အိန္ဒိယနိုင်ငံ တောင်ပိုင်းရှိ ဘောလုံးကွင်းတစ်ခုတွင် မီးရှူးမီးပန်းများ ပေါက်ကွဲမှုကြောင့် ပွဲကြည့်ပရိသတ် ၃၀ ကျော် ဒဏ်ရာရရှိ
အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကီရာလာပြည်နယ်ရှိ ဘောလုံးကွင်းတစ်ခုတွင် မီးရှူးမီးပန်းများ ပေါက်ကွဲမှုကြောင့် ပွဲကြည့်ပရိသတ် ၃၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း ပြည်နယ်ရဲတပ်ဖွဲ့က ဖေဖော်ဝါရီလ ၁၉ ရက်တွင် ထုတ်ပြန်သည်။
အဆိုပါဖြစ်စဉ်သည် ပြည်နယ်မြို့တော် သီရူဝဏ္ဍသာပူရမ်၏ မြောက်ဘက် ၃၈၈ ကီလိုမီတာအကွာရှိ မာလပ်ပူရမ်မြို့ရှိ အာရီးကိုဒီးဘောလုံးကွင်း၌ ဖေဖော်ဝါရီလ၁၈ ရက်က ဖြစ်ပွားခြင်းဖြစ်ပြီး ဘောလုံးကွင်းမှ တာဝန်ရှိသူများက မီးရှူးမီးပန်းများကို ကွင်းအလယ်ကောင်တွင် ချလိုက်ပြီးနောက် မကြာမီ မီးပန်းများက ပွဲကြည့်စင်ရှေ့ဆုံးတန်းမှ ပရိသတ်များအပေါ် ကျရောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မီးပန်းများ ပွဲကြည့်ပရိသတ်များအပေါ် ကျရောက်ခဲ့သည့်အပြင် အချို့ပွဲကြည့်သူများမှာ မီးပန်းများကျရောက်ခြင်းမှ ရှောင်ရှားနိုင်ရန်အတွက် ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရာမှ လဲကျခြင်းကြောင့် ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးကပြောသည်။
အဆိုပါဘောလုံးပွဲတွင် အာဏာပိုင်များက မီးရှူးမီးပန်းများအား အသုံးပြုခွင့် မပေးထားသောကြောင့် အဆိုပါဖြစ်စဉ်အား စုံစမ်းစစ်ဆေးလျက် ရှိကြောင်း သိရသည်။
Source: Myawady Web Portal