ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ အမေရိကန်အစိုးရ၏ ပြောဆိုမှုက အားတက်ဖွယ်ဖြစ်ဟု လက်ရော့ပြော
ယူကရိန်းအရေးနှင့်စပ်လျဉ်း၍ အမေရိကန်အစိုးရ၏ ပြောဆိုမှုသည် အားတက်ဖွယ်ဖြစ်သည်ဟု ရုရှားနိုင်ငံခြားရေး ဝန်ကြီး ဆာဂျီလက်ရော့က မတ်လ ၁၀ ရက်တွင် ပြောကြားလိုက်ကြောင်း သိရသည်။
NATO အဖွဲ့၏ အင်အားဖြန့်ကြက်မှုသည် ယူကရိန်းပဋိပက္ခကို စတင်စေခဲ့သည့် အဓိက အကြောင်းရင်းဖြစ်ကြောင်းကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အသိအမှတ်ပြုခြင်းနှင့် အမေရိကန် ကိုယ်စားလှယ်အဖွဲ့နှင့် ရုရှားတို့ကြား ဆွေးနွေးမှုများသည် အားတက်ဖွယ်များပင်ဖြစ်သည်ဟု လက်ရော့က ရုရှားမဂ္ဂဇင်းကြီးတစ်ခုနှင့် ပြုလုပ်သည့် တွေ့ဆုံမေးမြန်းခန်း တစ်ခုတွင် ပြောကြားခြင်းဖြစ်သည်။
ထို့ပြင် ရုရှားအစိုးရအနေဖြင့် နိုင်ငံများကြားပြုလုပ်မည့် စေ့စပ်ဆွေးနွေးမှုများကို ထောက်ခံလျက်ရှိသည်ဟု ၎င်းက အမေရိကန်နှင့် ယူကရိန်းနိုင်ငံတို့ကြား ပြုလုပ်သည့် စေ့စပ်ဆွေးနွေးမှု ကို ကိုးကား၍ ဆက်လက်ပြောကြားထားသည်။
လက်ရှိတွင် ယူကရိန်းအရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးမှုများကို အဆုံးသတ်နိုင်ရေးအတွက် လိုအပ်နေသေးသော်လည်း ထရမ့်အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များနှင့်ဆွေးနွေးမှုများသည် ယေဘုယျအားဖြင့် ယူကရိန်းအရေးကို အဆုံးသတ်နိုင်ရေးအတွက် အထောက်အကူပြုလျက် ရှိသည်ဟု လက်ရော့က ဆက်လက်ပြောကြားခဲ့ကြောင်း သိရသည်။
Source: https://myawady.net.mm/