ထရမ့်နှင့် ပူတင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာ
သမ္မတ ဒေါ်နယ်ထရမ့်သည် ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် တစ်နာရီခွဲခန့်ကြာ ဖုန်းပြောဆိုမှုအပြီး ရုရှား နှင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပြုလုပ်မည်သွားမည်ဖြစ်ပြီး အမေရိကန်နှင့် ရုရှားတို့၏ ပူးပေါင်း ဆောင်ရွက်မှုများကို ရှေ့ဆက်တိုးမြှင့်သွားမည်ဟု ထုတ်ပြန်ကြေညာခဲ့ပါသည်။
ဖုန်းပြောဆိုမှုတွင် “ယူကရိန်း၊ အရှေ့အလယ်ပိုင်းဒေသ၊ စွမ်းအင်နယ်ပယ်၊ ဉာဏ်ရည်တုနည်းပညာ (AI)၊ ဒေါ်လာ၏အစွမ်းသတ္တိနှင့် အခြားအကြောင်းအရာများ၊ သက်ဆိုင်ရာနိုင်ငံများ၏ အားသာချက်များနှင့် အနာဂတ်တွင် ပူးပေါင်းဆောင်ရွက်ရန် အလားအလာကောင်းများကို ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
“နိုင်ငံခြားရေးဝန်ကြီး Marco Rubio၊ CIA ညွှန်ကြားရေးမှူး John Ratcliffe၊ အမျိုးသား လုံခြုံရေး အကြံပေး Michael Waltz နှင့် သံအမတ်ကြီးနှင့် အထူးသံတမန် Steve Witkoff တို့အား စေ့စပ် ညှိနှိုင်းမှုများကို ဦးဆောင်ရန် တာဝန်ပေးအပ်ထားကြောင်း ၎င်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါသည်။
ထရမ့်သည် ယူကရိန်းသမ္မတ ဇီလန်စကီးနှင့်လည်း ရုရှားသမ္မတ ပူတင်နှင့် ပြောဆိုခဲ့သည့် ဆွေးနွေးမှု အသေးစိတ်များကို ဖုန်းပြောဆို၍ မျှဝေခဲ့ကြောင်း သိရှိရပါသည်။ ဇီလန်စကီးနှင့် ဒေါ်နယ်ထရမ့်တို့သည် “ငြိမ်းချမ်းရေးရရှိရန် အခွင့်အလမ်းများ” နှင့် “အဖွဲ့အစည်းအဆင့်တွင် ပူးပေါင်းဆောင်ရွက်ရန် အဆင်သင့် ဖြစ်နေမှုအကြောင်း” ဆွေးနွေးခဲ့ကြပါသည်။
ယူကရိန်းသည် စစ်ပွဲအဆုံးသတ်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး က ပြောကြားထားမှုရှိသော်လည်း ရုရှားသမ္မတ၏ ပြောရေးဆိုခွင့်ရှိသူ Dmitry Peskov က ရုရှားသည် ၎င်း၏နယ်မြေများကို လဲလှယ်ခြင်းဆိုင်ရာကိစ္စရပ်များကို မည်သည့်အခါမျှ ဆွေးနွေးခဲ့ခြင်းမရှိသကဲ့သို့ ဆွေးနွေးမည်လည်း မဟုတ်ကြောင်း ပြောကြားထားမှုများ ရှိကြောင်းလည်း သိရှိရပါသည်။
ကိုးကား - NYT ၊ sky news၊ RIA Novosti၊ Sputnik Int