အလက်ဇန်းဒါးလူကာရှန်ကို သမ္မတအဖြစ် ရွေးချယ်ခံရကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင် ကြေညာ
ဇန်နဝါရီလ ၂၆ ရက်တွင် ပြီးစီးခဲ့သည့် ဘယ်လာရုစ် သမ္မတရွေးကောက်ပွဲ၏မဲရလဒ်များအရ အလက်ဇန်းဒါး လူကာရှန်ကို သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရကြောင်း ဗဟိုရွေးကောက်ပွဲကော်မရှင် (CEC) က ထုတ်ပြန်ကြေညာလိုက်ပါသည်။
ဘယ်လာရုစ်ရွေးကောက်ပွဲတွင် လက်ရှိသမ္မတ လူကာရှန် က မဲအရေအတွက် ၈၆.၈၂ % ဖြင့် အပြတ်အသတ်အနိုင်ရခဲ့ပြီး Sergey Syrankov က မဲ ၃.၂၁ % ၊ Oleg Gaidukevich က မဲ ၂.၀၂ %၊ Anna Kanopatskaya က မဲ ၁.၈၆ % နှင့် Alexander Khizhnyak က မဲ ၁.၇၄ % အသီးသီးရရှိခဲ့ကြပါသည်။ မဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ၃.၆၀ % မှာ မည်သည့်ပါတီကိုမျှ မဲပေးခဲ့ခြင်းမရှိဘဲ ကျန် ၈၅.၆၉ % သော ပြည်သူတို့မှာ လာရောက်မဲပေးခဲ့ကြောင်း CEC ထုတ်ပြန်ချက်အရ သိရှိရပါသည်။
ရွေးကောက်ပွဲမဲဆွယ်စည်းရုံးစဉ်တွင် လူကာရှန်က ဘယ်လာရုစ်နိုင်ငံလုံခြုံရေးကို အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ဘယ်လာရုစ်စစ်တပ်၏ ခေတ်မီ ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ ရုရှားနှင့် စစ်ရေးပူးတွဲလေ့ကျင့်မှုများကို ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါကြောင်း၊ အာရှ၊ အာဖရိကနှင့် လက်တင်အမေရိကတို့၌ မိတ်ဖက်သစ်ရှာဖွေရန်နှင့် BRICS နှင့် ရှန်ဟိုင်း ပူးပေါင်းရေးအဖွဲ့တို့အကြား အခွင့်အရေးသစ်များ ဖော်ထုတ်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။
ကိုးကား -TASS