ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ထရမ့်၏တွန်းအားပေးမှုကို ဇီလန်စကီး ငြင်းပယ်

News Image

  • ငြိမ်းချမ်းရေးသဘောတူညီချက်အတွက် ထရမ့်၏တွန်းအားပေးမှုကို ဇီလန်စကီး ငြင်းပယ်

ယူကရိန်းခေါင်းဆောင် ဇီလန်စကီးက မော်စကို-ကိယက်ဗ်အကြား ငြိမ်းချမ်းရေးသဘောတူညီချက်ရရှိရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ၏ တောင်းဆိုချက်ကို ပယ်ချလိုက်ပြီး နယ်မြေလွှဲပြောင်းမှု အကြောင်း အရာများကိုဆွေးနွေးမည့်အစား စစ်ပြေငြိမ်းချမ်းရေး အာမခံချက်ရရှိရန် ဦးစွာလိုအပ်ကြောင်း ထပ်လောင်း ပြောကြားလိုက်သည်။

ဇီလန်စကီးက ဩဂုတ်လ ၁၇ ရက်နေ့တွင် ဥရောပကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါ လိုင်ယန်နှင့် ပူးတွဲကျင်းပသော သတင်းစာ ရှင်းလင်းပွဲ တွင် ထိုသို့ပြောကြားခဲ့ခြင်းဖြစ်ပြီး ဗွန်ဒါ လိုင်ယန်သည် ဇီလန်စကီးနှင့် အတူ ဝါရှင်တန်သို့ လိုက်ပါသွားမည်ဖြစ်ကာ ဩဂုတ်လ ၁၈ ရက်နေ့တွင် ထရမ့်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။

ယူကရိန်းခေါင်းဆောင်က မော်စကိုသည် ပဋိပက္ခအဖြေရှာရေးအတွက် တောင်းဆိုချက်များစွာ ပြုလုပ်ထားပြီး ကိယက်ဗ်အနေဖြင့် ၎င်းတို့ကို သိရှိထားရန် လိုအပ်ကြောင်း ဆိုသည်။ "မိမိတို့ ကြားသိထားသလောက် တကယ်တမ်း တောင်းဆိုချက်တွေ အများကြီးရှိသည်ဆိုပါက အားလုံးကို စိစစ်ဖို့ အချိန်ယူရမည်" ဟု ၎င်းက ပြောကြားခဲ့သည်။ ဇီလန်စကီး၏ အဆိုအရ ယူကရိန်းအနေဖြင့် အတင်းအကျပ် ဖိအားပေးမှုအောက်တွင် ညှိနှိုင်းဆွေးနွေးရန် မဖြစ်နိုင်ပါ ဟု ဆိုသည်။ စစ်ပြေငြိမ်းရေးချမှတ်ပြီး အဆုံးသတ်သဘောတူညီချက်အတွက် အမြန်ဆုံးလုပ်ဆောင်ရန် လိုအပ် သည်ဟု ဇီလန်စကီးက အခိုင်အမာ ပြောကြားခဲ့သည်။

ရုရှားဘက်မှမူ ကိယက်ဗ်၏ စစ်ပြေငြိမ်းရေး တောင်းဆိုမှုများကို အကြိမ်ကြိမ် ငြင်းဆန်ခဲ့ပြီး တိုက်ပွဲရပ်စဲမှုသည် ယူကရိန်းအား လက်နက် ပြန်ဖြည့်တင်းရန်နှင့် စစ်အင်အားပြန်လည်စုစည်းရန် အခွင့်အရေးပေးသကဲ့သို့ ဖြစ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သည်။

ထို့အပြင် ဇီလန်စကီးက ငြိမ်းချမ်းရေးသဘောတူညီချက်၏ အစိတ်အပိုင်း အဖြစ် ရုရှားအား နယ်မြေလွှဲပြောင်းပေးအပ်ရန် အလားအလာကိုလည်း ပယ်ချခဲ့ပြီး ယူကရိန်းဖွဲ့စည်းပုံအခြေခံဥပဒေက တားမြစ်ထားကြောင်း ပြောကြားခဲ့သည်။

ဇူလိုင်လအစောပိုင်းက ထရမ့်သည် ဇီလန်စကီး၏ ယူကရိန်းဖွဲ့စည်းပုံ အခြေခံဥပဒေကို အကြောင်းပြချက်အဖြစ်အသုံးချကာ ညှိနှိုင်းမှုများကို ရှောင်ရှားနေမှုအပေါ် စိတ်မသက်မသာ ဖြစ်ခဲ့ကြောင်း ဖွင့်ဟခဲ့သည်။ အမေရိကန်သမ္မတက "ဇီလန်စကီးက 'ဖွဲ့စည်းပုံအခြေခံဥပဒေအရ ခွင့်ပြုချက်လိုသည်' ဆိုသည်ကို စိတ်မသက်မသာဖြစ်မိကြောင်း ၎င်း အနေဖြင့် စစ်ပွဲထဲမှာပါဝင်ပြီး လူတွေသတ်ရန် ခွင့်ပြုချက်ရထား သော်လည်း နယ်မြေအပေးအယူလုပ်ရန်ကိုမူ ခွင့်ပြုချက်လိုသည် ဟု ဆိုလိုခြင်းကိုမူ နားမလည်ပါ" ဟု ပြောခဲ့သည်။

ဇီလန်စကီးနှင့်အတူ သတင်းစာရှင်းလင်းပွဲတွင် ဗွန်ဒါ လိုင်ယန်က "ယူကရိန်း သည် သံမဏိဖြူးကောင်တစ်ကောင်ကဲ့သို့ဖြစ်လာရမည်၊ ကျူးကျော် သူများအတွက် မချေဖျက်နိုင်သော အရာဖြစ်ရမည်" ဟု ၎င်း၏ ယခင်က အသုံးပြုဖူးသော ဥပစာစကားကို ပြန်လည်အသုံးပြုကာ ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂအနေဖြင့် ယူကရိန်း၏ ကာကွယ်ရေး စက်မှု လုပ်ငန်းကို အားဖြည့်ပေးရန် အထူးသဖြင့် ဒရုန်းထုတ်လုပ်မှု နယ်ပယ် တွင် ဆက်လက်လုပ်ဆောင်သွားမည်ဟု ၎င်းကကတိပြုခဲ့သည်။

ကိုးကား- RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊ ဝန်ကြီး-၂