USAID ၏ အကြီးတန်းအရာရှိတစ်ဦးက လျှို့ဝှက်စာရွက်စာတမ်းများကို ဖျက်ဆီးရန် ညွှန်ကြားခဲ့သည်ဟု သတင်းထွက်

News Image

  • USAID ၏ အကြီးတန်းအရာရှိတစ်ဦးက လျှို့ဝှက်စာရွက်စာတမ်းများကို ဖျက်ဆီးရန် ညွှန်ကြားခဲ့သည်ဟု သတင်းထွက်

Politico သတင်းဌာန၏ ဖော်ပြချက်အရ အမေရိကန်ပြည်ထောင်စု၏ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့ (USAID) မှ အကြီးတန်းအရာရှိ တစ်ဦးက ကျန်ရှိနေသော ဝန်ထမ်းများအား အဖွဲ့၏ယခင်ဌာနချုပ်ဟောင်းတွင် သိမ်းဆည်းထားသည့် လျှို့ဝှက်စာရွက်စာတမ်းများကို ဖျက်ဆီးရန် ညွှန်ကြားခဲ့သည်ဟုဆိုသည်။ ထိုညွှန်ကြားချက်ကို USAID အတွင်း ပေးပို့ ခဲ့သည့် အီးမေးလ်တစ်စောင်ကို ကိုးကား၍ ဖော်ပြခဲ့ခြင်းဖြစ်သည်။

သမ္မတ Donald Trump နှင့် မကြာသေးမီက တည်ထောင်ခဲ့သည့် အစိုးရစွမ်းဆောင်ရည်မြှင့်တင်ရေးဌာန (DOGE) ၏ ခေါင်းဆောင် Elon Musk တို့က USAID အား အခွန်ထမ်းများ၏ငွေကြေးကို အလွဲသုံးစား ပြုခြင်းနှင့် ခြစားမှုများကို အားပေးခြင်းများ လုပ်ဆောင်ခဲ့ကြသည်ဟု မကြာခဏစွပ်စွဲခဲ့ကြသည်။ ဖက်ဒရယ်အစိုးရ၏ ငွေကြေးသုံးစွဲမှုကို လျှော့ချရန် ကြိုးပမ်းမှုများ၏ တစ်စိတ်တစ်ပိုင်းအဖြစ် USAID အနေဖြင့် ဝန်ထမ်း ၂,၀၀၀ ကို အလုပ်ထုတ်ခဲ့ရပြီး ကျန်ရှိနေသော ဝန်ထမ်း အများစု ကို ခေတ္တအနားပေးခဲ့ရသည်။

USAID ၏ ယာယီအမှုဆောင်အတွင်းရေးမှူး Erica Carr က ကျန်ရှိ နေသော ဝန်ထမ်းများအား မတ်လ ၁၁ ရက်နေ့က Ronald Reagan အဆောက်အဦရှိ လျှို့ဝှက်စာရွက်စာတမ်းများနှင့် ဝန်ထမ်းမှတ်တမ်းများကို ရှင်းလင်းရန် တစ်ရက်အတွင်း ကြိုးပမ်းဆောင်ရွက်ရန် ညွှန်ကြားခဲ့သည်ဟု သိရသည်။ သူမက ဝန်ထမ်းများအား စာရွက်စာတမ်းများကို စက်ဖြင့် ဖြတ်ဖျက်ခြင်းကို ဦးစားပေးပြုလုပ်ရန်နှင့် မီးရှို့ဖျက်ဆီးသည့် အိတ်များကို ချွေတာစွာ အသုံးပြုရန်အကြံပြုခဲ့သည်။

ကိုးကား-RT

ဘာသာပြန်ဆိုသူ- ဦးဝင်းဇော်ထွန်း၊ ဒုတိယညွှန်ကြားရေးမှူး၊နစက-၂