ဘရပ်ဆဲလ်မြို့အခြေစိုက် အီးယူဆိုင်ရာ အာဆီယံ သံအမတ်ကြီးများနှင့် ပင်လယ်ကွေ့နိုင်ငံ သံအမတ်ကြီးများအကြား အလုပ်သဘော နေ့လယ်စာ စားပွဲ ကျင်းပ

News Image

  • ဘရပ်ဆဲလ်မြို့အခြေစိုက် အီးယူဆိုင်ရာ အာဆီယံ သံအမတ်ကြီးများနှင့် ပင်လယ်ကွေ့နိုင်ငံ သံအမတ်ကြီးများအကြား အလုပ်သဘော နေ့လယ်စာ စားပွဲ ကျင်းပ

ဘရပ်ဆဲလ်မြို့အခြေစိုက် အီးယူဆိုင်ရာ အာဆီယံသံအမတ်ကြီးများ ပါဝင်သည့် အာဆီယံ-ဘရပ်ဆဲလ် ကော်မတီ (ASEAN Brussels Committee - ABC) နှင့် ပင်လယ်ကွေ့ ပူးပေါင်းဆောင်ရွက်ရေးကောင်စီ (Gulf Cooperation Council - GCC) အဖွဲ့ဝင်နိုင်ငံများမှ သံအမတ်ကြီး များအကြား အလုပ်သဘော နေ့လယ်စာစားပွဲကို ဖေဖော်ဝါရီ ၁၉ ရက်တွင် ABC ၏ အလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ဖိလစ်ပိုင်သံရုံးနှင့် မြန်မာသံရုံးတို့က ဘရပ်ဆဲလ်မြို့၌ ပူးပေါင်းစီစဉ် ကျင်းပခဲ့ကြသည်။ 

အဆိုပါအလုပ်သဘော နေ့လယ်စာစားပွဲတွင် အာဆီယံနှင့် GCC သံအမတ်ကြီးများသည် ၂၀၂၃ ခုနှစ်၊ အောက်တိုဘာလက ကျင်းပခဲ့သော အာဆီယံ- GCC ထိပ်သီးအစည်းအဝေးမှ ဒေသ နှစ်ခုအကြား ပူးပေါင်း ဆောင်ရွက်ရေးမူဘောင် (၂၀၂၄-၂၀၂၈) ထွက်ပေါ်ခဲ့ပါကြောင်း၊ အဆိုပါ မူဘောင်တွင် ဒေသနှစ်ခုအကြား စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနှင့် ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု (people-to-people ties) အား မြှင့်တင်ဆောင်ရွက်ရေးကို မီးမောင်းထိုးပြနိုင်ခဲ့ကြောင်း၊ ယခုနှစ်အတွင်း အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် မလေးရှားနိုင်ငံ၌ အာဆီယံ- GCC- တရုတ် ထိပ်သီးအစည်းအဝေးကိုလည်း ကျင်းပသွားမည်ဖြစ်ကြောင်း၊ GCC အဖွဲ့ဝင်နိုင်ငံများသည် အာဆီယံနိုင်ငံများ၌ အိမ်ခြံမြေ၊ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း၊ ဝန်ဆောင်မှုနှင့် ငွေရေးကြေးရေးကဏ္ဍတို့တွင် ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်လျက်ရှိပါကြောင်း၊ သို့ဖြစ်ရာ ယခုကဲ့သို့ ဘရပ်ဆဲလ် မြို့ရှိ အာဆီယံနှင့် GCC သံအမတ်ကြီးများ တွေ့ဆုံခြင်းသည် ဒေသ နှစ်ရပ်စလုံးနှင့် မိတ်ဖက်ဖြစ်လျက်ရှိသော အီးယူ စသည့် မိတ်ဖက်များနှင့် ဆက်ဆံရေး၌ ကြုံတွေ့နေရသည့် ဘုံစိန်ခေါ်မှုများနှင့် ပတ်သက်ပြီး အပြန်အလှန် ဆွေးနွေးဖလှယ်မှုပြုနိုင်ကာ ဘုံအကျိုးစီးပွား နယ်ပယ်များတွင် ပူးပေါင်းဆောင်ရွက်မှုပြုနိုင်မည့် အလားအလာများကို ရှာဖွေနိုင်ရေး ယန္တရားတစ်ရပ်ဖြစ်လာရန် မျှော်လင့်ပါကြောင်း၊ ဘရပ်ဆဲလ်မြို့ ရှိ အာဆီယံနှင့် GCC တို့၏ လှုပ်ရှားမှုများတွင် အပြန်အလှန် ပူးပေါင်း ပါဝင်သွားကြရန်လည်း မျှော်လင့်ပါကြောင်း စသည်ဖြင့် ဆွေးနွေးပြောကြားခဲ့ကြကြောင်း သိရသည်။

ကိုးကား-Myanmar National Post