ထရမ့်က ဂရင်းလန်းကျွန်းကို ဝယ်မည်ဟု ထပ်မံပြောဆိုလာ
အမေရိကန်သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုတော့မည့် ဒေါ်နယ်ထရမ့်သည် အမေရိကန်နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် လွတ်လပ်စွာ သွားလာနိုင်ရေးတို့အတွက် ဂရင်းလန်းကျွန်းကို ဝယ်ယူရန် လိုအပ်သည်ဟု ခံစားနေရကြောင်း ပြောလာသည်ဟု သိရသည်။
ထရမ့်က ၂၀၁၉ ခုနှစ်တွင်လည်း အလားတူစကားမျိုးကို ပြောခဲ့ဖူးသောကြောင့် ဂရင်းလန်းကျွန်းကို ဝယ်ယူမည်ဟူသော ယခုပြောဆိုမှုသည် ဒုတိယအကြိမ်ဖြစ်လာသည်။
သို့သော် ဂရင်းလန်းကျွန်းသည် ရောင်းကုန်မဟုတ်ကြောင်း၊ မည်သည့်အခါမျှ ကျွန်းကိုရောင်းချသွားမည် မဟုတ်ကြောင်းနှင့် ကာလရှည်ကြာ တိုက်ပွဲဝင်နေရသည့် လွတ်လပ်ရေးအတွက် ဆက်လက်ကြိုးပမ်းသွားမည်ဖြစ်ကြောင်း အဆိုပါကျွန်း၏ ဝန်ကြီးချုပ်က ပြောထားသည်။
ဒိန်းမတ်နိုင်ငံ၏အစိတ်အပိုင်းတစ်ခုအဖြစ် နှစ်ပေါင်း ၆၀၀ ကျော်ကြာတည်ရှိနေခဲ့သည့် ကမ္ဘာ့အကြီးဆုံးကျွန်းဖြစ်သောဂရင်းလန်းကျွန်းသည် အာတိတ်ဒေသနှင့် မြောက်အတ္တလန္တိတ်ဒေသတို့ကြား အလွန်အရေးပါသည့် မဟာဗျူဟာမြောက်နေရာ တစ်ခုဖြစ်လာသည့်အပြင် အမေရိကန်ပြည်ထောင်စု၏ အမျိုးသားကာကွယ်ရေးမဟာဗျူဟာအတွက် အချက်အချာကျသော နေရာတစ်ခုဖြစ်လာကြောင်း သိရသည်။
Source: Myawady Webportal