မှားယွင်းသည့်ရုပ်အလောင်းကို အစ္စရေးဘက် လွှဲပြောင်းပေးခဲ့ကြောင်း သံသယရှိသည့်ကိစ္စကို စုံစမ်းစစ်ဆေးနေကြောင်း ဟားမက်အဖွဲ့ဆို
ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဟားမက်အဖွဲ့မှ လွှဲပြောင်းပေးခဲ့သည့် ဓားစာခံ ရုပ်အလောင်းများအနက် ရုပ်အလောင်းတစ်ခုသည် ဓားစာခံ မဟုတ်ကြောင်း အစ္စရေးက ပြောဆိုခဲ့ပြီးနောက် ဖြစ်နိုင်ခြေရှိသော အမှားအယွင်းနှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးနေကြောင်း ဟားမက်အဖွဲ့ က ပြောသည်။
ဇန်နဝါရီ ၁၉ ရက်နေ့တွင် စတင်အသက်ဝင်ခဲ့သည့် သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့် ဟားမက်က လွှတ်ပေးရန်သဘောတူထားသည့် ဓားစာခံ ၃၃ ဦးအနက် ၁၉ ဦးကို လွှတ်ပေးခဲ့ပြီး ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဓားစာခံ ရုပ်အလောင်း ၄ ခုကိုလည်း လွှဲပြောင်းပေးအပ်ခဲ့သည်။
သို့သော် ရုပ်အလောင်းတစ်ခုသည် ဓားစာခံမဟုတ်ကြောင်း အစ္စရေးက ပြောကြားခဲ့ပြီး အပစ်အခတ်ရပ်စဲရေးစာချုပ်ကို “အပြင်းထန်ဆုံး ချိုးဖောက်မှု” ဖြစ်သည်ဟု ဟားမက်ကို စွပ်စွဲခဲ့ပါသည်။
ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည့် ကြေညာချက်တစ်စောင်၌ ဟားမက်က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် တစ်နေရာ တည်း၌ရှိနေခဲ့ကြသော ဓားစာခံများနှင့် ပါလက်စတိုင်းများ၏ ရုပ်အလောင်း များ ရောထွေးသွားမှု ဖြစ်နိုင်ခဲ့သည်ဟု ဆိုထားပါသည်။
ဟားမက်က ၎င်းတို့၏တာဝန်များကို အပြည့်အဝကတိပြုထားပြီး မည်သည့်ရုပ်အလောင်းကိုမျှ သိမ်းထားရန် စိတ်မဝင်စားကြောင်းလည်း ပြောကြားခဲ့ပါသည်။
သီတင်း ၆ ပတ်ကြာ အပစ်အခတ်ရပ်စဲရေးသည် မတ်လ ၁ ရက်နေ့တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကာ သဘောတူညီချက်ပါ လိုအပ်ချက်များကို အကောင်အထည်ဖော်မှု ရှေ့ဆက်တိုးရန်လိုအပ်ကြောင်း ဟားမက်အဖွဲ့ က အလေးပေးပြောကြားခဲ့ပြီး အမြဲတမ်းအပစ်အခတ်ရပ်စဲရေးအတွက် ဆွေးနွေးပွဲများကျင်းပရန် ဆန္ဒရှိကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါသည်။
ကိုးကား-NHK World