ပါလက်စတိုင်းပြည်သူများအား ၎င်းတို့ပိုင်နက်နယ်မြေမှ ဖယ်ရှားမည့် မည်သည့် ကြိုးပမ်းချက်မျိုးကိုမဆို ကန့်ကွက်ဟု ဆော်ဒီအာရေဗျပြော

News Image

  • ပါလက်စတိုင်းပြည်သူများအား ၎င်းတို့ပိုင်နက်နယ်မြေမှ ဖယ်ရှားမည့် မည်သည့် ကြိုးပမ်းချက်မျိုးကိုမဆို ကန့်ကွက်ဟု ဆော်ဒီအာရေဗျပြော

ပါလက်စတိုင်းပြည်သူများအား ၎င်းတို့၏ ပိုင်နက်နယ်မြေမှဖယ်ရှားမည့် မည်သည့်ကြိုးပမ်းချက်မျိုးကိုမဆို ကန့်ကွက်ကြောင်း ဆော်ဒီအာရေဗျ နိုင်ငံခြားရေးဝန်ကြီးဌာနက ဖေဖော်ဝါရီလ ၅ရက် တွင် ထုတ်ပြန်သည်။

ဆော်ဒီအာရေဗျနိုင်ငံ၏ အဆိုပါထုတ်ပြန်ချက်သည် ဂါဇာကမ်းမြောင်ဒေသအား အမေရိကန်က ထိန်းချုပ်သိမ်းပိုက်မည့် အဆိုပြုချက်ကို ဒေါ်နယ်ထရမ့်က အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် ဖေဖော်ဝါရီလ ၄  ရက်က အိမ်ဖြူတော်၌ ပူးတွဲပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ တွင် ပြောကြားခဲ့ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

အဆိုပါအဆိုပြုချက်တွင် အမေရိကန်အနေဖြင့် ဂါဇာကမ်းမြောင်ဒေသအား ထိန်းချုပ်၍ ဒေသတွင်းရှိ အပျက်အစီးများကို ဖယ်ရှားရှင်းလင်းကာ အရှေ့အလယ်ပိုင်း၏ လှပသည့်အပန်းဖြေ ဒေသတစ်ခုအဖြစ် အသွင်ပြောင်းနိုင်သည်ဟု    ထရမ့်က ပြောကြားခဲ့ကြောင်း သိရသည်။

ထို့ပြင် ဆော်ဒီအာရေဗျနိုင်ငံအနေဖြင့် ပါလက်စတိုင်းနိုင်ငံ တည်ထောင်ရေးအတွက် ခိုင်ခံ့စွာဖြင့် ကတိကဝတ်ပြုထားပြီး ပါလက်စတိုင်းနိုင်ငံကို တည်ထောင်နိုင်မှသာ ဂါဇာကမ်းမြောင်ဒေသတွင် အဓွန့်ရှည်တည်တံ့သည့် ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်မည်ဖြစ်ကြောင်း ဆော်ဒီအာရေဗျနိုင်ငံခြားရေး ဝန်ကြီးဌာနက ဆက်လက်ဖော်ပြသည်။

ထို့အတူ ငြိမ်းချမ်းရေးကိုမြတ်နိုးသည့် နိုင်ငံများအနေဖြင့်လည်း   ၁၉၆၇ ခုနှစ် နယ်စပ်အပေါ် အခြေခံထားသည့် ပါလက်စတိုင်းနိုင်ငံကို အသိအမှတ်ပြုကြရန် ဆော်ဒီအာရေဗျနိုင်ငံက တိုက်တွန်းခဲ့ကြောင်း သိရသည်။ 

Source:Myawady Web Portal