Maxar Technologies က ယူကရိန်းအား ဂြိုဟ်တုပုံရိပ်ဖမ်းယူရေး ဝန်ဆောင်မှုများ ရယူအသုံးပြုနေခြင်းကို ရပ်ဆိုင်း

News Image

  • Maxar Technologies က ယူကရိန်းအား ဂြိုဟ်တုပုံရိပ်ဖမ်းယူရေး ဝန်ဆောင်မှုများ ရယူအသုံးပြုနေခြင်းကို ရပ်ဆိုင်း

အမေရိကန်ဂြိုဟ်တုပုံရိပ် ဖမ်းယူရေးကုမ္ပဏီ Maxar Technologies သည် ယူကရိန်းနိုင်ငံအား ၎င်းကုမ္ပဏီ၏ ဝန်ဆောင်မှုများ ရယူအသုံးပြုနေခြင်းကို ရပ်ဆိုင်းလိုက်ပြီဖြစ်သည်။

Maxar Technologies ၏အဆိုပါ လုပ်ဆောင်ချက်သည် အမေရိကန်အစိုးရက ယူကရိန်းအပေါ် ပေးအပ်နေသည့် စစ်ရေး အကူအညီများနှင့် ထောက်လှမ်းရေး အချက်အလက်ဖလှယ်မှုအား ပြီးခဲ့သည့် ရက်သတ္တနှစ်ပတ်အတွင်းက ရပ်ဆိုင်းလိုက်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။

Maxar Technologies ကုမ္ပဏီ၏ အဆိုပါ လုပ်ဆောင်ချက်အရ ယူကရိန်းနိုင်ငံအနေဖြင့် အမေရိကန်ဂြိုဟ်တုစနစ်မှ ထောက်လှမ်းရေး အချက်အလက်များကို ရယူအသုံးပြု၍ စစ်ဆင်ရေးများ၌ အသုံးချနိုင်မည်မဟုတ်ပေ။

Maxar Technologies ကုမ္ပဏီသည် ယူကရိန်း တပ်မတော်အတွက် ဂြိုဟ်တုမှတစ်ဆင့် ဖမ်းယူရရှိသည့် မြင်ကွင်းရှင်းပုံရိပ်များကို ထောက်ပံ့ပေးနေသည့် ကုမ္ပဏီတစ်ခုဖြစ်သည်။ ယူကရိန်း တပ်မတော်သည် အဆိုပါကုမ္ပဏီမှ ပေးပို့သည့် အချက်အလက်များအပေါ် အခြေခံ၍ ရုရှားတပ်ဖွဲ့ဝင်များ၏  လှုပ်ရှားမှုများကို ခြေရာခံကာ စစ်မြေပြင် အခြေအနေနှင့် အခြေခံအဆောက်အဦများ၏ ပျက်စီးမှုစသည်တို့ကို ကြည့်ရှုထောက်လှမ်းနေခြင်းဖြစ်သည်။

သို့ရာတွင် အဆိုပါ ဝန်ဆောင်မှုများကို ကန့်သတ်ခြင်းရှိ၊မရှိအား Maxar Technologies ကုမ္ပဏီက အတိအကျထုတ်ပြန်ထားခြင်း မရှိသေးပေ။

ယူကရိန်းနိုင်ငံသို့ ပေးအပ်နေသည့် စစ်ရေးအကူအညီများကို အမေရိကန်က ရပ်ဆိုင်းလိုက်ခြင်းအပေါ် ရုရှားနိုင်ငံက ကြိုဆိုထားပြီး ယင်းလုပ်ဆောင်ချက်သည် ယူကရိန်းအစိုးရအား လက်နက်ကိုင်ပဋိပက္ခကို ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေးအတွက် အားပေးအားမြှောက်ပြုနိုင်မည်ဟု ရုရှား အစိုးရက ပြောကြားထားသည်။

Source: https://myawady.net.mm/