗက်ကီးယားနှင့် နယ်သာလန်နိုင်ငံတို့က မီးသတ်လေယာဉ်များကူညီပေးထားသည်။ ထို့အတူ ပေါ်တူဂီနိုင်ငံကိုလည်း ဆွီဒင်နှင့်မော်ရိုကိုနိုင်ငံတို့က လေကြောင်းကူညီမှုများ ပေးထားသည်။
လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေသည် အလွန်ရှုပ်ထွေးခက်ခဲသည့် အခြေအနေဖြစ်ကြောင်း စပိန်ကာကွယ်ရေးဝန်ကြီးက ပြောထားသည်။
Ref: RT
MWD