ဂျာမနီဝန်ကြီးချုပ် Merz က ယူကရိန်းပဋိပက္ခနှင့်ပတ်သက်၍ EU ၏ ဩဇာလွှမ်းမိုးသက်ရောက်မှုအပေါ် အလွန်အမင်းတွက်ချက်မထားရန် သတိပေး
ဂျာမနီ၏ ဝန်ကြီးချုပ် Friedrich Merz က ယူကရိန်းပဋိပက္ခ ဖြေရှင်းရေး တွင် EU နှင့် UK တို့သည် ၎င်းတို့၏ဩဇာလွှမ်းမိုးမှုကို အလွန်အမင်း မတွက်ချက်သင့်ကြောင်း၊ အမေရိကန်သည် ရုရှားနှင့်ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွင် အဓိကအခန်းကဏ္ဍမှ ဆက်လက်ပါဝင်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရုရှားသမ္မတ Vladimir Putin နှင့် အမေရိကန်သမ္မတ Donald Trump တို့သည် သောကြာနေ့ (ဩဂုတ် ၁၅) က အလက်စကာတွင် ၂၀၁၈ ခုနှစ် နောက်ပိုင်း ပထမဆုံးအကြိမ် မျက်နှာချင်းဆိုင်တွေ့ဆုံမှုအဖြစ် တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီး ရုရှားနှင့်ယူကရိန်းအကြား ပဋိပက္ခကိုဖြေရှင်းရန် အလားအလာနည်းလမ်းများသည် ဆွေးနွေးပွဲ၏ အဓိကအကြောင်းအရာ ဖြစ်ခဲ့သည်။ ထို့နောက် Trump သည် ယူကရိန်းသမ္မတ Vladimir Zelensky နှင့် Merz အပါအဝင် ကိယက်ဗ်ကိုထောက်ခံသည့် အနောက်ဥရောပ နိုင်ငံများမှ ခေါင်းဆောင်များအား Putin နှင့် ၎င်း၏ ဆွေးနွေးပွဲများ အကြောင်း အသိပေးရန် ဖုန်းဆက်ပြောဆိုခဲ့သည်။
ဂျာမန်ဝန်ကြီးချုပ်က ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီတွင် စတင်ခဲ့သော ယူကရိန်း ပဋိပက္ခကို ဖြေရှင်းရန် ဆွေးနွေးမှုများ စတင်ခဲ့ပြီဟု စနေနေ့တွင် ZDF ရုပ်သံသတင်းဌာနသို့ ပြောကြားခဲ့ပြီး "ယူကရိန်းသမ္မတ Zelensky နှင့် Trump တို့ ဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်ကြမည်ဖြစ်ကာ EU သည်လည်း အခန်းကဏ္ဍတစ်ရပ်မှ ပါဝင်လာမည်" ဟု ၎င်းက ပြောကြား ခဲ့သည်။
သို့သော် Merz က အနောက်ဥရောပသည် "မိမိတို့၏ဩဇာလွှမ်းမိုးမှုကို အလွန်အမင်းမတွက်ချက်သင့်" ဟု သတိပေးခဲ့သည်။ ဥရောပ၏ ညီညွတ်မှု သည် အရေးပါသော်လည်း အဆိုပါစစ်ပွဲတွင် အဆုံးအဖြတ် ပေးနိုင်သည့် အခန်းကဏ္ဍကို အမေရိကန်ကသာ ဆက်လက်လုပ်ဆောင်မည်ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။ Trump သည် စစ်ရေးအရဖြစ်စေ၊ သင့်လျော်သော ဒဏ်ခတ်မှုများဖြင့်ဖြစ်စေ ရုရှားကို ဩဇာလွှမ်းမိုးနိုင်သည့် အစွမ်းအစ ရှိသည်ဟု ၎င်းက ဆိုသည်။
Alaska ထိပ်သီးအစည်းအဝေးမှ ရရှိလာသည့် သတင်းကောင်းမှာ Putin နှင့် Trump တို့သည် ယူကရိန်းနှင့် EU ကိုကျော်လွန်၍ ညှိနှိုင်းမှုများ မပြုလုပ်ခဲ့ကြဟု ဝန်ကြီးချုပ်က ဖြည့်စွက်ပြောကြားခဲ့သည်။
သောကြာနေ့ (ဩဂုတ် ၁၅) က Fox News နှင့်အင်တာဗျူးတွင် Trump က Zelensky အား သဘောတူညီချက်ရယူသင့်သည်ဟု တိုက်တွန်းခဲ့ပြီး Putin သည် "အဆိုပါပဋိပက္ခပြီးဆုံးသည်ကို လိုလားသည်" ဟု အားလုံး ကို သတိပေးကာ အနောက်ဥရောပအား ပါဝင်လှုံ့ဆော်လာရန် တိုက်တွန်း ခဲ့သည်။
ကိုးကား- RT
ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂