အီးယူကစွမ်းအင်ဖူလုံရေးအတွက် အာမခံချက်မပေးနိုင်ပါက ရုရှားအပေါ်ပိတ်ဆို့မှု သက်တမ်းတိုးခြင်းကို ဟန်ဂေရီက ဗီတိုအာဏာဖြင့်ကန့်ကွက်မည်
အီးယူအနေဖြင့် စွမ်းအင်ဖူလုံရေးအတွက် အာမခံချက်မပေးနိုင်ပါက ဟန်ဂေရီနိုင်ငံက ၆ လအတွင်း ရုရှားနိုင်ငံအပေါ် အီးယူ၏ပိတ်ဆို့မှုသက်တမ်းတိုးခြင်းအား ဗီတိုအာဏာဖြင့် ကန့်ကွက်မည်ဟု ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာအော်ဘန်က ဇန်နဝါရီလ ၃၁ ရက်တွင်ပြောသည်။
ဥရောပကော်မရှင်က မိမိတို့သဘောတူထားသည့်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိပါက ရုရှားအပေါ် ချမှတ်ထားသည့် ပိတ်ဆို့မှုများကိုဖယ်ရှားရမည်ဖြစ်ကြောင်းနှင့် ယခုအချိန်တွင် မိမိတို့အနေဖြင့် ဆုံးဖြတ်ချက်ချမှတ်ရနိုင်ရေး ဆွေးနွေးရမည်ဖြစ်ကြောင်း အော်ဘန်က ဟန်ဂေရီအသံလွှင့်ဌာနတစ်ခုဖြစ်သည့် Kossut နှင့်ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်းတစ်ခု၌ ပြောကြားခြင်းဖြစ်သည်။
ထို့ပြင် ဟန်ဂေရီပြည်သူများသည် ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုကြောင့် ထိခိုက်မှုများကို ဆက်လက် ခံစားနေရပြီး ယူကရိန်းနိုင်ငံ၏ ရိုင်းပျပြီးလေးစားမှု မရှိသော အပြုအမူများနှင့်လည်း ရင်ဆိုင်နေရသည်ဟု ၎င်းကဆက်ပြောခဲ့ကြောင်း Izvestia တွင်ဖော်ပြထားသည်။
ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများသက်တမ်းတိုးခြင်းကို ဟန်ဂေရီက ကန့်ကွက်ခြင်းမရှိစေရန်အတွက် ရုရှားမှဓာတ်ငွေ့များကို ယူကရိန်းနိုင်ငံမှတစ်ဆင့်ဖြတ်သန်း၍ ဟန်ဂေရီနိုင်ငံသို့ ပေးပို့နိုင်ရန်အတွက် ယူကရိန်းအစိုးရနှင့် စေ့စပ်ဆွေးနွေးပေးမည်ဟု ဥရောပကော်မရှင်က ကတိပြုထားကြောင်း သိရသည်။
ရုရှားအပေါ်ချမှတ်ထားသည့် ပိတ်ဆို့မှုများကြောင့် ဟန်ဂေရီနိုင်ငံက တစ်နှစ်လျှင် ယူရို ၆ ဒသမ ၅ ဘီလီယံဆုံးရှုံးနေရသောကြောင့် အဆိုပါပိတ်ဆို့မှုအားဖယ်ရှားရန် ဆန္ဒရှိနေကြောင်း အော်ဘန်က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
ရုရှားနိုင်ငံက ဒွန်ဘတ်ဒေသရှိ ပြည်သူများအား ကာကွယ်ရန်အတွက် ယူကရိန်းတွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလမှစ၍ အထူးစစ်ဆင်ရေးစတင်ဆင်နွှဲပြီးနောက် အနောက်နိုင်ငံများက ရုရှားအပေါ် ပိတ်ဆို့မှုများ တိုးမြှင့်ချမှတ်ခဲ့ကြောင်း သိရသည်။
Ref: Sputnik, Izvestia
Source: Myawady Web Portal