အစ္စရေးကို အကြီးစားဗုံးများပေးပို့မှု ပြန်လည်စတင်ရန် အမေရိကန်သမ္မတ ခွင့်ပြု
အကြီးစားဗုံးများ အစ္စရေးသို့ပေးပို့ခြင်းနှင့်ပတ်သက်၍ ယခင်သမ္မတ ဂျိုးဘိုင်ဒင် ပိတ်ပင်ထားသည့် အမိန့်ကို ဖယ်ရှားရန်အမိန့်ပေးလိုက်ကြောင်း အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် က ပြောကြားလိုက်သည်။
ဇန်နဝါရီ ၂၆ ရက်နေ့က အနောက်ပိုင်း နီဗားဒါးပြည်နယ်မှ ဖလော်ရီဒါခရီးစဉ်တွင် ထရမ့်က သတင်းထောက်များ၏ မေးခွန်းများအား ပြန်လည်ဖြေကြားစဉ်၌ ပြောကြားခဲ့ခြင်းဖြစ်သည်။
ဂါဇာ၌ အရပ်သားသေဆုံးမှုများ တိုးလာနေသည့်အကြား အဆိုပါဒေသမှ လူနေထူထပ်သော ဧရိယာများတွင် အကြီးစားဗုံးများအသုံးပြုမှုအပေါ် စိုးရိမ်မှုများကြောင့် အကြီးစားဗုံးများ အစ္စရေးသို့ တင်ပို့ရောင်းချခြင်းအား ယခင်နှစ် မေလတွင် ဘိုင်ဒင်က ရပ်ဆိုင်းခဲ့သည် ဟု ABC ရုပ်မြင်သံကြားနှင့် အခြားသတင်းရင်းမြစ်များ ကဆိုပါသည်။
ဇန်နဝါရီ ၂၆ ရက်နေ့တွင် ထရမ့်သည် အစ္စရေးက မှာကြားငွေပေးချေခဲ့ပြီး ဘိုင်ဒင်က မပေးပို့သေးသည့်အရာများအား ယခုအခါတွင် ပေးပို့ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း လူမှုကွန်ယက်မီဒီယာတွင် ရေးသားခဲ့ပါသည်။
အမေရိကတွင် ဆိုင်းငံ့ထားသော MK-84 ဗုံးအလုံးရေ ၁,၈၀၀ အား လာမည့်ရက်များ၌ အစ္စရေးသို့ ပို့ဆောင်မည်ဖြစ်သည်ဟု အမေရိကန်သတင်းဝက်ဆိုက် Axios က ဖော်ပြခဲ့ပါသည်။
ထိုအတောအတွင်း အမေရိကန်သမ္မတသည် ဂျော်ဒန်ဘုရင် Abdullah နှင့် တယ်လီဖုန်းပြောဆိုခဲ့ကြောင်း အိမ်ဖြူတော်က ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကြေညာ ခဲ့ပါသည်။
Air Force One ပေါ်တွင် သတင်းထောက်များနှင့် စကားပြောဆိုမှုအတွင်း ထရမ့် က အလွန်ရှုပ်ထွေးသောနေရာဟု ၎င်းကရည်ညွှန်းခဲ့သည့် ဂါဇာကမ်းမြောင်ဒေသမှ ပြည်သူများအား ပိုမိုလက်ခံရန် ဂျော်ဒန်နိုင်ငံကို ၎င်းကတောင်းဆိုခဲ့ကြောင်း ပြောခဲ့ပါသည်။
အီဂျစ်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသမှ ဒုက္ခသည်များကို နေရာပေးစေလိုကြောင်း ထရမ့်ကပြောခဲ့ပြီး ဇန်နဝါရီ ၂၆ ရက်နေ့တွင် အီဂျစ်သမ္မတ Abdel Fattah el-Sisi နှင့် တယ်လီဖုန်းဆက်သွယ် စကားပြောမည်ဟုလည်း ဆက်လက်ပြောကြားခဲ့ပါသည်။
ထရမ့်က ဂါဇာကမ်းမြောင်ဒေသသည် ရာစုနှစ်များစွာ ပဋိပက္ခအမြောက်အမြားကို ကြံ့ကြံ့ခံရင်ဆိုင်နေရကြောင်းပြောဆိုခဲ့ပြီး ဂါဇာကို လူအများအပြားသေကြေပျက်စီးရသည့် နေရာတစ်ခုအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါသည်။
ထရမ့်အနေဖြင့် အာရပ်နိုင်ငံအချို့နှင့် လက်တွဲရန် ဆန္ဒရှိနေပြီး ဂါဇာဒုက္ခသည်များ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်နိုင်မည်ဟု ၎င်းယူဆသည့် အခြားနေရာတစ်ခု၌ အိမ်ရာများ ဆောက်လုပ်လိုကြောင်းပြောကြားခဲ့ပါသည်။
အဆိုပါအိမ်ရာများသည် ယာယီ/ ရေရှည် ဖြစ်နိုင်ခြင်းနှင့်ဆက်စပ်သော မေးခွန်းကို ထရမ့်က နှစ်မျိုးလုံးဖြစ်နိုင်သည်ဟု ဖြေကြားခဲ့ပါသည်။
ကိုးကား-NHK World