Rubio ၏ “ဆိုးသွမ်းနိုင်ငံ” မှတ်ချက်အား မြောက်ကိုရီးယား က ရှုတ်ချ
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနသည် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Marco Rubio က ၎င်းတို့၏နိုင်ငံအား “ဆိုးသွမ်းနိုင်ငံ” အဖြစ် ရည်ညွှန်းမှု ကို အပြစ်တင်ဝေဖန်လိုက်ပါသည်။
ဤသည်မှာ မြောက်ကိုရီးယားအစိုးရက သမ္မတ Donald Trump ၏ အစိုးရအဖွဲ့သစ်ဝင်တစ်ဦးအား ပထမဆုံးအကြိမ် အမည်တပ်၍ အပြစ်တင် ဝေဖန်ခဲ့ခြင်း ဖြစ်ပါသည်။
Rubio သည် ဇန်နဝါရီ ၃၀ ရက်က မီဒီယာအင်တာဗျူးတစ်ခု၌ “ကိုင်တွယ်ဆောင်ရွက်ရန်လိုသည့် အီရန်နှင့် မြောက်ကိုရီးယားတို့ကဲ့သို့သော ဆိုးသွမ်းသည့်နိုင်ငံများ ရှိသည်” ဟု ပြောဆိုခဲ့ပါသည်။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ဖေဖော်ဝါရီ ၃ ရက်နေ့တွင် နိုင်ငံပိုင်မီဒီယာမှ ကြေညာချက်ထုတ်ပြန်ခဲ့ပြီး မစ္စတာ Rubio ၏မှတ်ချက်ကို နိုင်ငံရေးရန်စမှုအဖြစ် အပြစ်တင် ရှုတ်ချခဲ့ပါသည်။
"မြောက်ကိုရီးယားအပေါ် ရန်လိုသည့် အမေရိကန်မူဝါဒ" သည် မပြောင်းလဲသေးကြောင်း အဆိုပါ မှတ်ချက် က ထပ်မံအတည်ပြုနေကြောင်း ၎င်းမီဒီယာက ဆိုပါ သည်။
မြောက်ကိုရီးယားအစိုးရသည် အမေရိကန်၏ မည်သည့်ရန်စမှုကိုမဆိုလျစ်လျူမရှုဘဲ လျော်ညီစွာ တန်ပြန်သွားမည်ဖြစ်ကြောင်းကိုလည်း ဖြည့်စွက်ပြောဆိုထား ပါသည်။
နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ဆက်စပ်နေသည့် မြောက်ကိုရီးယား၏ လက်နက်ဖျက်သိမ်းရေးနှင့် ငြိမ်းချမ်းရေးသုတေသနဌာနကလည်း အမေရိကန် အပေါ် ၎င်း၏ရပ်တည်ချက်ကို ဖေဖော်ဝါရီ ၃ ရက်နေ့ တွင် ထုတ်ပြန်ခဲ့ပါသည်။
အဆိုပါသုတေသနဌာနသည် အမေရိကန် ဒုံးကျည်ကာကွယ်ရေးစနစ်များကို အားဖြည့်မည့် ထရမ့်အစိုးရ၏မူဝါဒကို အပြစ်တင်ဝေဖန်ခဲ့ပြီး မြောက်ကိုရီးယားအစိုးရ၏ နျူကလီးယားနှင့် ဒုံးကျည်တီထွင်ထုတ်လုပ်ရေး အစီအစဉ်များကို ဆက်လက်လုပ်ဆောင်မည့် သန္နိဋ္ဌာန်ကိုလည်း အလေးပေးပြောကြားခဲ့ပါသည်။
ကိုးကား-NHK World