တံတားဦးမြို့တွင် ပုံမှန်ကာကွယ်ဆေး ထိုးနှံခြင်းလုပ်ငန်းကို မွေးကင်းစမှစတင်၍ (၁) နှစ် ခွဲအထိ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ကာကွယ်ဆေးထိုးနှံပေးလျက်ရှိ
တံတားဦး ၊ ဖေဖော်ဝါရီ - ၅
တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ကျန်းမာရေးဝန်ထမ်းများက ပုံမှန်ကာကွယ်ဆေးထိုးခြင်း နှင့် တိုက်ကျွေးလုပ်ငန်းကို တံတားဦးမြို့ပေါ်ရှိ ရပ်ကွက် ( ၁ ၊ ၂ ၊ ၃ )အုပ်စုများမှ ရပ်ကွက်များအတွင်းရှိ မွေးကင်းစမှ အသက်(၁)နှစ်ခွဲအထိကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်းများအား ဖေဖော်ဝါရီ ၅ ရက်နေ့၊ နံနက်ပိုင်းက အမှတ်( ၁ ၊ ၂ ၃ )ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး အသီးသီးတွင် ကာကွယ်ဆေးများကို ထိုးနှံပေးလျက်ရှိကြောင်း သိရသည် ။
ကာကွယ်ဆေးများကို မွေးကင်းစမှ အသက်(၁)နှစ်ခွဲကလေးငယ်များအား သတ်မှတ်ထားသည့်အကြိမ်နှင့် အသက်အရွယ်တွင် ဆေးထိုး၊ ဆေးတိုက်ပေးနိုင်မှသာလျှင် ကလေးများ၌ ပြင်းထန် တီဘီရောဂါ၊ ဆုံဆို့နာရောဂါ ၊ ကြက်ညှာချောင်းဆိုးရောဂါ ၊ မေးခိုင်ရောဂါ ၊ အသည်းရောင်အသားဝါ (ဘီ)ရောဂါ၊ ဦးနှောက်အမြှေးရောင်ရောဂါ၊ ပြင်းထန်အဆုတ်ရောဂါ၊ ပိုလီယိုအကြောသေရောဂါ၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ ၊ ဝက်သက်ရောဂါ ဂျိုက်သိုးရောဂါနှင့် သားအိမ်ခေါင်းကင်ဆာရောဂါတို့မှ ကာကွယ်ပေးနိုင်မည်ဖြစ်သည်။ ကာကွယ်ဆေးများထိုးနှံပေးရာတွင် မွေးကင်းစ ၊ နှစ်လ ၊ လေးလ ၊ ခြောက်လ ၊ ကိုးလ ၊ တစ်နှစ်ခွဲဟူ၍ လအလိုက် နှစ်အလိုက် ခွဲခြားပြီး ထိုးနှံပေးခြင်းဖြစ်ကြောင်း သိရသည် ။
တံတားဦးမြို့နယ် အမှတ် (၁) ရပ်ကွက်တွင် ကလေးငယ် (၃၀) ဦး၊ အမှတ် (၂) ရပ်ကွက်တွင် ကလေးငယ်(၁၀)ဦး ၊ အမှတ်(၃)ရပ်ကွက်တွင် ကလေးငယ်(၄၀)ဦး မွေးကင်းစမှအသက်တစ်နှစ်အခွဲထိ ကလေးငယ်စုစုပေါင်း(၈၀)ဦးနှင့် ကိုယ်ဝန်ဆောင်အမျိုးသမီး(၁၅)ဦးတို့ကို ကာကွယ်ဆေးထိုးနှံပေးခဲ့ပါကြောင်း၊ ဆေးထိုးခြင်းနှင့် ဆေးတိုက်ခြင်းလုပ်ငန်းများကို လစဉ်လဆန်း (၁)ရက်နေ့ မှစတင်၍ ကျေးလက်ကျန်းမာရေးဌာန၊ ကျေးလက်ကျန်းမာရေးဌာနခွဲများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်စု စုရပ်များတွင် ထိုးနှံ ၊ တိုက်ကျွေးပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှသိရသည်။
ပေးပို့သူ-ဦးရဲတင့်( ပြန်/ဆက်)