ရုရှားအပေါ် အကြီးမားဆုံးသော ဒဏ်ခတ်ပိတ်ဆို့မှုတစ်ရပ် ချမှတ်ရန် ဗြိတိန်စီစဉ်
ယူကရိန်းပဋိပက္ခ ၃ နှစ်ပြည့်အကြိုအနေဖြင့် ရုရှားနိုင်ငံအပေါ် အကြီးမားဆုံးသော ဒဏ်ခတ်ပိတ်ဆို့မှုတစ်ရပ်ကို ချမှတ်လုပ်ဆောင်သွားရန် ပြင်ဆင်လျက်ရှိကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး David Lammy က ထုတ်ဖော် ပြောကြားခဲ့ပါသည်။
ယခုအချိန်သည် ရုရှားနိုင်ငံအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ထပ်တိုးလုပ်ဆောင်ရမည့်ကာလ ဖြစ်ကြောင်း၊ ယူကရိန်းကို ဖြိုဖျက်ရန်အတွက်အသုံးပြုသည့် ရုရှား၏ စစ်လက်နက်ပစ္စည်းများအား လျော့နည်းစေရန်နှင့် ဘဏ္ဍာရေးဆိုင်ရာ အထောက်အပံ့များအား ထိခိုက်စေရန်ရည်ရွယ်၍ ယူကရိန်းစစ်ပွဲကာလတစ်လျှောက် ရုရှားနိုင်ငံအပေါ် ချမှတ်ခဲ့သည့် ဒဏ်ခတ်ပိတ်ဆို့မှုများအနက် အကြီးမားဆုံးဖြစ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုအစီအစဉ်သစ်တစ်ရပ်ကို ဖေဖော်ဝါရီ ၂၅ ရက်နေ့တွင် ထုတ်ပြန်ကြေညာရန် စီစဉ်ထားရှိကြောင်း၊ ဤသည်မှာ ယူကရိန်းအတွက် အရေးကြီးသည့် လုပ်ဆောင်ချက် တစ်ရပ်ပင်ဖြစ်ကြောင်း၊ ယူကရိန်းအတွက် တစ်နှစ်လျှင် ယူရို ၃ ဘီလီယံ(အမေရိကန်ဒေါ်လာ ၃.၇၈ ဘီလီယံ)တန်ဖိုးရှိ စစ်ရေးဆိုင်ရာ အကူအညီများပေးအပ်မည့် ဗြိတိန်၏ ကတိကဝတ်ကိုလည်း ဆက်လက် ဖော်ဆောင်သွားမည်ဖြစ်ကြောင်း၊ လိုအပ်ပါက ယူကရိန်းသို့ ငြိမ်းချမ်းရေးထိန်းသိမ်းမှု အစီအစဉ်အရ တပ်ဖွဲ့များ စေလွှတ်သွားရန် လည်း အဆင်သင့်ရှိကြောင်း Lammy က ထပ်လောင်း ပြောကြားခဲ့ပါသည်။
ဗြိတိန်နိုင်ငံအနေဖြင့် ယူကရိန်းစစ်ပွဲစတင်သည့် ၂၀၂၂ မှစတင်၍ ရုရှားနိုင်ငံအပေါ် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၁၉၀၀ အပါအဝင် အရေးပါသည့် စက်မှုလုပ်ငန်းများနှင့် စွမ်းအင်တင်ပို့မှုများအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်လုပ်ဆောင်နိုင်ခဲ့ကြောင်း RT သတင်းဌာနက ရေးသားဖော်ပြထားပါသည်။
ကိုးကား-RT
ဘာသာပြန်ဆိုသူ- ဦးထက်ထက်အောင်(နစက-၄)