အင်္ဂလန်နိုင်ငံတွင် မိုးရွာသွန်းမှုမြင့်တက်ပြီး ဆိုးရွားသောရေဘေးဖြင့် ရင်ဆိုင်ရဖွယ်ရှိနေ
လန်ဒန် မတ် ၁၀
အင်္ဂလန်နိုင်ငံတွင် ရာသီဥတုဖောက်ပြန်မှုများကြောင့် မိုးရွာသွန်းမှုနှုန်း မြင့်တက်လျက်ရှိပြီး အနာဂတ်တွင်လည်း ဆိုးရွားသော ရေဘေးအန္တရာယ်ဖြင့် ရင်ဆိုင်ရဖွယ်ရှိနေကြောင်း အင်္ဂလန်သဘာဝပတ်ဝန်းကျင် အေဂျင်စီ (EA) ကသုတေသနရလဒ်များနှင့်တကွ ထုတ်ပြန်ခဲ့သည်ဟု ယနေ့သတင်းများတွင် ဖော်ပြထားသည်။
လက်ရှိတွင် အင်္ဂလန်နိုင်ငံအတွင်း အခြေခံအဆောက်အအုံထက်ဝက်ခန့်မှာ ရေဘေးအန္တရာယ်ဖြင့် ရင်ဆိုင်ရမည့်အခြေအနေဖြစ်ပြီး ၂၀၅၀ ပြည့်နှစ်အရောက်တွင် အခြေခံ အဆောက်အအုံရှစ်သန့်ခန့်ထိ ရေနစ်မြုပ်သွားဖွယ်ရှိနေကြောင်း၊ ရေလွှမ်းမိုးမှုဖြင့် အဓိက ရင်ဆိုင်ရဖွယ်ရှိနေသည့် ဧရိယာများမှာ စိုက်ပျိုးမြေများဖြစ်ပြီး လက်ရှိ စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် စိုက်ပျိုးမြေအများစုမှာ ၂၀၅၀ ပြုည့်နှစ်အရောက်တွင် ရေအောက် ရောက်သွားကာ စိုက်ပျိုးမှုများ ပြုလုပ်နိုင်ဖွယ်မရှိတော့ကြောင်း၊ ၂၀၅၀ ပြည့်နှစ် အရောက်တွင် ရေအောက်ရောက်ဖွယ်ရှိနေသည့် စိုက်ပျိုးမြေပမာဏမှာ ဧက ၂ ဒသမ ၈ သန်းခန့်ရှိပြီး ၎င်းပမာဏသည် အင်္ဂလန်နိုင်ငံ တစ်နိုင်ငံလုံးရှိ စိုက်ပျိုးမြေပမာဏ၏ ၁၃ ရာခိုင်နှုန်းထိရှိနေကြောင်း EA က သုံးသပ်ထုတ်ပြန်ခဲ့သည်။
ရေအောက်ရောက်ဖွယ်ရှိနေသည့် အခြေခံအဆောက်အအုံပမာဏ၏ ၃၈ ရာခိုင်နှုန်းမှာ ဆက်သွယ်သွားလာရေးလမ်းများဖြစ်ပြီး မော်တော်ကားလမ်းများနှင့် မီးရထားလမ်းများဖြစ်ကြောင်း EA ကထုတ်ပြန်ခဲ့သည်။
Source: ရတနာပုံသတင်းစာ