အစ္စရေးနိုင်ငံတစ်ဝှမ်း၌ ဂါဇာစစ်ပွဲရပ်တန့်ရေး ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပေါ်

News Image

  • အစ္စရေးနိုင်ငံတစ်ဝှမ်း၌ ဂါဇာစစ်ပွဲရပ်တန့်ရေး ဆန္ဒပြမှုများ ဆက်လက် ဖြစ်ပေါ်

အစ္စရေးနိုင်ငံတစ်ဝှမ်းတွင် ဂါဇာစစ်ပွဲအဆုံးသတ်ရန်နှင့် အကျဉ်းသားများ ပြန်လည်လွတ်မြောက်ရေး တောင်းဆိုသည့် ဆန္ဒပြမှုများ ပြင်းထန်စွာ ဆက်လက်ဖြစ်ပွားနေသည်။ အစ္စရေးအစိုးရ၏ ဂါဇာမြို့ကို သိမ်းပိုက်ရန် အစီအစဉ်ကို အတည်ပြုချက်ပေးပြီး တစ်ပတ်ကျော်အကြာတွင် အဆိုပါ ဆန္ဒပြမှုများ ပေါ်ပေါက်လာခြင်းဖြစ်သည်။ ဆန္ဒပြမှုများသူများက စစ်ပွဲ ချက်ချင်း ရပ်တန့်ရန်၊ အကျဉ်းသားအားလုံး ပြန်လည် လွတ်မြောက်ရေး ဆောင်ရွက်ပေးရန်နှင့် အစိုးရ၏ စစ်ရေးဗျူဟာကို ပြန်လည်သုံးသပ်ရန် အဓိကထား တောင်းဆိုခဲ့ကြသည်။

ဟားမက်အဖွဲ့က မကြာသေးမီက ထုတ်လွှင့်ခဲ့သည့် ဗီဒီယိုတွင် အကျဉ်းသား နှစ်ဦး၏ ပိန်လှီပြီး ပင်ပန်းနွမ်းနယ်နေသည့် အခြေအနေများကို တွေ့ရှိရ သဖြင့် အကျဉ်းသားများ၏ ဘဝအာမခံချက်နှင့် ပတ်သက်၍ နိုင်ငံတကာ အသိုင်းအဝိုင်း၏ စိုးရိမ်မှုများ မြင့်တက်လာစေခဲ့သည်။

ဟားမက်ထိန်းချုပ်ထားသော ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက် အရ ယခုအချိန်ထိ သေဆုံးသူဦးရေ ၆၂,၀၀၀ နီးပါးရှိပြီး လက်ရှိတွင်အကျဉ်းသား ၄၉ ဦး ဂါဇာတွင် ကျန်ရှိနေဆဲဖြစ်ကြောင်း သိရသည်။ အစ္စရေးစစ်တပ်က ၎င်းတို့အနက် ၂၇ ဦးသည် သေဆုံးပြီဟု ထုတ်ဖော် ပြောကြားခဲ့သည်။

အစ္စရေးသမ္မတ အိုင်ဇတ် ဟာဇော့ဂ်က နိုင်ငံတကာအသိုင်းအဝိုင်းအား ဟားမက်အဖွဲ့အပေါ် ဖိအားပေးရန် တောင်းဆိုခဲ့ပြီး "အကျဉ်းသားများကို အမြန်ဆုံးပြန်လည်ရရှိရေး ကြိုးပမ်းနေပါသည်" ဟု ပြောကြားခဲ့သည်။ အစိုးရအဖွဲ့အတွင်း သဘောထားတင်းမာသော စစ်ရေးလိုလားသူများက ဆန္ဒပြမှုများကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြသည်။ ဘဏ္ဍာရေးဝန်ကြီး ဘေဇယ်လ်လ် စမိုက်ထရစ်ချ်က ယင်းဆန္ဒပြမှုများကို "ဟားမက်အား အကူအညီပေးနေခြင်းသာ" ဖြစ်သည်ဟု ဆိုသည်။

အစ္စရေးရဲတပ်ဖွဲ့က ပြည်တွင်းတည်ငြိမ်အေးချမ်းမှုကို နှောင့်ယှက်သည့် လုပ်ရပ်များအား သည်းမခံနိုင်ကြောင်း ကြေညာကာ ဆန္ဒပြမှုများကို အင်အားသုံးထိန်းသိမ်းရန် အဆင်သင့်ဖြစ်နေကြောင်း ပြောကြားခဲ့သည်။

ကိုးကား- VN Express

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂