“ပြီးခဲ့သည့် အပတ်က ဘာတွေလုပ်သလဲ” တင်ပြရန် အီလွန်မက်၏ အမိန့်အပေါ် လိုက်နာစရာမလိုကြောင်း ဌာနအချို့က ဝန်ထမ်းများကို ပြန်ပြော

News Image

  • “ပြီးခဲ့သည့် အပတ်က ဘာတွေလုပ်သလဲ” တင်ပြရန် အီလွန်မက်၏ အမိန့်အပေါ် လိုက်နာစရာမလိုကြောင်း ဌာနအချို့က ဝန်ထမ်းများကို ပြန်ပြော

ဒေါ်နယ်ထရမ့်၏ အကြံပေး အီလွန်မက်က အစိုးရဝန်ထမ်းအင်အား လျှော့ချနိုင်ရေးအတွက် “ပြီးခဲ့သည့်အပတ်က ဘာတွေလုပ်သလဲ တင်ပြနိုင်ခြင်းမရှိပါက ရာထူးမှ အပြုတ်ပဲ” ဟု ဖေဖော်ဝါရီ ၂၂ ရက်(စနေနေ့) ညနေပိုင်းက အမိန့်ထုတ်ပြန်ခဲ့ပါသည်။ 

ထိုအမိန့်မှာ သမ္မတဒေါ်နယ်ထရမ့်၏ ခွင့်ပြုချက်နှင့်အညီ အစိုးရဝန်ထမ်း အင်အားလျှော့ချရေး လုပ်ဆောင်နေခြင်းဖြစ်ရာ ယခုအခါ ဒေါ်နယ်ထရမ့် ခန့်အပ်ထားသည့် FBI နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မိမိတို့ဝန်ထမ်းများအနေဖြင့် မိမိတို့ဌာနတွင်း စီမံခန့်ခွဲသူ အဆင့်ဆင့်၏ ပြင်ပက အမိန့်ညွှန်ကြားချက်ကို လိုက်နာတုံ့ပြန်စရာ မလိုကြောင်း အီးမေးလ် ထပ်ပို့ပြန်ပါသည်။

FBI ညွှန်ကြားရေးမှူး Kash Patel က FBI အနေဖြင့် ပြန်လည် သုံးသပ်ခြင်းလုပ်ငန်းစဉ်အားလုံးကို ညွှန်ကြားရေးမှူးရုံးကသာ ကြီးကြပ် တာဝန်ခံသွားမည်ဖြစ်ကြောင်း ဝန်ထမ်းများထံ အီးမေးလ် ပေးပို့ထားပါသည်။

အလားတူ ကာကွယ်ရေး၊ ပြည်ထဲရေး၊ ပညာရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် အလုပ်သမားဝန်ကြီးဌာနတို့အပြင် ဖက်ဒရယ်အာမခံလုပ်ငန်းဌာန၊ အမျိုးသားကျန်းမာရေးဌာနတို့ကလည်း မိမိဆောင်ရွက်ချက်ကို ပြင်ပကို တင်ပြစရာမလိုကြောင်း အီးမေးလ်ဖြင့် ညွှန်ကြားထားကြသည်။ ထိုနည်းတူစွာ ထောက်လှမ်းရေးဌာနကလည်း မိမိဝန်ထမ်းများအနေဖြင့် တုံ့ပြန်တင်ပြစရာမလိုဟု ပြောကြားထားကြသည်။ 

၎င်းမှာ အမေရိကန်အစိုးရအနေဖြင့် ဝန်ထမ်း ၂.၃ သန်းလျှော့ချရေးအတွက် လုပ်ဆောင်နေသည့် အီလွန်မက်၏ အစီအစဉ်မှာ အစိုးရအဖွဲ့အတွင်း ပွတ်တိုက်မှုရှိနေသည်ကို ပြသနေပါသည်။

အီလွန်မက်ဦးဆောင်သော DOGE ဌာနသည် အစိုးရဝန်ထမ်း ၂၀,၀၀၀ ကျော်ကို အလုပ်ဖြုတ်လိုက်ပြီဖြစ်ပြီး နောက်ထပ် ၇၅,၀၀၀ ကိုလည်း အလုပ်ဖြုတ်ရန် စီစဉ်လျက်ရှိကြောင်း သိရပါသည်။ 

ကိုးကား- Reuters

ဘာသာပြန်ဆိုသူ-ဦးကျော်ဇေယျ၊ ဒုတိယညွှန်ကြားရေးမှူး၊ နစက-၃