အမေရိကန်၏ သဘာဝအရင်းအမြစ်ထုတ်ယူရေးကမ်းလှမ်းမှုက ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတစ်ရပ်ဟု ယူကရိန်းအကြံပေးပြော
အမေရိကန်အစိုးရ၏ သဘာဝအရင်းအမြစ်ထုတ်ယူရေး ကမ်းလှမ်းမှုသည် ယူကရိန်းနိုင်ငံအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းတစ်ရပ်ဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး အကြံပေးတစ်ဦးက ဖေဖော်ဝါရီလ ၂၃ ရက်တွင် ပြောသည်။
ထို့ပြင် ယူကရိန်းနှင့် အမေရိကန်တို့ကြား မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်သည် ယူကရိန်းအတွက် မဟာဗျူဟာမြောက် လုပ်ဖော်ကိုင်ဖက်နိုင်ငံတစ်နိုင်ငံကို ရရှိစေမည့် အခွင့်အလမ်းတစ်ရပ်လည်းဖြစ်ကြောင်း ယူကရိန်းကာကွယ်ရေးဝန်ကြီး အကြံပေး အိုလက်ဇန္ဒား ကူဘရာကော့က ပြောသည်။
မြေရှားသတ္တုအရင်းအမြစ်များကို ထုတ်ယူရာတွင် ကြီးမားသည့်ရင်းနှီးမြှုပ်နှံမှုများ လိုအပ်ပြီး အမေရိကန်နှင့် စေ့စပ်ဆွေးနွေးခြင်းကြောင့် နှစ်နိုင်ငံဆက်ဆံရေးကို တိုးတက်စေမည်ဖြစ်ကြောင်း ၎င်းကဆက်ပြောသည်။
အမေရိကန်ပြည်ထောင်စုအနေဖြင့် ယူကရိန်းနိုင်ငံအား လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားချိန်မှစ၍ ဘီလီယံရာပေါင်း များစွာသော ငွေကြေးများကို ပေးအပ်ခဲ့ပြီးဖြစ်ရာ အမေရိကန်အစိုးရအနေဖြင့် ယူကရိန်းရှိ မြေရှားသတ္တု အပါအဝင် ရေနံတို့အား အမေရိကန်သို့ ပေးအပ်ရန် တောင်းဆိုမည်ဟု သမ္မတဒေါ်နယ်ထရမ့်က အစောပိုင်းတွင် တောင်းဆိုထားသည်။
ထို့ပြင် အမေရိကန်နှင့် အရင်းအမြစ်ထုတ်ယူရေး သဘောတူညီချက်အား လက်မှတ်ရေးထိုးခြင်းမရှိပါက အခက်အခဲပြဿနာများနှင့် တွေ့ကြုံရဖွယ်ရှိသည်ဟု ထရမ့်ကယူကရိန်းအစိုးရအား ဖေဖော်ဝါရီ လ၂၁ ရက်တွင်သတိပေးထားသည်။
Ref: Ivt
Source: Myawady Web Portal